Tuesday, April 28, 2009

မြန်မာပြည်အကြောင်း နားထောင်ရအောင်

.
.

.
အမေရိကန်နိုင်ငံ တ၀ှမ်းရှိ တက္ကသိုလ်၊ ကောလိပ်များမှာ ယဉ်ကျေးမှု၊ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေးစတဲ့အ ကြောင်းအရာများကို ဟောပြောပွဲများ မကြာခဏပြုလုပ်၍ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများက တက်ရောက် နားဆင်ကြပါတယ်။
.
ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ မျိုးဆက်သစ်များအနာဂတ်မှာ တိုးတက်စေဖို့ပင်ဖြစ်ပါတယ်။ အခြားတိုင်းပြည် တခုရဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေးအခြေအနေများကို သိခွင့်ရကြလို့ အားသာချက်၊ အားနည်းချက်များအပေါ်မှာ သင်ခန်းစာ ယူနိုင်ကြပါတယ်။
.
ဒီဟောပြောပွဲမှာ နိုင်ငံရေးသမားဟောင်း ကိုမြ၀င်း၊ ၈၈ မျိုးဆက်ကျောင်းသားများဖြစ်တဲ့ ကိုသက်ထွန်း၊ ကိုနေ တင်မြင့်နဲ့ ပန်းချီဆရာကိုထိန်လင်းတို့ တက်ရောက် ဟောပြောခဲ့ပါတယ်။ စရီးတို ကောလိပ်ရဲ့ ပါမောက္ခတဦး ဖြစ်တဲ့ ဆရာဂျွန်က စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။
.
သူတို့ဟောပြောတဲ့ အဓိကအကြောင်းအရာက မြန်မာနိုင်ငံ အကျဉ်းထောင်အကြောင်းဖြစ်ပါတယ်။ ဟောပြော သူအချို့ဟာ သူတို့ကိုယ်တိုင် ထောင်ကျခဲ့ဖူးသူများဖြစ်လို့ မြန်မာနိုင်ငံထောင်များအကြောင်းကို ပိုင်ပိုင်နိုင်နိုင် ဟောပြောနိုင်ကြပါတယ်။ ပရိသတ်ကတော့ တအံ့တသြဖြစ်နေပါတယ်။ တိုင်းပြည်ကို ချစ်သူများ၊ အမျိုးသားရေးစိတ်ဓာတ်အပြည့်ရှိသူများ၊ အများအကျိုး၊ တိုင်းပြည်အကျိုးကို ကိုယ်ကျိုးမငဲ့ကွက်ဘဲ ဆောင်ရွက်သူလူကောင်း များ ထောင်ကျရတယ်ဆိုတော့ မအံ့သြဘဲ နေမလဲဗျာ။ သူတို့ပြည်မှာက လူ့အခွင့်အရေးအပြည့် ဒီမိုကရေစီအ
ပြည့်အ၀ရှိလို့ ဒီလိုမျိုးကိစ္စ မတရားလုပ်တဲ့ကိစ္စတွေကို မကြားဖူးကြဘူးလေ။
.
၈၈ ပြီးကတည်းက အခုဆိုရင် အနှစ် ၂၀ ကျော်ခဲ့ပြီ မြန်မာနိုင်ငံ ဘယ်တော့ ဒီမိုကရေစီရမှာလဲ။ ဖမ်းမယ်၊ နှိပ် စက်မယ်၊ သတ်ချင်သတ်မယ်၊ ထောင်ချမယ်ဆိုတာ သိရက်နဲ့ အကြောက်တရားမရှိဘဲ ဘာကြောင့်များ မြန်မာ ကျောင်းသားတွေဟာ စစ်အာဏာရှင်များကို အံတုရဲတာလဲ စတဲ့ မေးခွန်းတွေကို အမေရိကန်ကျောင်းသား ကျောင်းသူတွေက မေးလာပါတယ်။ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေပါ။
.
ပန်းချီ ကိုထိန်လင်းဆိုရင် ထောင်ထဲမှာ ထောင်အ၀တ်အစားများနဲ့ ရေးဆွဲခဲ့တဲ့ ပန်းချီကားများဟာ စိတ်ဝင်စားစ ရာ ကောင်းနေပါတယ်။ စစ်အာဏာရှင်များသိရင် သတ်ပစ်မယ်ဆိုတာ သိရက်နဲ့ ကြံဖန်ပြီး ရေးဆွဲခဲ့တာပါ။ သူ့ ရဲ့ ထောင်တွင်းပန်းချီကားတွေဟာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်သနစ်များမို့ တန်ဖိုးမဖြတ်နိုင်တဲ့အပြင် သမိုင်း ၀င် ပန်းချီကားများဖြစ်နေပါတယ်။
.
ကိုသက်ထွန်းဆို ထိုင်ပြီးရင် ပြန်ထလို့ မရတော့ပါဘူး၊ ထောင်ထဲမှာ နှိပ်စက်ခံရတာများလို့ ခါးကျိုးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါမျိုးတွေ ဘယ်နှစ်ယောက်ရှိမလဲ၊ လက်လွန်လို့ သို့မဟုတ် တပင်လုပ်လို့ ကွယ်လွန်သွားသူတွေလဲ ဒုနဲ့ဒေးဖြစ်လို့ အနောက်နိုင်ငံသားတွေအဖို့ မကြားရက်ရက် သနားကရုဏာသက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေ ကြပါတယ်။ စိတ်ဝင်စားစရာကောင်းသလို အခြားတဖက်မှာလည်း တကယ်ရင်နာစရာအဖြစ်ဆိုးတွေပါဗျာ။
.
ဟောပြောတဲ့မှတ်တမ်းများကို အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံများနဲ့ တောင်အမေရိက နိုင်ငံများမှာ တယ်လီဗီး ရှင်းသတင်းအဖြစ် ထုတ်လွှင့်ပေးပါတယ်။ လွတ်လပ်တဲ့တိုင်းပြည်တွေမှာ သတင်းအမှောင်ချထားတာမရှိဘဲ ကြုံ လာတဲ့အဖြစ်သနစ် ပြဿနာများကို သင်ခန်းစာယူနိုင်ဖို့ ဗဟုသုတဖြစ်စေဖို့ လူထုရှေ့မှောက်သို့ ထုတ်လွှင့်ပေး လေ့ရှိပါတယ်။ အတုယူစရာပင်ဖြစ်ပါတယ်။
.
ပွဲပြီးတော့ မြန်မာပြည်ဒီမိုကရေစီ ရပါစေလို့ အားလုံးက ဆန္ဒပြုပေးကြပါတယ်။
.
.
ကိုသက်

Read more...

Sunday, April 26, 2009

တပြေတရွာက မြန်မာဒိုးအဖွဲ့

.
.
နိုင်ငံတကာရောက် မြန်မာအသိုင်းအ၀ိုင်းမှာ အနုပညာတီးဝိုင်းတွေ သူ့နေရာနဲ့သူ ရှိနေတယ်။ အာရီဇိုးနားပြည် နယ်၊ ဖီးနစ်မြို့က နာမည်ကြီးလာတဲ့ တီးဝိုင်းဟာ ဖီးနစ်မောင် ဒိုးပတ်ဝိုင်းဖြစ်ပါတယ်။
.
ဖီးနစ်မောင် ဒိုးဝိုင်းကို မနှစ်က စတင်တည်ထောင်ခဲ့တာပါ။ ဖီးနစ်မှာ အခြေချနေထိုင်ကြတဲ့ မြန်မာလူငယ်တွေ စုစည်း တည်ထောင်ထားတာဖြစ်ပြီး ဒိုးဝိုင်းကို ခေါင်းဆောင်သူက ဗုံပျောက် ကိုအောင်သက်ဖြစ်ပါတယ်။ ဗုံတွေ ကောင်းသည်ထက်ကောင်းအောင် သူ့အိမ်ရှေ့လမ်းဘေးမှာ နေလှမ်းထားရာက တရေးနိုးလို့ ထကြည့်တော့ ဗုံ တွေ လှမ်းထားတဲ့နေရာမှာ မရှိတော့ဘူး။ ပျောက်ဆုံးသွားတယ်။ မြင်သူက မြန်မာ့ဒိုးတွေကို မြတ်နိုးလို့ ယူသွား တာဖြစ်မှာပေါ့။ ဗုံတွေ ပျောက်သွားလို့ တီးဝိုင်းခေါင်းဆောင် ကိုအောင်သက်ကို ချစ်စနိုးနဲ့ ၀ိုင်းနောက်ကြတာ ဗုံပျောက် ကိုအောင်သက်တဲ့ဗျာ။ ခင်မင်စရာ ကောင်းသူတဦးပင်ဖြစ်ပါတယ်။
.
လိုက်ဒိုးတီးသူ ကိုယဉ်ကြည်နဲ့ ကိုမိုးမောင်တို့ဖြစ်ပါတယ်။ သူတို့နှစ်ဦး အလျဉ်းသင့်သလို အလှည့်ကြတီးကြပါတ ယ်။ ခေါ်ဒိုးတီးသူအနေနဲ့ ၀ိုးခေါင်းဆောင် ကိုအောင်သက်က ဆောင်ရွက်ပေးတယ်။ လင်းကွင်း ကိုထိန်လင်း၊ နှဲ က ကိုဘိုလွင်၊ ကီးဘုတ်ဆရာ ကိုစောထူးဖြစ်ပါတယ်။ ကိုစောထူးဟာ ပန်းချီအရာမှာလည်း လက်ရာကောင်းလို့ ပြောင်မြောက်သူတဦးမို့ အာရီဇိုးနားနဲ့ ကာလီဖိုးနီးယားကပွဲအချို့အတွက် ဆိုင်းဘုတ်များကို သူကိုယ်တိုင်ပဲ ရေး ဆွဲခြင်းဖြင့် ကူညီခဲ့တာ အကြိမ်အတော်များများ မြင်ရဖူးပါတယ်။
.
ဝါးလက်ခုပ် တီးဆရာများအဖြစ် မဥမ္မာဘို၊ ကိုညိုကြီး၊ ကိုယဉ်ကြည်နဲ့ ကိုဂျော်နီတို့က အဆင်ပြေသလို တီးပေး ကြပါတယ်။ သက်တမ်းအနေနဲ့တွက်ရင် ဖီးနစ်မောင် ဒိုးအဖွဲ့ တနှစ်သားမျှသာ ရှိသော်လည်း သူတို့ရဲ့စွမ်းအား က မြန်မာအသိုင်းအ၀ိုင်းကို ကြည်နူးနှစ်သက် လှပစေပါတယ်။ ကိုယ့်ယဉ်ကျေးမှု အနုပညာကို တဖက်တလမ်း စွမ်းနိုင်သမျှ တင်ပြနေသူများမို့ လေးစားစရာ ကောင်းပါတယ်။
.
မနှစ်က အာရီဇိုးနားသင်္ကြန်မှာ ပထမဦးဆုံးပွဲအဖြစ် စတင်တီးခဲ့တာပါ။ ဒိုးအဖွဲ့ကို စတင်တည်ထောင်တဲ့အခါ လိုအပ်တဲ့ အနုပညာပစ္စည်းများကို ၀ါသနာရှင် ကိုဖီးလစ်ထွန်းက သူ့မှာရှိတဲ့ ဒိုးများကို ပေးအပ်ခြင်းဖြင့် ကူညီပံ့ ပိုးခဲ့တာဖြစ်ပါတယ်။ အခုတခါ ဒိုးတွေ ပျောက်ဆုံးသွားတော့လည်း မှာယူ၍ ကူညီပေးဖို့ ဆောင်ရွက်နေတဲ့အ ကြောင်း သိရပါတယ်။ သို့အတွက် ဒီနှစ်အယ်လ်အေ သင်္ကြန်ပွဲမှာ လာတီးတော့ သူတို့မှာ ဒိုးမရှိတော့လို့ ၀ါသ နာရှင် ကိုလေး (မီးရထား) က သူ့ပိုင်ဒိုးများကို ငှါးပေးခြင်းဖြင့် ကူညီခဲ့ပါတယ်။ အယ်လ်အေပွဲမှာ ကိုအေးမြင့်က အစစ အဆင်ပြေအောင် ကူညီပေးပါတယ်။
.
မကြာသေးမီက အမေရိကန်နိုင်ငံရှိ မြန်မာအများနေထိုင်တဲ့ ပြည်နယ်များရှိ မြို့များတွင် လာရောက်ကပြဖျော် ဖြေသွားတဲ့ သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့နဲ့လည်း အတူတီးလိုက်ပါသေးတယ်။ သီးလေးသီးအဖွဲ့ အာရီဇိုး နားပွဲ ကရန်အရောက်မှာ ဖီးနစ်မောင်ဒိုးအဖွဲ့က ကူညီပံ့ပိုး တီးမှုတ်ပေးခဲ့တာပါ။
.
နီးစပ်ရာပွဲလမ်းသဘင်များမှာ လိုအပ်ရင် လိုအပ်သလို ပါဝင်ဆင်နွဲနေကြပါတယ်။ မကြာမီ ကျင်းပကြမှာဖြစ်တဲ့ ဖီးနစ်မြို့သင်္ကြန်ပွဲမှာလဲ ဆင်နွှဲဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ဖော်ပြထားတဲ့ဓာတ်ပုံဟာ သူတို့အဖွဲ့အယ်လ်အေ သင်္ကြန်ပွဲမတီးမီးမှာ အမှတ်တရ ရိုက်ကူးထားတာဖြစ်ပါတယ်။
.
သူတို့အစွမ်းနဲ့ အမျိုးဂုဏ် အနုပညာဂုဏ်ကို ဆောင်နေသူများဖြစ်ပါတယ်။ သူတို့နဲ့အတူ နိုင်ငံတကာရောက်အနု ပညာအဖွဲ့များအားလုံးကို လေးစားဂုဏ်ယူပါကြောင်း ဖော်ပြအပ်ပါတယ်ဗျား . . .
.
.
ကိုသက်

Read more...

Sunday, April 12, 2009

စေတနာကောင်းတော့ အလုပ်ကောင်း ကံကောင်းပေါ့

.
.

.

“စေတနာကောင်းရင် ကံကောင်းတယ်၊ စေတနာဆိုတာ ကံ” “ကံဆိုတာ အလုပ်” ဒီစကားတွေ ငယ်စဉ်က တည်းက ကိုယ့်ဝန်းကျင်မှာ ကြားနေရတတ်တယ်။ အဓိပ္ပါယ် နက်ရှိုင်းတဲ့ စကားများသာဖြစ်ပါတယ်။ ကျနော် နား လည်လိုက်တာ အလုပ်ကောင်းရင် ကံကောင်းတယ်။ အလုပ်ကောင်းဖို့ရာလဲ စေတနာကောင်းဖို့ လိုသေးတယ်။

ကံဆိုတာလဲ အချောင်မကောင်းတတ်ပေဘူး။ ကိုယ့်လုပ်ခဲ့သမျှ စည်းစနစ်ကျကျ ပြန်အကျိုးပေးတဲ့ သဘော သာဖြစ်တယ်။ ကံနဲ့ အလုပ်၊ ပြီးတော့ စေတနာ၊ အဆင့်ဆင့်ဖြစ်လာတဲ့ အပေါ်မှာ စေတနာက အရေးအကြီးဆုံးနဲ့ မူရင်းပဓာနဖြစ်နေတယ်ဆိုတာ ထင်ရှားလာတယ်။ ကိုယ့်ရင်ထဲမှာ စေတနာကောင်း ဖြစ်ပွားစေဖို့ လိုလာတာပေါ့။

စေတနာရဲ့ သဘောက စေ့ဆော်တိုက်တွန်းမှုပါ။ ကောင်းတာ လုပ်ဖို့၊ မကောင်းတာ လုပ်ဖို့ နှစ်မျိုးစလုံးကို သူ ကပဲ တိုက်တွန်းတာပါ။ စေတနာကောင်း၊ အလုပ်ကောင်းတော့ ကံကောင်းကြီးပွားလာကြတာပဲ။ စေတနာက မ ကောင်းဘူးဆိုရင်တော့ ကံအကျိုးလည်း မကောင်းနိုင်ဘူးလေ။ စေတနာကောင်းက လူတယောက်ကြီးပွားစေဖို့ နုသစ်တဲ့ အညွန့်အဖူးလေးတွေနဲ့ တူတယ်။ သို့အတွက် နုသစ်တဲ့ အညွန့်အဖူးလေးတွေနဲ့ သဘာဝကျကျလှပနေ တဲ့ ဓာတ်ပုံလေးကို စေတနာရောင်ပြန်အဖြစ် ဖော်ပြလိုက်တယ်။

စေတနာရောင်ပြန်ပဲ ပြောပြော၊ စေတနာကောင်းတော့ ကံအကျိုးပေးကောင်းတယ်ပဲ ဆိုဆို၊ အကျိုးပေး ကောင်းသူတဦးအကြောင်းကို ပြောပြချင်ပါသေးတယ်။ မိန်းကလေးနာမည်က Tracy Tan ပဲဆိုပါတော့။ ဒီမိန်းက လေးက စားသောက်ဆိုင်မှာ အလုပ် လုပ်တယ်။ အလုပ်ကြိုးစားတယ်။ သူ့အလုပ်အပေါ်မှာ စည်းကမ်းရှိတယ်။ တာဝန်ယူချင်စိတ် အပြည့်ရှိတယ်။ ပျူငှါသူ ဖော်ရွေသူ စေတနာကောင်းသူအဖြစ် စားသုံးသူတွေက သူ့ကိုခင်မင် လေးစားကြတယ်။ သူအလုပ် လုပ်တဲ့ဆိုင်မှာ လာစားနေကြသူတွေက သူ့ကို မတွေ့ရင် မေးတတ်တယ်။

နေ့စဉ်လိုလို လာရောက် စားသုံးသူတွေထဲမှာ အမေရိကန် လူဖြူ အဖိုးကြီး တဦးလည်းပါတယ်။ ကျောင်းတ ဖက်နဲ့ အလုပ် လုပ်နေသူ ထရေစီက အိုကြီးအိုမနဲ့ လာစားနေကြဖိုးဖိုးကြီးကို သူ့အဖိုးလိုပဲ ကူညီဆောင်ရွက်ပြုစု ပေးပါတယ်။ အသက်ကြီးသူတို့ထုံးစံ အလိုမကျနိုင်တိုင်း တမျိုးပြီးတမျိုး ထပ်တလဲလဲ တောင်းဆိုနေတတ်တဲ့ အ ရာတွေကို အတတ်နိုင်ဆုံးနဲ့ စိတ်ရှည်ရှည် ကူညီပံ့ပိုးပေးတယ်။ ပတ်ဝန်းကျင်က မြင်ကြည့်ရင်တောင် စေတနာ ကောင်းသူ၊ သဘောကောင်းသူပေမို့ အားမနာတမ်းခိုင်းနေတာလို့ ထင်တဲ့လူတောင် ရှိသေးတယ်။

ဒါပေမဲ့ ထရေစီတို့က အပြုံးမပျက် တာဝန်ကျေမြဲကျေလျှက်ပါပဲ။ အလုပ်နဲ့ အိမ်၊ အိမ်နဲ့ စာသင်ကျောင်း မရပ်မ နား ချားရဟတ်လို လည်ပတ်နေရတဲ့ အမေရိကား ရောက်စလူတွေရဲ့ ဘ၀ကွန်ချာထဲမှာ ပုံမှန်လည်ပတ်နေရတဲ့ စက်ရုပ်လူသားလိုအဖြစ်မျိုးပါ။ American Dream က လူစိမ်းဆိုရင် လောကဓံရိုက်ချက် ပိုပြင်းသလိုပဲ။

တရက်မှာ ဒီစားသောက်ဆိုင်သို့ မျက်နှာစိမ်း ရှေ့နေတဦး ရောက်လာတယ်။ သူလာရခြင်းအကြောင်းက ဒီ ဆိုင်မှာ အလုပ် လုပ်နေတဲ့ ထရေစီကို လာရှာတာ။ စာပွဲတွေကို တိုက်ချွတ်ဆေးကြောနေတဲ့ ထရေစီကို တွေ့ပါပြီ။ အင်္ကျီအပေါ်နားမှာ ထရေစီတန်ဆိုတဲ့ စာလေးကြောင့် ထရေစီလားလို့ တိုက်ရိုက်လာမေးခြင်းဖြစ်ပါတယ်။ ပိုသေချာ အောင် အိုင်ဒီကို တောင်းကြည့်တယ်။ ဟုတ်ပါပြီ။ ထရေစီမှ ထရေစီအစစ်ဖြစ်ပါတယ်။

ဒီတော့မှ သူဟာ ရှေ့နေတဦးဖြစ်ကြောင်း၊ ဒီဆိုင်မှာ အမြဲလိုလို ထမင်းလာစားနေတဲ့ အဖိုးတဦးက သူ့သေ တမ်းစာမှာ စားပွဲထိုးအဖြစ် အလုပ် လုပ်နေတဲ့ ထရေစီတန်ကို သူ့ပိုင်ဆိုင်မှုတွေထဲက အိမ်တလုံးပေးခဲ့ကြောင်း၊ စာရွက်စာတန်းကိစ္စတွေ လုပ်ဖို့ သူထိုင်တဲ့ရှေ့နေရုံးသို့ လာဖို့အကြောင်း အကြောင်းကြားလာခြင်းဖြစ်ပါတယ်။

နောက်ဆုံးရလာဘ်ကိုပဲ တိုတိုရှင်းရှင်းဖြတ်ပြောလိုက်မယ်ဗျာ - မြန်မာပြည်က ရောက်လာတဲ့ ထရေစီဟာ မ ထင်မှတ်ပဲ အိမ်တလုံး ရလိုက်တယ်။ အလုပ်တဖက် ကျောင်းတဖက်နဲ့ စားပွဲထိုးမလေးအဖြစ် ရုန်းကန်နေရရှာသူ အဖို့ အိမ်ဆိုတာ လောလောဆယ်အခြေအနေအရ အိပ်မက် မမက်ရဲသေးဘူးလေ။ တိုးတက်နေတဲ့ အမေရိကန် ရေစီးကြောင်းထဲမှာ အလူးအလဲ စုန်ဆန်ကူးနေရသေးတဲ့ ဘ၀မဟုတ်လား။

လူကြီးမိဘတွေ အပေါ်ရိုသေတတ်ခြင်း၊ ကိုယ့်အဖိုးအရွယ်ကို ကိုယ့်ဖိုးဖိုးလို သဘောထားနိုင်ခြင်း၊ မျှော်လင့် ချက် ကင်းကင်းနဲ့ ကူညီဆောင်ရွက်ပေးခြင်း၊ စေတနာ၊ မေတ္တာ၊ ကရုဏာတရားတွေနဲ့ အလုပ် လုပ်ခြင်း စတဲ့အ ကျိုးတွေက ပေးပြီမို့ အိမ်တလုံး ရလိုက်တယ်။ စေတနာကောင်းတော့ ကံအကျိုးပေးကောင်းတာ လက်တွေ့ဖြစ်ပါ တယ်။ အလားတူ အိမ်ရလိုက်တဲ့ဖြစ်ရပ်တွေ ကျနော်တို့ လော့စ်အိန်ဂျလိစ်မှာ တယောက်ရှိပါသေးတယ်။ မင်္ဂလာ ရှိလိုက်တာများဗျာ။ အားကျစရာ မုဒိတာပွားစရာဖြစ်တဲ့ မင်္ဂလာရှိသော သတင်းလေးတွေပါ။

“စေတနာကောင်းရင် ကံကောင်းတယ်၊ စေတနာဆိုတာ ကံ” “ကံဆိုတာ အလုပ်” တဲ့။

အားလုံးပဲ စေတနာကောင်း၊ အလုပ်ကောင်းပြီး၊ ကံကောင်းနိုင်ကြပါစေလို့ ဆန္ဒြ့ပုရင်း ...


ကိုသက်

Read more...

Monday, April 6, 2009

မြစ်ကြီးနားထောင်က လူလိမ်

မြစ်ကြီးနားထောင်က လူလိမ်

မကြာသေးမီ ရက်ပိုင်းက နိုင်ငံကျော်လူရွှင်တော် ကိုဇာဂနာအိမ်သို့ လူတယောက် ရောက်လာတယ်။ လူကျဲစ ည ပိုင်းအချိန်မှာပါ။ တံခါးလာပိတ်တဲ့ အိမ်က မိန်းကလေးတဦးကို ညီမက မငြိမ်းလားလို့ မေးလာတယ်။ ကိုဇာဂနာရဲ့ အခြေအနေကို ပြောပြချင်လို့ပါဆိုလာတော့ မငြိမ်း (ကိုဇာဂနာ့ ခယ်မ) နဲ့တွေ့ရန် အိမ်ပေါ်ခေါ်လာခဲ့တယ်။

အိမ်ပေါ်မှာ ထိုင်နေတဲ့ မငြိမ်းအမေ၊ မိခင်ကြီးနဲ့ စတင်တွေ့တယ်။

“မြစ်ကြီးနားထောင်က ဒုတိယထောင်ပိုင် ခင်မောင်ဦးပါ”လို့ စတင်မိတ်ဆက်လာတယ်။

မငြိမ်း ရေချိုးနေဆဲဖြစ်လို့ ထွက်မလာသေးဘူး။ သမက်ဖြစ်သူ ကိုဇာဂနာရဲ့အရေးမို့ မိခင်ကြီးက စိတ်ဝင်စားတ ယ်။ အမြန်လွတ်မြောက်ဖို့ကိုပဲ နေ့စဉ်စိတ်စောနေတတ်တဲ့ မိခင်ပါ။ အခုလို ဒုတိယထောင်ပိုင် ကိုယ်တိုင်လာပြော တယ်ဆိုတော့ အတိုင်းထက်အလွန် ၀မ်းသာနေတယ်။ ကျေးဇူးတင်နေတယ်။

“ဧပြီလ ၁၁-ရက်မှာ မြစ်ကြီးနားကနေ အင်းစိန်ထောင်ကို ရွှေ့ရမှာဖြစ်လို့ ညွှန်ချုပ်ကို ပေးဖို့ကမ်းဖို့ လိုကြောင်း” ဒုတိယ ထောင်ပိုင်ဆိုသူက ပြောလာတယ်။ ဒီအချိန်မှာ မငြိမ်းက ရေချိုးပြီးလို့ အခန်းထဲက ထွက်လာပြီ။ သူ့မိ ခင်နဲ့ ဒုတိယထောင်ပိုင်ဆိုသူတို့ ပြောနေတဲ့စကားဝိုင်းထဲ သူပါဝင်လိုက်တယ်။

“ဆောင်ရွက်ပေးကမ်းခတွေ ငါးသောင်းလောက် ပေးရမယ်ထင်တယ်”လို့ မိခင်ကြီးက ဆိုတော့...

“ငါးသောင်းလောက်နဲ့ မဖြစ်ဘူး။ ရှစ်သောင်းခွဲပေးမှ ဖြစ်မယ်”လို့ ဒုထောင်ပိုင်ကြီး ပြောလာတယ်။

သူတို့တွေလဲ ကိုဇာဂနာ လွတ်မြောက်ရေးကို ဆောင်ရွက်နေသူတွေမို့ ရှစ်သောင်းခွဲငွေကို ကြည့်မနေတော့ဘူး။ ယုံကြည်စိတ်ချစွာနဲ့ ပေးလိုက်တယ်။ ဘုမသိ ဘမသိ ဒုထောင်ပိုင်ကြီး ဆိုလာသူကိုလည်း ယုံစရာအကြောင်းတွေ က ရှိတာကိုးဗျ။ ထောင်ထဲမှာ ကိုဇာဂနာနဲ့တွေ့တုန်းမှာ ကိုဇာဂနာပြောလေ့ရှိတဲ့ စကားတွေကို ဒီလူက သုံးစွဲပြော ဆိုနိုင်လေတော့ မိသားစုက ယုံတာပေါ့။ ဒီစကားမျိုးဆိုတာ နီးစပ်သူတွေသာ သိလေ့ရှိတာပါ။ သူကပါ သိနေတာ မို့ တကယ်ပဲ မြစ်ကြီးနားထောင်နဲ့ ပတ်သက်နေသူလို့ ယုံကြတာပေါ့။

ဒီအချိန်မှာ နိုင်ငံခြားမှာနေတဲ့ အစ်မဖြစ်သူ (ကိုဇာဂနာ့ဇနီး) က မငြိမ်းထံ ဖုန်းဆက်တော့ ဒီအကြောင်းတွေ သိရ တယ်။ “ညီမတို့တော့ အညာခံရပြီ ထင်တယ်”လို့ ပြောတော့မှ မငြိမ်းက သံသယ၀င်လာတယ်။ နိုင်ငံရေးသမားကို ငွေပေး ငွေထိုးလုပ်ပြီး နေရာအရွှေ့အပြောင်း၊ နှစ်အတိုးအလျှော့လုပ်လို့ရတယ်ဆိုတာ မရှိသလောက်ကြပ်တည်း နေတဲ့ကာလမှာ ဒီအတွက် လုပ်ပေးမယ်၊ ငွေလာတောင်းတယ်ဆိုတော့ လူညာပဲဖြစ်နိုင်တယ်လေ။

ရန်ကုန်က နီးစပ်ရာတွေနဲ့ မြစ်ကြီးနားထောင်ကို စုံစမ်းတဲ့အခါ မြစ်ကြီးနားထောင်ရဲ့ ဒုတိယထောင်ပိုင်ဟာ ထိုသူ ပြောသွားတဲ့ ခင်မောင်ဦး မဟုတ်ကြောင်း၊ ထိုနာမည်နဲ့မြစ်ကြီးနားထောင်မှာ တဦးတယောက်မျှ မရှိတဲ့အကြောင်း သိလိုက်ရတယ်။ ရှင်းပါတယ်၊ မငြိမ်း အလိမ်ခံရပြီပေါ့။

မြစ်ကြီးနားထောင်မှာ နိုင်ငံရေးနဲ့ပတ်သက်သူ လေးမျိုးရှိတယ်။ ကိုဇာဂနာတို့လို အနုပညာသမား၊ ၈၈ ကျောင်းသူ ကျောင်းသားများ၊ ရွှေဝါရောင်ရဟန်းတော်များနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးသမားများပင်ဖြစ်ပါတ ယ်။ နိုင်ငံရေးသမားချင်းတူသော်လည်း အခွင့်အရေးက ကွဲနေတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေး သမားတွေကို ထောင်ဝင်စာနဲ့ လူတွေ့ခွင့်ကို တလမှာ နှစ်ကြိမ်ပေးပြီး ကျန်သူများကိုတော့ တလမှာ တကြိမ်သာပဲ တွေ့ခွင့်ပေးတယ်တဲ့။ မတရားသဖြင့် ထောင်ချထားတာတောင် ထပ်ပြီး မတရားလိုက်ပုံများတော့ ကမ်းကုန်ပဲ။
.
မတရားမှုကို တွန်းလှန်နေတဲ့ ကိုဇာဂနာက ဒီအကြောင်းကို ပြည်သူလူထုအား သိစေချင်တယ်လေ။ သိဖို့တလမ်း ပဲရှိတယ်။ ပြည်ပမီဒီယာတွေက ကူညီပေးဖို့ဖြစ်ပါတယ်။ ပြည်ပမီဒီယာတွေက ထုတ်လွှင့်မှ မြန်မာလူထုကြီးက သိ မှာ၊ ပြီးတော့ သူတို့ဆရာကြီး အထက်အောက်တွေကလည်း သိမှာ၊ အဲသလိုသိသွားရင် ထောင်သားချင်းအတူတူ မတူညီသော အခွင့်အရေးပေးမှုတွေ မတရားမှုတွေ ရပ်သွားနိုင်ပါတယ်။

တလ တကြိမ်ပဲ တွေ့ခွင့်ရတယ်။ ရန်ကုန်မှာနေတဲ့ မိသားစုဝင်တွေက လေယာဉ်ပျံ၊ မီးရထားတွေနဲ့ မြစ်ကြီးနား ထောင်ကို သွားရတယ်။ ကိုယ့်မိသားစုဝင်က ထောင်ကျနေတာမို့ မသွားလို့ကလည်း မဖြစ်။ သင်္ကြန်ရက်လည်းနီး ပြီ။ သင်္ကြန်မတိုင်မီ သွားတွေ့ထားမယ်လို့ စီစဉ်ပြီး မငြိမ်းမြစ်ကြီးနားတက်သွားတယ်။ ဟိုရောက်တော့တလမပြည့် လို့တဲ့ လုံးဝကို တွေ့ခွင့်မပေးဘူးလေ။ သဲထဲရေသွန်သလို အလကားဖြစ်သွားရတယ်။ ဘယ်လောက်များ စိတ်တို စိတ်ညစ်စရာ ကောင်းသလဲဗျာ စဉ်းစားသာကြည့်ပါ။

ညစ်လိုက်တာ တခြားမဟုတ်ဘူး။ မြစ်ကြီးနားထောင်မှာ ဒုထောင်ပိုင် ခင်မောင်ဦးဆိုတာ ရှိ၊ မရှိ စုံစမ်းမှုပဲဖြစ်ပါတ ယ်။ ဘယ်လောက်များ အငြှိုး အတေး အမြင်တွေ ကျဉ်းလိုက်သလဲဆိုတာဗျာ။ အဝေးက လာသူကို ရင်ဝပိတ် ကန်လိုက်သလိုမျိုးလုပ်ပြီး ရတဲ့ဖက်က လှည့်ညစ်တာသာကြည့်။ အခါတိုင်းလို ထောင်ပိုင်ကို အရက်ပုလင်းလည်း ပေးပါ လျက်နဲ့။ လုပ်ရက်တယ်နော်။

ကိုဇာဂနာနဲ့ တွေ့ခွင့်မရပေမဲ့ လူလိမ်နဲ့တော့ တွေ့လိုက်ရတယ်။ မြစ်ကြီးနားထောင်မှာ မငြိမ်း ရောက်စဉ်မှာ မထင် မှတ်ပဲ လူတယောက်နဲ့တွေ့လိုက်တယ်။ ကြယ်သုံးပွင့်နဲ့ အရာရှိတဦး ထောင်အဆောက်အအုံထဲက ထွက်လာလို့ မငြိမ်းက လှမ်းကြည့်လိုက်ရာ တညက ရန်ကုန်အိမ်မှာ ငွေလာတောင်းသွားတဲ့ ဒုတိယထောင်ပိုင်၊ ဦးခင်မောင်ဦး ဆိုသူ ဖြစ်နေတယ်။ ဂွကျလိုက်တာများနော်။

“တလောဆီက ကျမတို့အိမ်ကိုလာတဲ့ ဒုထောင်ပိုင်ကြီး ဦးခင်မောင်ဦး မဟုတ်လားရှင်” လို့ မငြိမ်းက မေးတော့ မဟုတ်တဲ့အကြောင်း၊ မငြိမ်းကိုလည်း မသိတဲ့အကြောင်း၊ မငြိမ်းအိမ်ကိုလည်း တခါဖူးမျှ မရောက်ဖူးတဲ့အကြောင်း ဗြောင်လိမ်နေတော့တယ်။ ရက်ပိုင်းအတွင်းမှာပဲ အတိအကျ မြင်တွေ့ခဲ့ရတာမို့ လိမ်လို့ရရိုးလား။

ဦးခင်မောင်ဦး၊ ဒုထောင်ပိုင်လို့ ပြောပြီးငွေတောင်းသွားတာ သူကတော့ သေချာပြီ။ ဒုထောင်ပိုင်အနေနဲ့ ခင်မောင် ဦး မရှိတာလည်း သိရပြီ။ ဒါဆိုရင် သူဘယ်သူလဲ။ မြင်တွေ့နေကြ နီးစပ်ရာ မြစ်ကြီးနားမိတ်ဆွေတွေကို မေးမြန်းစုံ စမ်းလိုက်တော့ သူ့နာမည်က “ခင်မောင်ရွှေ”တဲ့။

နာမည်ရဲ့နောက်ဆုံးတလုံးမျှသာ ပြောင်းပြီး လိမ်သွားတဲ့ ဒုထောင်ပိုင်ကြီး ခင်မောင်ရွှေဆိုတာ ပေါ်သွားတယ်ဗျာ။ အားလည်းနာတယ်၊ ခင်လည်းခင်တယ်။ အတွင်းလူတွေကိုယ်တိုင် အတည်ပေါက်နဲ့ ထွက်လိမ်တာကို မခံရလေ အောင်လို့ ဒီဖြစ်ရပ်မှန်ကို မျှဝေလိုက်တာပါ။

မြန်မာပြည်သူလူထုအပေါင်း လူလိမ်လူညာဘေးနဲ့ ဝေးပါစေ

ကိုသက်

Read more...

Friday, April 3, 2009

သပြေညို ရွှေဘိုပန်းရယ်နဲ့

.

..
.
သပြေညို
.
.
သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။
.
တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။
.
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။
.
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။
..
.
မင်းသုဝဏ်
အင်္ဂလန် (၁၉၃၈)
.
.
ဒီအချိန်ရောက်ပြီဆို နွေဦးအကြို သပြေညိုတို့ လန်းနေပြီ။ ရာသီမရွေး မနားတမ်း၊ မရပ်တမ်း အမြဲ လန်းဆန်းနေတဲ့ပန်းပါ။ နွေမိုးဆောင်း ရာသီစက်ဝန်း ပြောင်းသော်လည်း အိုမင်းဟောင်းနွမ်းသွား သည်မရှိ ထာဝရလိုပဲ လန်းဆန်းနေတတ်တဲ့ပန်းပါ။ ရာသီလောကဓံတွေနဲ့ ဆုံသော်လည်း သူမမှု၊ ရွက်သစ်ညိုနုနုတွေက အပြောင်းအလဲမရှိ အားသစ်လောင်းနေပြန်တယ်။
.
ဆရာမင်းသုဝဏ် ဒီကဗျာကို ရေးတဲ့အချိန်က ၁၉၃၈ ခုနှစ်၊ အင်္ဂလန်ပြည်မှာဖြစ်ပါတယ်။ ဒီက ဗျာရေးပြီး ၁၀ နှစ်ပြည့်တဲ့အခါ မြန်မာပြည်လွတ်လပ်ရေးရခဲ့တယ်။ ဒီအကြောင်းကို ပြန်ပြောမိတိုင်း အတိတ်ရဲ့တစိတ်တပိုင်းက အရိပ်သမိုင်းလိုလိုနဲ့ လွမ်းဆွတ်ဖို့ကောင်းတယ်။ အဲဒီခေတ်က လူငယ် တိုင်းရဲ့ ရင်ထဲမှာ နယ်ချဲ့ကို တိုက်ထုတ်ဖို့ဆိုတာ အမြဲရှိနေတယ်။ မြန်မာပြည်အ၀ှမ်းမှာ လူငယ်တွေ နည်းမျိုးစုံနဲ့ တိုင်းပြည်ရှေ့ရေးအတွက် တာစူနေကြတဲ့ကာလပါ။
.
ဒီအချိန်မှာပဲ ဒီကဗျာလေးက အချိန်ကိုက်ဖြစ်သွားတယ်။ တတိုင်းပြည်လုံး လွမ်းမိုးသွားခဲ့တယ်။ ဘာမလျှော့လေနဲ့ လာတော့မကွဲ့ ရွှေပဟိုရ် လေချိုက အသွေးတဲ့။ ဘယ်သောအခါမှ ဒူးမထောက် ဘူး၊ လက်မမြှောက်ဘူး၊ ဘယ်သောခါမှ မရပ်နားဘူး၊ ရန်သူကို မနားတမ်း၊ မရပ်တမ်း၊ တွန်းလှန် သွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ရာသီမရွေး ထာဝရလန်းနေတတ်တဲ့ သပြေညိုပန်းနဲ့ ဆရာက တိုင်းပြ ည်ကို၊ ရဟန်းရှင်လူ ပြည်သူအပေါင်းကို တပ်လှန့်လိုက်တာ၊ နှိုးဆော်လိုက်တာပါ။
.
ဒီကဗျာလေးကို စာဖတ်သူတို့ အားလုံးဖတ်ဖူးသလို အလွတ်ရနေမှာပါ။ ဘာကြောင့်လဲ။ ခင်ဗျားတို့ အသွေးထဲမှာ ဗိုလ်ချုပ်တို့ လူငယ်ဘ၀က အင်္ဂလိပ်နဲ့ ဂျပန်ကို တွန်းလှန်တုန်းကလို မတရားမှုကို လက်ပိုက်ကြည့်မနေဘူးဆိုတဲ့ စိတ်ဓာတ်၊ အမှန်တရားအတွက် တိုက်ပွဲဝင်မယ်ဆိုတဲ့ စိတ်ဓာတ်က ဓာတ်ချင်းဆက်နေတယ်။ တူနေတယ်လို့ ကျနော် ပြောချင်ပါတယ်။ ဒါကြောင့် အလွတ်ရနေတာ ဖြစ်ဖို့များပါတယ်။ ခံစားပြီး စဉ်းစားကြည့်တာပါ။
.
ကဗျာကိုချစ်လို့ ရသမြောက်မှုကို ခံစားတတ်တာလဲရှိပါတယ်။ အတွေးအမြင်လှလို့ ကြိုက်ကြတာ လဲရှိမှာပေါ့။ ရည်ရွယ်ချက်ကောင်းလို့ နှစ်ထောင်းအားရ ကျေနပ်ပီတိ ဖြစ်မိတာတွေလဲရှိမှာပါ။ ကျနော့်အတွက်တော့ အားလုံးပါတယ်။ ဒီကဗျာကို ဖတ်ပြီး ကြက်သီးမွေးညင်း ထမိအောင် ဖြစ်ရ တယ်ဗျာ။ သူတို့ခေတ် သူတို့ကာလက ပုံရိပ်တွေလဲ ထင်နေဆဲပဲလေ။
.
ကျနော် ခံစားရသလို ဒီကဗျာအကြောင်းကို အသေးစိတ် ပြောပြသွားသူ ဆရာတင်မိုးလည်းပဲ ခံ စားရကြောင်း ပြောဖူးတယ်။ ကြက်သီးမွေးညင်းထအောင်၊ စိတ်ဓာတ်တက်ကြွအောင် ပေးစွမ်း နိုင်တဲ့ကဗျာဖြစ်ကြောင်း ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောင်းအောက်မေ့ဖွယ် လွမ်းဆွတ် သတိရစွာနဲ့ ပြောသွားတယ်။
.
နှစ်သစ်အကြို အောင်သပြေအကြောင်းကို ကဗျာသုံးပုဒ်နဲ့ စာရေးဖော်ပြဖို့က မူလရည်ရွယ်ချက်ပါ။ အခုတော့ ဒါလေးတွေ ရေးမိပြီ။ ဒီဘလောက်စတုန်းကလည်း ဒီကဗျာ အကြောင်းလေးကို နဲနဲရေး ထားပါသေးတယ်။ လောလောဆယ် ရေးမိတာပဲ တင်လိုက်တော့မယ်။ ကဗျာသုံးပုဒ်က သပြေညို (မင်းသုဝဏ်)၊ သမီးလက်သို့ သပြေခက် (ဆရာတင်မိုး)၊ သပြေညိုစွမ်းအား (ကိုသက်) တို့ဖြစ်ပါ တယ်။ နောက်မှရေး ကြသေးတာပေါ့ဗျာ။
.
သင်္ကြန်ကူးတဲ့ နှစ်သစ်ဦးမှာ လူသစ် စိတ်သစ် အမြင်သစ်တွေနဲ့ အားသစ်လောင်းနိုင်ပါစေဗျား
.
ကိုသက်
.
.

Read more...

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP