Sunday, August 31, 2008

မုန်တိုင်းချင်းတော့ မတူပါလေ

.
ဒီကနေ့မနက် (သြဂုတ် -၃၁၊ ၂၀၀၈) သတင်းက လေမုန်တိုင်းအကြောင်းကို ပြောနေတယ်။ တနာရီကို မိုင်နှုန်း ဘယ်လောက်နဲ့တိုက်မယ်။ ဘယ်အချိန်၊ ဘယ်နေ့မှာ မုန်တိုင်း စတင်မယ်။ ဘယ်နေရာကို မုန်တိုင်းဝင်မယ်ဆို တာတွေ အရေးတကြီး ထုတ်လွှင့်ပေးနေတယ်။ မုန်တိုင်းဝင်မဲ့သီတင်းကို ကြိုသိနေတယ်။ သိတဲ့အတိုင်းပဲ ပြည် သူလူထုထံမှောက်သို့ ပြင်ဆင်ခွင့် ရှောင်ရှားခွင့်တွေ ရအောင် ကြေငြာပေးနေတယ်။
.
မကြာသေးမီ ရက်ပိုင်းအတွင်းက ဟာရီကိန်းခေါ်တဲ့ ဒီမုန်တိုင်းဟာ ကျူဘားနိုင်ငံအတွင်းကို ၀င်သွားခဲ့တယ်။ လူ ပေါင်း (၈၀) အသက်ဆုံးရှုံးခဲ့ရတယ်။ အိုးမဲ့အိမ်မဲ့တွေ အတော်များခဲ့တယ်။ ထိခိုက်ဒဏ်ရာရမှုတွေ များစွာရှိခဲ့ပါ တယ်။ ကယ်ဆယ်ရေးတွေ အချိန်မီ ရောက်သွားတယ်။ ဒုက္ခရောက်သူတွေကို ထိထိရောက်ရောက် ကူညီပေး နိုင်ခဲ့တယ်။ ကျူဘားနိုင်ငံတွင်း ၀င်ရောက်ခဲ့တဲ့ ဒီမုန်တိုင်းဟာ အမေရိကန်နိုင်ငံတောင်ပိုင်း ပြည်နယ်များဆီသို့ ဦးလှည့်လာပြီဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောပြထားတယ်။
.
တောင်ပိုင်းပြည်နယ်တွေထဲက ဖလော်ရီဒါနဲ့ လူဝီစီယားနားပြည်နယ် တခုခုသို့ မုန်တိုင်းဝင်မှာဖြစ်ကြောင်း သိရ ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က အမှတ်မထင် ၀င်ရောက်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် လူဝီစီယားနားပြည်နယ်ထဲက နယူးအော်လန်ဆိုတဲ့ ရှေးဟောင်းမြို့လေး ရေအလွှမ်းခံခဲ့ရဖူးတယ်။ များစွာပျက်စီးခဲ့ဖူးတယ်။ သမ္မတရဲ့ပေါ့ရော့မှု အဖြစ် အပြစ်တင်ခံခဲ့ရတယ်။ အခုတဖန် ဒီမုန်တိုင်းပြန်လာပြန်တော့ ဒီနယ်မြေက ပြည်သူလူထုအားလုံး ပြောင်း ဖို့ကိုပဲ သမ္မတ ဘုရှ်က ကြိုတင်အကြံပြုခဲ့တယ်။ ဒေသအစွဲ နေရာအစွဲတွေကြောင့် မပြောင်းဘဲ အသေခံချင်သူ တွေကိုတောင် လက်မခံဘူး။ ပြောင်းဖို့ကိုပဲ အတင်းအကြပ် တိုက်တွန်းပြီး ဘေးလွတ်ရာကို ရွှေ့ပေးခဲ့တယ်။ နောက်ဆုံးမှာတော့ သူတို့အိမ်ကလေးတွေကို လွမ်းဆွတ်စွာနဲ့ သော့ခတ်၊ တံခါးပိတ်ပြီး ထွက်ခွာခဲ့ကြတယ်။
.
မနက်ဖန်က အမေရိကမှာ အလုပ်သမားနေ့၊ ပိတ်ရက်မှာ ပျော်ကြရမဲ့အစား အသက်ဘေးမို့ အားလုံးအပြေးအ လွှား ရှောင်ရှားခဲ့ကြတယ်။ ဒီနေ့တနေ့လုံး ကားတွေနဲ့ရွှေ့ပြောင်းနေတာ မပြီးသေးဘူးလေ။ မနက်ဖန်နံနက်စော စောမှာ အငိုက်ဖမ်းဝင်ရောက်လာမဲ့ မုန်တိုင်းကို အမီရှောင်ဖို့ လိုတယ် မဟုတ်လား။ မုန်တိုင်းတိုက်ခတ်နှုန်းက တနာရီကို မိုင် ၁၂၀ မှ ၁၈၀ အတွင်းတဲ့ဗျား။ နာဂစ်နဲ့တောင် သာသွားပြီ။ သဘာဝဘေးဒဏ်ဆိုတာ တော်လှန် လို့ မရစကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့လည်း အခုလိုကြိုတင်သိသူက ပြောထားရင် ကြိုတင်ရှောင်ခွင့်ရတာပေါ့။ အ သက်အန္တရာယ် ကင်းလွတ်ခွင့်ရတာပေါ့။ ဘယ်လောက်ကောင်းသလဲဗျာ။
.
အမေရိကန်ပြည်မှာ အစိုးရကိုယ်တိုင်က လူထုရဲ့ပြဿနာကို ကိုယ်တိုင်ပဲ ကိုင်တွယ်ဖြေရှင်းပေးတယ်။ ကျန်းမာ ရေး၊ လူမှုရေး၊ အသက်ကယ်တင်ရေးတွေအတွက် အခုကတည်းက ပြင်ဆင်ထားကြပြီ။ လူထုတင်ထားတဲ့ပြည် နယ် အစိုးရ၊ လူထုတင်ထားတဲ့ နိုင်ငံတော်အစိုးရတွေဟာ လူထုဘက်က ထာဝရရပ်တည်ပေးဖို့အဆင်သင့်ပါပဲ။ လူအခွင့်အရေး အပြည့်ရှိတဲ့ တိုင်းပြည်ကလူတွေရဲ့ သာရေးနာရေးဟာ လူ့အခွင့်အရေးလုံးဝမရှိတဲ့ တိုင်းပြည်က လူတွေရဲ့ သာရေးနာရေးနဲ့ အလွန်ကွားခြားနေတယ်။ ဒီကွာခြားမှုတွေကို ဘယ်သူက ဖန်တီးတာလဲ။ ပြည်သူ တွေကပဲ ဖန်တီးထားတာဖြစ်ပါတယ်။ တိုင်းပြည်တိုင်းမှာ ပြည်သူလူထုဟာ သူ့တိုင်းပြည်ရဲ့ အရေးကိစ္စအားလုံး ကို သူတို့ကိုယ်တိုင်ပဲ ရင်ဆိုင်ဖန်တီးကြရပါတယ်။ ဒါက သဘာဝပါ။
.
မြန်မာပြည်က နာဂစ်၊ ဒါဟာ အလွန်အားကောင်းတဲ့ မုန်တိုင်းတခုပါ။ မုန်တိုင်းရဲ့နောက်ကွယ်မှာ အသက်ပေါင်း များစွာ စတေးခံခဲ့ရတယ်။ လူပေါင်းများစွာ တိရိစ္ဆာန်တွေလို ရေပေါ်မှာ ပေါလောမျောပါပြီး ရင်နင့်ဖွယ် သေဆုံး ခဲ့ရတယ်။ ဒီမုန်တိုင်းဒဏ်တွေကြောင့် ဘ၀ပျောက်သွားကြတယ်။ အိုးမဲ့အိမ်မဲ့ ခိုကိုးရာမဲ့မဲ့တွေ ဒုနဲ့ဒေးပေါ့။ စစ် အာဏာရှင်တွေက ဒါကို ဥပေက္ခာပြုခဲ့ကြတယ်။ ရေနစ်သူကို ပိုနစ်အောင် ၀ါးကူထိုးခဲ့ကြတယ်။ မြေနိမ့်ရာ လှံစို က်သဘောနဲ့ အားငယ်နိမ့်ကျသူတွေကို ပစ်ထားခြင်းဖြင့် အနိုင်ကျင့် အသေသတ်ရက်ခဲ့ကြတယ်။ နူရာဝဲစွဲတဲ့သ ဘောနဲ့ ဒုက္ခရောက်သူတွေရဲ့ ထမင်းလုတ်ကို လူ့ယူစားသုံးရက်ခဲ့ကြတယ်။ တားဆီးပိတ်ပင်ခြင်းတွေနဲ့ ပိုပြီးလို့ ဒုက္ခရောက်အောင် ဒုက္ခအမျိုးမျိုးပေးနိုင်ရက်ခဲ့ကြတယ်။
.
လွန်ခဲ့တဲ့ သုံနှစ်က ပေါ်ခဲ့တဲ့ ဟာရီကိန်းကတော့ ထိုနဲ့ဆန့်ကျင်ဘက်ပါ။ မနက်ဖန်ဖြစ်ပေါ်လာမည့် အလားတူ မုန်တိုင်းတခုဖြစ်တဲ့ ဟာရီကိန်းသည်လဲ နာဂစ်နဲ့ မုန်တိုင်းချင်း တူမည်ဖြစ်သော်လည်း မုန်တိုင်းနောက်ကွယ်က လူသားတွေရဲ့ အခြေအနေချင်း လုံးဝကွားခြားမှာပါ။ မုန်တိုင်းချင်းတော့ မတူပါလေလို့ စာရေးဆရာလေသံနဲ့ ကျ နော် ဟစ်လိုက်ချင်ပါ့ဗျာ ...
.

Read more...

Friday, August 8, 2008

အင်အားကြီးတွေရဲ့ တောင်ပံခတ်သံများကြားဝယ်

.
မထင်မှတ်တဲ့ အကြောင်းအရာတွေ မတူညီတဲ့နေရာဒေသတွေမှာ တချိန်တည်းမှာလိုလို တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာတတ်ကြတယ်။ တမင်သက်သက် တိုက်ဆိုင်အောင် လုပ်ထားတာ မဟုတ်ဘူး။ မထင်မှတ်ဘဲ တိုက်ဆိုင် ပြီး ဖြစ်ခဲ့တာမျိုးပါ။ ဒီလိုဖြစ်ကြတဲ့အရာများမှာ တဖက်က ကြိုတင်ပြင်ဆင် ထားပေမဲ့ အခြားကမ္ဘာတဖက်မှာက အစီအစဉ်မရှိဘဲ ပေါက်ကွဲခဲ့လို့ ဖြစ်ရတာမျိုးပါ။
.
အင်အားကြီးနိုင်ငံကြီးတခုဖြစ်တဲ့ တရုတ်ပြည်မှာ ကမ္ဘာ့အိုလံပစ်ပွဲတော် ကျင်းပနေတယ်။ တရုတ်ပြည်ဟာ ဒီပွဲ ကို ကျင်းပနိုင်ခွင့်ရဖို့ တာစူခဲ့တာ ကြာပြီ။ ပြင်ဆင်ခဲ့တာ ကြာပြီ။ အနှောက်အယှက်တွေ များစွာ ကြားထဲကနေ မဖြစ် ဖြစ်အောင် အပျက်မခံနိုင်ဘဲ ကြိုးစားခဲ့ရတာပါ။ အကယ်၍ ပျက်သွားခဲ့သော် အရင်းနှီးပေါင်း မြောက်များ စွာ သဲထဲရေသွန်သလို ဖြစ်ပြီပေါ့။ အမြတ်အစွန်းများများရအောင်၊ ကမ္ဘာ့အလယ်မှာ နာမည်ကောင်းတွေ ပိုပြီးရ လာအောင် အားကစားပွဲတော်က သူ့တိုင်းပြည်ကို တနည်းတဖုံ အထောက်အကူပေးမယ်လို့ ယူဆထားတယ်။
.
၁၉၆၀-ခုနှစ်များ ၀န်းကျင်က တကမ္ဘာလုံးမှာ ဂျပန်ကထုတ်တဲ့ ပစ္စည်းတွေ လွှမ်းမိုးခဲ့တယ်။ အမေရိကမှာလည်း ဂျပန်ပစ္စည်းတွေ သုံးစွဲကြတယ်။ မျက်မှောက်ကာလမှာ တရုတ်ပစ္စည်းတွေ ကမ္ဘာအနှံ့ ရောက်ရှိနေသလိုအခြေ အနေပါ။ စီးပွားရေးအတက်အကျ သဘာဝတွေမို့ ဂျပန်ပစ္စည်းအသေးစားတွေ ထုတ်လုပ်မှုနည်းသွားတယ်။ အဲ သည်နောက်မှာ အခြားတိုင်းပြည်တွေနဲ့ တရုတ်ပြည်က အစားဝင်ရောက်လာတယ်။ ဒါကို တရုတ်ပြည်က ဂုဏ် ယူလို့ မဆုံးပါဘူး။ ယနေ့ဆိုရင် တကမ္ဘာလုံးမှာ တရုတ်ပစ္စည်းတွေ လွှမ်းမိုးသလောက်ဖြစ်သွားတယ်။ အရေးကြီး တဲ့အချက်က တရုတ်လူထုကြီး အလုပ်အဆင်ပြေပြီး စားဝတ်နေရေးချောင်လည်သွားတာဟာ ၀မ်းသာစရာ အ လွန်ကောင်းပါတယ်။ အစိုးရတွေ မတူညီသော်လည်းဘဲ လူထုဆိုတာတော့ ဘာလူမျိုးရဲ့ လူထုပဲဖြစ်ဖြစ်အတူတူ ပါပဲ။ အစိုးရကောင်းရင် လူထုအတွက် ကောင်းတယ်။ မကောင်းရင်တော့ လူထု အထောင်းခံရပြီပေါ့ဗျာ။
.
ကုန်ထုတ်လုပ်နိုင်မှု ထိပ်ဆုံးရောက်နေတဲ့အခြေအနေမှာ ကမ္ဘာ့အားကစားပွဲတော်ကိုပါ ကျင်းပခွင့်ရသွားတဲ့ တ ရုတ်ပြည်ဟာ အနာဂတ်အတွက် တိုးတက်မှုရောင်ခြည်တွေ တဖြည်းဖြည်းနဲ့ ထွန်းသစ်လာခဲ့ပါပြီ။ စီးပွားရေးအ တွက် မျှော်လင့်ချက်နဲ့လက်ခံသည်ဖြစ်စေ၊ ကျော်ကြားမှုအတွက် ကျင်းပသည်ပဲဖြစ်စေ တရုတ်ပြည်အတွက်မှာ အလွန်ကောင်းကျိုးမင်္ဂလာရှိတဲ့ပွဲလို့ ခံစားမိပါတယ်။ အိုလံပစ်ပွဲတော် ကျင်းပရခြင်းရဲ့ရည်ရွယ်ချက်မှာ ကမ္ဘာ့နိုင် ငံအချင်းချင်း ရင်းနှီးစေဖို့ သာတူညီမျှတဲ့ လူ့အခွင့်အရေးတွေ ရရှိစေဖို့အချက်များ ပါဝင်နေတဲ့အတွက် လူ့အခွင့် အရေး အလွန်နည်းပါးတဲ့ တရုတ်ပြည်မှာ တနည်းအားဖြင့် ဒီမိုကရေစီလမ်းစတွေ ပေါ်လာဖို့အကြောင်းပါ။
.
အိုလံပစ်ပွဲ ကျင်းပပြီး တရုတ်ပြည်ကြီးမှာ မင်္ဂလာယူနေတဲ့အချိန်မှာ အခြားကမ္ဘာမှာတော့ ကမ္ဘာမီးလောင်နေတဲ့ အခြေအနေတခု တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတယ်။ တချိန်က ဆိုဗီယက်ယူနီယံထဲမှာပါတဲ့ ဂျော်ဂျီယာဟာ သီး ခြားခွဲထွက်တဲ့ နိုင်ငံတခုဖြစ်လာပြီး ယနေ့တော့ ထချကုန်ကြပြီ။ ရုရှားနဲ့ ဂျော်ဂျီယာ စစ်ပွဲဖြစ်နေပြီ။ ဂျော်ဂျီယာ က ရေနံတွင်းတွေ ပိုင်ဆိုင်ထားလေတော့ အဝေမမျှတော့ဘူးထင်ပါတယ်။ ကိုယ့်အရေးထက် ဘယ်သူ့အရေး ကိုမျှ မရုမစိုက်နိုင်အားတော့လို့ စစ်ပွဲဖြစ်သည်အထိ ဆိုးရွားသွားတယ်။ အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ တရုတ် ပြည်က အိုလံပစ်ကျင်းပပြီး မင်္ဂလာယူနေချိန်မှာ အခြားအင်အားကြီးနိုင်ငံတခုဖြစ်တဲ့ ရုရှားတို့ကတော့ ခပ်မိုက် မိုက်ပဲ။ ထချပလိုက်တယ်။ အင်အားကြီးနိုင်ငံတွေရဲ့ တောင်ပံခတ်သံတွေက အရှိန်ပြင်းတယ်။ ကြောက်စရာလဲ ကောင်းပါတယ်။ တခါတရံ အမေရိကလည်း ဒီလိုလုပ်တတ်တယ်။ ဒါပေမဲ့ အမေရိကမှာက လွတ်လပ်မှုတွေ လူ့အခွင့်အရေးတွေ ဆွေးနွေးမှုတွေ အားလုံးကို ဖြတ်ကျော်ပြီးကာမှ လုပ်တာဆိုတော့ တော်သေးတယ်။
.
တရုတ်နဲ့ ရုရှား၊ အင်အားကြီးတိုင်းပြည်နှစ်ခုဟာ မြန်မာနအဖစစ်အစိုးရရဲ့ ဆရာကြီးတွေပါ။ ဆရာကြီးဖြစ်တဲ့ မ ဟာ အင်အားကြီးနှစ်နိုင်ငံရဲ့ သာရေး၊ နာရေးပြဿနာတွေ ကြည့်ပြီး တပည့်ကြီး နအဖတော့ ပျာယာခတ်နေပြီ လား မပြောတတ်ဘူးနော်။ စဉ်းစားကြည့်ပါ။ မဆလစနစ်ကို ဖြုတ်ချသွားတဲ့ ရှစ်လေးလုံးကို နအဖက အသေ မုန်းတီးပေမဲ့ ဆရာကြီး မဟာအင်အားကြီး တရုတ်က ရှစ်ဂဏန်းတွေနဲ့ မင်္ဂလာယူနေလိုက်တာ။ အခြားတဖက် မှာ အင်အားကြီးတဲ့ ရုရှားက ဂျော်ဂျီယာကို စစ်တိုက်နေတာဟာ ကလေးကို အနိုင်ကျင့်နေသလိုပဲလေ။ နိုင်ငံ ကြီးပီသတဲ့ အင်းအားကြီးတွေကို ဆရာတင်ထားတော့လည်း ခုလိုအခြေအနေမျိုးမှာ နအဖစစ်အစိုးရတော့ တ ကယ့်ကို ပျာယာခတ်နေလောက်ပါပြီ။
.
“ကုန်ရှံးလျှင် တခေါက်၊ လင်ကုန်ရှုံးလျှင် တသက်လုံးမှောက်၊ ဆရာကုန်ရှုံးတော့ တသံသရာလုံးမှောက်”
.
အင်အားကြီးတွေရဲ့ တောင်ပံခတ်သံတွေကြားမှာ ဆရာအတင်မှားလို့ ကြားညပ်ပြီး နအဖစစ်အစိုးရခမျာ တသံ သရာလုံးမှောက်ရမဲ့ ကိန်းတော့ ဆိုက်နေပြီထင်တယ်။ လူထုကလည်း ဒါကိုပဲ စောင့်နေတာဆိုတော့ မြန်မြန်ပဲ မှောက်လိုက်စမ်းပါလို့ ပြောကြမှာပဲ။ လာမယ်၊ ကြာမယ်ဆိုတာ ဒါမျိုးပဲဖြစ်မှာပါ။ သူတို့ပြုထားတဲ့ကံက သူတို့ထံ သို့ ဧကန်မုချရောက်လာမှာ အမှန်ပါပဲ ...
.

Read more...

Thursday, August 7, 2008

မရှောင်သာတဲ့ ဇရာနဲ့အတူ

.
ပြီးခဲ့တဲ့အင်္ဂါနေ့ (၂၀၀၈၊ သြဂုတ်လ - ၅) က မတွေ့တာကြာပြီဖြစ်တဲ့ ဦးလေးကြီး ဦးတင်မောင်မြင့်ထံ ကျနော် ဖုံး ဆက်ဖြစ်တယ်။ တခါတရံ တွေ့ဖြစ်တာကလွဲလို့ ဦးလေးကြီးကို မတွေ့တာ ကြာခဲ့ပြီမဟုတ်လား။ အခါတိုင်းဆိုရင် ဆရာတင်မိုးနဲ့ ဦးလေးကြီးတို့က တတွဲ တွဲဆိုတော့ ဘာပဲဖြစ်ဖြစ် အပတ်စဉ်တိုင်း တွေ့ဖြစ်ကြတယ်။ နောက်ပိုင်း မှာ ကိုယ်ကလည်း အလုပ်များ၊ ဦးလေးကြီးကလည်း နွေရဲ့နေပူပူအောက်မှာ အပူကိုရှောင်ရင်း အိမ်တွင်းမှာ နေ တာများတော့ မဆုံဖြစ်ကြဘူး။
.
ဖုံးဆက်ရင်း “ဦးလေးကြီး အားလား”လို့ မေးတော့ “အားပါတယ်”တဲ့။ “ခဏနေ လာခေါ်မယ်”ပြောပြီး ဖုံးချလိုက် တယ်။ အတော်ပဲ ကျောင်းကအပြန်မှာ ဦးလေးကြီးကို ကျနော် ၀င်ခေါ်ခဲ့တယ်။ ကိုယ့်ဆီရောက်တော့ မတောက် တခေါက်နဲ့ ကြာဇံသုတ်လေး ထလုပ်ပေးလိုက်တယ်။ ပဲမှုန့်၊ ဆီချက်၊ ပုဇွန်ခြောက်မှုန့်၊ သံပုရာသီး စတာတွေက အဆင်သင့်ပဲဆိုတော့ ပြုတ်ပြီးသားပဲကြာဇံနဲ့ သုတ်ကျွေးဖို့ အဆင်ပြေသွားတယ်။ ဒါ့အပြင် လဖက်ရည်တခွက် ဖျော်ပေးလိုက်သေးတယ်။ ဒီနောက်မှာ အဖန်အကြမ်း တခွက်လည်း ပါတာပေါ့လေ။
.
စားရင်းနဲ့ စကားပြောဖြစ်တယ်။ ကျနော့်ကို ကြည့်ရင်း “ဆရာကြီး ဆုံးသွားတာ စောတယ်ဗျာ”တဲ့ ဆရာတင်မိုး အကြောင်းကို ပြောသေးတယ်။ သွားလေသူက ဘယ်ဘ၀ရောက်မယ်ဆိုတာ မသိနိုင်ပေမဲ့လည်း ကျန်ရစ်သူတို့ ကတော့ လွမ်းနေဆဲပါလားဗျာ။ အကြောင်းအမျိုးမျိုးနဲ့ ထွက်သွားသူက သွားခဲ့ပြီဖြစ်ပေမဲ့ ကျန်ရစ်သူများအနေနဲ့ အထီးကျန်တဲ့ဝေဒနာကို ခံစားနေဆဲဆိုတာမျိုးဖြစ်မှာပါ။ ဒါကို ဦးလေးကြီးက ထုတ်ပြောဖြစ်တယ်။ ကျနော်က သူ့ လို ထုတ်မပြောဖြစ်ဘူး။ လောစ့်အိန်ဂျလိစ် ၀န်းကျင်မှာ အကြောင်းကိစ္စရှိလို့ သွားရတိုင်း ဆရာတင်မိုးကို သတိ ရဖြစ်ပါတယ်။ ကျနော်သွားတဲ့နေရာ အများစုမှာ ဆရာလည်း ပါတတ်စမြဲဖြစ်လို့ပါ။ တလောဆီက ၂၂ ဖရီးဝေး က အပြန်မှာ ဆရာနဲ့အတူ သွားတတ်တဲ့ Long Beach ကမ်းခြေကို သတိရနေသေးတယ်။
.
ကျနော်ကလည်း ကျနော်ပါပဲ။ Orange County ဆိုတာ ပထမဦးဆုံးနေခဲ့တဲ့ ကျနော့်ရဲ့ နေရာဟောင်းပါ။ အမေ ရိက ရောက်စက အဲဒီမှာ သုံးနှစ်တောင် နေခဲ့တာ မဟုတ်လား။ အဲဒီကို ရောက်တိုင်း ပထမဦးဆုံး ကျနော်နေခဲ့ တဲ့ အိမ်ကလေးကို ကျနော် ရောက်အောင်သွားတယ်။ အိမ်လေးကို ကြည့်တယ်။ အတိတ်ကို ပြန်ကြည့်တယ်။ ပစ္စုပ္ပန်နဲ့ နှိုင်းယှဉ်မိတယ်။ ဟိုစဉ်က ဘ၀ကို ခဏပြန်ခေါ်တယ်။ စဉ်းစားတယ်။ အားလုံးက ပြောင်းလဲကုန်ကြပါ ပြီ။ မပြောင်းလဲသေးတာက ဒီအိမ်လေးပဲ။ ဒီအိမ်လေးမှာ လူတွေ၊ မိသားစုတွေ အဆက်မပြတ် နေခဲ့ကြတယ်။ လူတွေ ဘ၀တွေသာ ပြောင်းသွားတယ်။ အိမ်လေးကတော့ ဒီအတိုင်းပဲလေ။ အဲဒီနေရာဟောင်းကို ရောက်ဖြစ် တဲ့အခါ လွမ်းသလိုလို တခုခုကို ခံစားမိတယ်။ ကျေးဇူးတင်တဲ့ မျက်လုံးနဲ့ ကြည့်ရင်း နှုတ်ဆက်ပြီး ပြန်ထွက်ခဲ့ပါ တယ်။ ကြာကြာနေခဲ့တဲ့ နေရာဟောင်းတိုင်းဟာ ကျနော့်အတွက် ဒီလိုမျိုးဖြစ်တတ်ပါတယ်။
.
ပါမောက္ခတဦးက Cal Tech ကို လိုက်ပြစဉ် အသက် နှစ်ဆယ်နဲ့ သုံးဆယ်ဝန်းကျင်က ပါမောက္ခပေါက်စ သူ့ဘ၀ကို ကျနော့်ကို အမှတ်တရ ပြောပြတယ်။ တကယ်ပဲ လွမ်းစရာလေးပါ။ နောက်တဦး၊ သူက သူဒေါက်တာဘွဲ့ရခဲ့ တဲ့ယူအက်စီကို လိုက်ပြတယ်။ အနှစ်သုံးဆယ်ကြာပြီးနောက်မှာ ဒါပထမဦးဆုံး ဒီမြေပေါ်ကို ခြေပြန်ချမိတာပဲတဲ့ ပြောလာသေးတယ်။ ငယ်ဘ၀က အဆောက်အဦတွေ ယူအက်စီထဲမှာ ပြောင်းလဲကုန်ပြီ။ ငယ်ငယ်တုန်းက ယူ အက်စီနဲ့ ယူစီအယ်လ်အေ ဘောပွဲပြိုင်ကြတဲ့အခါ တဖက်အသင်းက သူတို့ကျောင်းအတွင်းက အရုပ်ကြီးကို လာ ပြီး ဆေးသုတ်ဖျက်ဆီးမှာ စိုးရိမ်လို့ ညဖက်မှာ ကျောင်းသူ၊ ကျောင်းသားတွေ အရုပ်ကြီး ပတ်ပတ်လည်မျက်ခင်း ပေါ်မှာ အိပ်ကြရကြောင်း ပြောပြသေးတယ်။ သူတို့လည်း ဒါတွေကို အမှတ်ရနေဆဲပါလား။
.
ခံစားချက်ရှိတဲ့ လူသားတိုင်း ခံစားမှုကို ပြန်လည်ခံစားတတ်တာ အောက်မေ့သတိရနေသေးတာ အဆန်းတော့ မဟုတ်ဘူး။ ဦးလေးကြီးနဲ့ ကျနော်တို့တွေလည်း ဆရာတင်မိုးကို သတိရနေတာ မဆန်းပါဘူးဗျာ။ ကျနော်တို့နဲ့ အတူတူ ရှိခဲ့တဲ့အချိန်တွေက အလွန်များတယ်ဗျ။ ဆရာက အိမ်မှာနေတဲ့အချိန် နည်းတယ်။ အသက်ကြီးသူတို့ အမေရိကရောက်တဲ့အခါ တယောက်တည်းအိမ်မှာနေရင် အထီးကျန်တဲ့ဝေဒနာကို ခံစားရတတ်ပါတယ်။ ဆရာ့ အနေနဲ့က မိတ်ဆွေသင်္ဂဟ အလွန်များတာဆိုတော့ ဒီဝေဒနာက သူများထက်ပိုတာပေါ့။ ဒါကြောင့်ပဲ နားလည် သိတတ်တဲ့ တပည့်တွေက အားရင်အားသလို ဆရာ့ကို ခေါ်ပြီး လဖက်ရည်ဆိုင် သွားကြတာပါ။
.
စကားပြန်ဆက်ရရင် ကျနော်လည်း အရင်နဲ့မတူဘူးဗျာ။ လေးလာတယ်တဲ့ - ဦးလေးကြီး ပြောလာတယ်။ သနား ပါတယ်။ သူမပြောမီကတည်းက ဦးလေးကြီး အရင်တုန်းကနဲ့ မတူတော့မှန်း ရိပ်မိပြီးသားပါ။ ပျဉ်းမနားဦးသန်း မောင် (ဗေဒင်ဆရာ) က ဟောထားတယ်၊ လူတွေဟာ စနေဂြိုဟ် သုံးခါ မကျော်ကြဘူး။ သေတာပဲလို့ ဗေဒင် ဟောထားတယ်ဗျာ။ အဲဒါ မမှန်ဘူးဗျ။ မဟာစည်ဆရာတော်လည်း သုံးခါကျော်တယ်၊ ကျနော်လည်းပဲ သုံးခါကို ကျော်သွားပါပြီ။ ခုထိ ဘာမျှမဖြစ်သေးဘူးဆိုတော့ ဦးသန်းမောင် အယူအဆ ဟောကိန်း မှားသွားပြီတဲ့။ အခု အ သက် (၈၀)ရောက်ပြီဆိုတော့ ဗေဒင်အရ နောက်ထပ်လေးနှစ်တော့ နေနိုင်ပါသေးတယ်လို့ ကြေကွဲစွာ ဦးလေး ကြီးပြောလာတယ်။ ကျနော်လည်း စိတ်မကောင်းလို့ ဘာမျှမပြောဖြစ်တော့ဘူး။
.
မရှောင်သာတဲ့ ဇရာကြားမှာ လူသား၊ သက်ရှိအားလုံးဟာ သွားကြရမယ့်သတ္တ၀ါများသာ ဖြစ်ပါတယ်။ စိတ်ပြေ လက်ပျောက်ဖြစ်အောင် “ကဲ ဦးလေးကြီး၊ ချဉ်ပေါင်ရွက်တွေ သွားခူးရအောင်”လို့ ခေါ်ပြီး အာရုံလွဲလိုက်ဖြစ်ပါတ ယ်။ “အလွမ်း”။ ကမ္ဘာဤမြေ မဆုံးလေသရွေ့တော့ ဇရာဓလေ့ကို ဆုံတွေ့နေရဦးမှာပဲလေ။ နိဗ္ဗာန်ဆိုတာလည်း မသေချာ၊ နတ်ပြေဆိုတာလည်း မရေရာ။ ဝေဒနာတွေပြည့်နေတဲ့ ဒီလောကထဲမှာ ယောင်ချာချာ မလွယ်ပါလား နော်။
.
“သည်တကွေ့ ရေစုန်မျောပါရ၊ အတောဘယ်မသတ်နိုင်တဲ့ ရဟတ်ဗွေ”တဲ့
.
လူဖြစ်လာတုန်း သာသနာနဲ့ကြုံတုန်းမှာလဲ နိဗ္ဗာန်နဲ့ လွဲပြန်ပြီမို့ သည်တကွေ့မှာလည်း ရေစုန်မျောရပါပကော။ ဒီ လိုနဲ့ မွေးလိုက် သေလိုက် ဘ၀ကွန်ချာဟာ သံသရာမှာ အတောမသတ်နိုင်တဲ့ ရဟတ်ဗွေပမာ ချာချာလည်နေ ပါပေါ့လားဗျာ။ လယ်တီဆရာတော်ရဲ့ အထက်က အဆုံးအမလေးကို ရပါလျက် ကျနော်တို့တွေ မိုက်တွင်းနက် နေတုန်းပါ။ ခွင့်သာဆဲမှာ မခဲချင်တော့လည်း မရှောင်သာတဲ့ ဇရာက အမြဲထာဝရ အနိုင်ယူနေမှာပါပဲလားဗျာ။
.

Read more...

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP