Tuesday, October 6, 2009

ထောင်ကလွတ်တဲ့ ရဟန်းတော်တွေ

.
ထောင်ထဲက လွတ်မြောက်လာခဲ့တဲ့ ရဟန်းတော်တွေ၊ ကျောင်းသားတွေ၊ နိုင်ငံရေးသမား တွေ အခြေအနေကြားရတာ ၀မ်းသာစရာပါ။ ဘာရည်ရွယ်ချက်နဲ့ပဲ ပြန်လွှတ် လွှတ်၊ လွတ် မြောက်ခြင်းဟာ လွတ်လပ်ခြင်းတခုမို့ အားလုံးက ကြိုဆိုလျှက်ပါ။
.
ထောင်ကထွက်တဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေ မိဘမောင်နှမ၊ ဆွေမျိုးမိတ်ဆွေတွေ နဲ့ ပြန်လည်နေခွင့်ရလို့ ပျော်စရာပါ။ ထို့အတူ နိုင်ငံရေးသမားများအနေနဲ့လဲ နှစ်ရှည်လများ ထောင်ထဲမှာ နေခဲ့ရပြီးတဲ့နောက် ထောင်က ထွက်တဲ့နေ့မှာ မိသားစုများ၊ ဆွေမျိုးနဲ့ လုပ် ဖော်ကိုင်ဖက်များကို ပြန်လည်ဆုံဆည်းခွင့်ရလို့ ကျေနပ်ပျော်ရွှင်စရာဖြစ်ပါတယ်။
.
ထိုအထဲမှာ ထောင်က ထွက်တဲ့ရဟန်းတော်များရဲ့ဘ၀က ပျော်စရာ မကောင်းပါဘူး။ ထောင် ထဲမှာ ရဲဖက်အပို့ခံရရင်လဲ လာရောက်နှုတ်ဆက်မည့်သူ မရှိပါ။ ထောင်ဝင်စာ လာပေးမဲ့သူ တွေ့မဲ့သူလဲ မရှိပါ။ သာမန်လူသားတဦး ထောင်ကျလို့ ရဲဘက်စခန်းတွေ အရွှေ့အပြောင်း တွေမှာ မိသားစုနဲ့ မိတ်ဆွေများက လာနှုတ်ဆက်ကြတာရှိပေမဲ့ ထိုသူများနဲ့အတူထောင်ကျ တဲ့ ရဟန်းတော်များအနေနဲ့တော့ နှုတ်ဆက်မည့်သူ မရှိပါ။ သူတို့အတွက် ဒီအချိန်ဟာ ၀မ်း အနည်းရဆုံးအချိန်ဖြစ်ကြောင်း ပြန်လည်ရင်ဖွင့်ပါတယ်။
.
မကြာသေးမီ ရက်များအတွင်းမှာ ထောင်က ထွက်လာတဲ့သူတွေထဲမှာ ရဟန်းတော်များလဲ ပါ ပါတယ်။ သူတို့ထောင်က အထွက်မှာ မူရင်းနေခဲ့တဲ့ကျောင်းကို ပြန်တော့ အဲဒီဘုန်းကြီး ကျောင်းက သူတို့ကို လက်မခံခဲ့ဘူး။ နေစရာ သီတင်းသုံးစရာ မရှိလို့ ရွာလည်နေတာပေါ့ လေ။ လက်မခံခြင်းအကြောင်းက စစ်အာဏာရှင်တွေကိုယ်တိုင် ကျောင်းထိုင်ဆရာတော်ကို လာရောက် ခြိမ်းခြောက်ထားတာ၊ သို့မဟုတ် သူ့ဖက်ပါအောင် ပေါင်းထားတာ၊ သို့မဟုတ် စစ်အာဏာရှင်တွေ ငြိုငြင်မှာ ကြောက်တာ၊ ဒါတွေ အားလုံးဖြစ်နိုင်ပါတယ်။
.
အမျိုးဘာသာ သာသနာအတွက် လုပ်ပေမဲ့ လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့ သံဃာ တော်များကို ကူညီမည့်သူ မရှိပါ။ ကြာတော့လည်း နိုင်ငံချစ်ရင် မျိုးချစ်စိတ်ရှိရင် အပြစ်ရှိ တယ်ဆိုတဲ့ အတွေးအမြင်က လက်ရှိခံစားချက်ကို မီးမောင်းထိုးပြသလိုဖြစ်ပြီး မျိုးချစ်တဲ့ ရဟန်းရှင်လူ ပြည်သူလူထု မျိုးဆက်သစ်တွေ တိုင်းပြည်အတွက် ဆုတ်ယုတ်ကုန်တော့မှာ စိုးရိမ်ရပါတယ်။ လက်ရှိအခြေအနေအရ ထောင်ထွက်သံဃာတော်များ ရန်ကုန်မှာရှိတဲ့ သူ တို့ သီတင်းသုံးခဲ့တဲ့ကျောင်းတွေက လက်မခံလို့ မွေးရပ်မြေကို ပြန်ရတော့မယ်။
.
တချို့ဆို မွေးရပ်မြေ ကျောင်းကတောင် လက်မခံဘူးလို့ ကြားရပါတယ်။ ဒါတော့လည်း လုံး ၀ကို မှားယွင်းနေပါပြီ။ ကြာတော့ သံဃာတွေ ချောင်ပိတ်ရိုက်သလိုဖြစ်လို့ လူထွက်ရရုံပဲ ရှိ တော့မယ်။ မဖြစ်ကောင်းပါဘူး။ သံဃာဆိုတာ ဘုရားရှင်ကိုယ်တော်တိုင် အလေးအနက် ထား အားထားရတဲ့ပုဂ္ဂိုလ်တွေမို့ တိုင်းပြည်ရဲ့ ကျက်သရေဆောင်တွေဖြစ်ပါတယ်။
.
နီးစပ်ရာ ပြည်သူပြည်သားတွေက မိမိတို့အနားမှာ ကျောင်းနေစရာမရှိတဲ့ သံဃာတော်များ ကို စွမ်းနိုင်သလောက် ကူညီသွားမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။
.
မြန်မာပြည်သူပြည်သား အပေါင်း စစ်အာဏာရှင်ဘေးက အမြန်ကင်းဝေပါစေလို့ ဆုတောင်း ပါတယ်ဗျာ။
.
.
ကိုသက်

Read more...

Wednesday, September 30, 2009

တို့ဘ၀တွေ

.
Gtalk မှာ မိတ်ဆွေတချို့နဲ့ဆုံဖြစ်တယ်။ ပြည်တွင်းကထက် ပြည်ပက မိတ်ဆွေနေနဲ့ စကား ပြောဖြစ်တာက များပါတယ်။
.
“ကိုဝင်းမြင့်ဦးရေ - ၀ံကြီးရှုပ်နဲ့ နိုင်ခြံကားရေး ၀ံကြီးတော့ ဖိနပ်တဲ့ အတီးခံရတယ် ကြား တယ်ဗျ”
.
“နဲတောင် နဲသေးတယ်ဗျာ၊ ဒီထက်မက ဖြစ်ရမှာ”တဲ့။
.
အတော်လေး မေတ္တာသက်ဝင်နေပုံပေါ်တယ်။ ဖိနပ်အစား သေနတ်နဲ့များ တီးချင်နေသလား မသိ။ ခံစားနေရတဲ့ ပြည်သူလူထုကြီးက သူတို့ကို ဘယ်သူမှ မကြည်ဖြူကြဘူးလေ။ ခံစား ချက်တွေ ကိုယ်စီနဲ့မို့ စစ်အာဏာရှင်တွေနဲ့ ပတ်သက်လာရင် ရှူးရှူးရှဲရှဲဖြစ်သွားကြတယ်။
.
ကိုဝင်းမြင့်ဦးက တောင်ကိုရီးယားကပါ။ မြန်မာအသင်းကို စတင်တည်ထောင်ကြပြီး ကိုရီး ယားရောက်လာတဲ့ မြန်မာတွေကို အတတ်နိုင်ဆုံး ကူညီပေးနေတဲ့ အသင်းက လူကြီးတ ယောက်ဖြစ်ပါတယ်။ သူ့ရင်ထဲမှာလဲ ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့အပြိုင် မြန်မာတွေရဲ့ အ ဖြစ်သနစ်ပေါင်းစုံက ရင်ထဲမှာ ရစ်ဝဲနေကြတယ်။ အလုပ်နဲ့ ကိုရီးယားထွက်လာသူတွေ တခု ခု အကြပ်အတည်းတွေ့ရင် သူတို့အဖွဲ့က ကူညီနေကြမို့ ကိုရီးယားရောက် မြန်မာဇာတ်လမ်း တွဲတွေက များစွာပါ။
.
အခုလဲ မကြာသေးခင်က စက်ရုံထဲမှာ အလုပ် လုပ်ရင်း ထိခိုက်ဒဏ်ရာရကာ ဆုံးသွားတဲ့ မြန်မာလူငယ်တဦးအတွက် ကူညီရေးတွေကို သူက ဆောင်ရွက်ပေးနေတယ်။
.
ကွယ်လွန်သွားသူရဲ့ နာမည်က ကိုအောင်သိန်း၊ သူက အမ်ဆောင်းမြို့လေးမှာ ရှိနေတဲ့ မြွေခွံ စက်ရုံမှာ ၂၀၀၄-ခုနှစ်ကတည်းက စတင်လုပ်နေခဲ့တာပါ။ ကိုအောင်သိန်း ကိုရီးယားကို ရောက်တာက ၁၉၉၉ ခုနှစ်ပါ။ အလုပ်တခုမှ တခုပြောင်းရင်း နောက်ဆုံးကွယ်လွန်ချိန်မှာ တော့ ဒီစက်ရုံမှာ လုပ်ရင်း မတော်တဆ ထိခိုက်မှုဖြစ်ကာ ကွယ်လွန်သွားရှာတယ်။ သြဂုတ် လ (၁) ရက်နေ့က ကွယ်လွန်သွားတာဖြစ်ပါတယ်။
.
သူ့မှာ ဇနီးသည်နဲ့ ကလေးငယ်တယောက် ကျန်ရစ်ခဲ့တယ်။ ဈာပနပွဲစီစဉ်သူတွေက သူ့ဇနီး ကိုရီးယားသို့ ရောက်သည်အထိ သူ့အလောင်းကို ထိန်းသိမ်းထားကြတယ်။ သူ့ဇနီးရောက် တဲ့အခါ ဈာပနအခမ်းအနား အစီအစဉ်လေးကို ကိုရီးယားအသင်းနဲ့ မြန်မာအသင်းက လူ ငယ်တွေ စုဝေးကာ ဆောင်ရွက်ပေးလိုက်ကြတယ်။
.
နောက်ပိုင်းမှာ ရော်ကြေးရဖို့ ကိစ္စကို မြန်မာအသင်းကပဲ ကူညီဆောင်ရွက်ပေးပါတယ်။ စက် ရုံပိုင်ရှင်သူဌေးနဲ့ ဇနီးကို တွေ့ဆုံပေးကာ စကားပြောကြပါတယ်။ လူသားချင်း စာနာတတ် ကြင်နာတတ်နဲ့ သူဌေးက ထိုက်ထိုက်တန်တန်ပဲ ရော်ကြေးပေးကာ တောင်းပန်ပါတယ်။
.
ဘာပဲဖြစ်ဖြစ် ဒီငွေကြေးဟာ ကျန်ရစ်သူ မိသားစုအတွက် အနာဂတ်ခရီးမှာ အသက်ဆက်ဖို့ ဖြစ်ပါတယ်။ တို့တတွေရဲ့ဘ၀က နိုင်ငံခြားမှာ အခြေအနေအမျိုးမျိုးနဲ့ အလုပ် လုပ်ကြရပြီး အ သက်မွေးဝမ်းကြောင်းရတဲ့ ရေမျောကမ်းတင် ဘ၀မျိုးတွေပါ။ ကိုယ့်တိုင်းပြည်မှာ နေချင်ပေ မဲ့ စားဝတ်နေရေးက မပြေလည်တော့ တပြေတရွာမှာ နေရာရှာရတယ်။ နောက်ဆုံးမှာ သင်း ချိုင်းကိုပါ ပြောင်းလိုက်ရတယ်။ ကိုယ့်ပြေမှာ ခေါင်းမချနိုင်တော့ဘူး။
.
အဆိုးတွေကြားမှာ ဆိုးတာတခုက ရတဲ့ရော်ကြေးငွေကို အခွန်ကောက်ဖို့ မြန်မာသံရုံးက ကျန်ရစ်သူ မိသားစုနောက်ကို တကောက်ကောက် လိုက်နေလို့ အခက်ဖြစ်နေတယ်။ ကိုယ့် ပြည်သူတွေ နိုင်ငံခြားမှာ ဒုက္ခရောက်နေတာကို ကူညီဖေးမရမည့်အစား အခွန်ကောက်ဖို့ပဲ စဉ်းစားနေတဲ့ သံရုံးရယ် လူစိတ်လေးလဲ မွေးပါအုံးလို့ တိုက်တွန်းပါရစေ။
.
ဒါကြောင့် ခင်ပွန်းဆုံးလို့ ရော်ကြေးရတဲ့ငွေလေးကို မြန်မာနိုင်ငံသို့ မယူရဲတော့ဘဲ ကိုရီးယား အသင်းနဲ့ မြန်မာအသင်း (ကိုရီးယား)တို့ရဲ့ စောင့်ရှောက်မှု ကူညီမှုဖြင့် ကိုရီးယားမှာပဲ ထား ခဲ့ရတယ်။ “နောင်ကို လိုတော့မှပဲ လှမ်းမှာပါရစေရှင်”တဲ့။ ကမ္ဘာမှာ မြန်မာဆိုတာ ကြင်နာ တတ်သူ၊ ဖော်ရွေခင်မင်တတ်သူ၊ ကူညီဖေးမတတ်သူလို့ အများကလေးစားခဲ့တွေ အခု တော့ လုံးဝကို ဆန့်ကျင်ဖက်ကြီး ဖြစ်နေပါပကော။
.
ဒါတွေကို ကိုယ်တိုင်ကူညီပေးနေတဲ့ မြန်မာအသင်းလူကြီးက သူတို့တွေ ဖိနပ်နဲ့အပေါက်ခံရ တာတောင် နည်းသေးတယ်ဆိုတော့ သေနတ်နဲ့ပစ်ချင်ပုံရတယ်။ အင်းလေ --- ပစ်မယ်ဆို လဲ ပစ်ချင်စရာကြီး။ သူတို့က ကိုယ့်အတွက်တာ ကိုယ်ကောင်းကြတာ။ လူထုအတွက်ကြ တော့ ရက်စက်လိုက်ကြတာ .....
.
.
ကိုသက်

Read more...

Saturday, September 26, 2009

ခွပ်ဒေါင်း ခင်းတဲ့လမ်း

.
တို့တိုင်းပြည်က ကမောက္ကမ
ခေတ်နောက်ကျလို့ ပက်လက်လန်
ယက်ကန် ယက်ကန်။
တော်လှန်ဟေ့ တော်လှန်
အသံက မြည်ဟိန်း။
ကျောချင်းခွာ ဖျာချင်းလု
ဘယ်သူ့ကို တော်လှန်ရမလဲ
လက်စ မသိမ်း။
.
ပန်းတိုင် ပျောက်ပါလို့
လှမ်းကိုင် ထောက်စရာ မရှိပြီ။
လက်ညှိုးတွေ ပြန်လှန်ထိုး
ယိုးစွပ်ကြသည်။
.
သွေးနဲ့လောင်းခဲ့ကြတဲ့
ခွပ်ဒေါင်းတို့ အာဇာနည်
ပြန်လည်၍ ကြည့်စမ်း။
ကိုယ်ကျိုးကို ဘယ်မငဲ့
ခင်းခဲ့တဲ့လမ်း။
မင်းတည့်တည့်လှမ်း။
.
ဆရာတင်မိုး
(၀၃၊ ၁၆၊ ၂၀၀၂)

Read more...

Thursday, September 24, 2009

HDR ဓာတ်ပုံအခြေခံနဲ့ နည်းစနစ်

.
.

.
.

.
မအားတာနဲ့ စာမရေးဖြစ်တာကြာပြီ။ ပြီးခဲ့တဲအပတ် သောကြာက စပြီး အတန်းတွေပြီးသွား လို့ အားသွားတယ်။ ဒါကလဲ ၂-ပတ်လောက်ပါ။ အားတုန်းမှာ စာပြန်ရေးဖြစ်အောင် ကိုယ့် ကိုယ်ကို တိုက်တွန်းပြီး ဘလောက်ထဲ ပြန်ဝင်ရတယ်။
.
ရေးပြချင်တဲ့အကြောင်းနဲ့ အကြောင်းအရာတွေက အများသားလား၊ ဒီထဲက ဓာတ်ပုံအ ကြောင်း စိတ်ဝင်စားသူတွေများလို့ HDR = High Dynamic Range ဓာတ်ပုံဖန်တီးပုံအ ကြောင်းလေးကို တင်ပြပေးပါ့မယ်။
.
ဒီဓာတ်ပုံကို ရိုက်တော့မယ်ဆိုရင် Tri Pod ကို မဖြစ်မနေ သုံးရတယ်။ သုံးရခြင်းအကြောင်း က ဓာတ်ပုံသုံးပုံလုံး လုံးဝတူနေအောင်လို့ပါ။ အကယ်၍ Tri Pod မသုံးဘဲ ကိုယ့်လက်နဲ့ပဲ ရိုက်မယ်ဆိုရင် လက်က မငြိမ်လို့ တပုံနဲ့တပုံ အလုံးစုံတူဖို့ဆိုတာ မလွယ်ပါဘူး။ လုံးဝမတူ ဘူးဆိုရင် HDR ဓာတ်ပုံဖန်တီးလို့ မရပါဘူး။ သို့အတွက် Tri Pod သုံးဖို့ မမေ့ပါနဲ့။
.
နောက်တချက်က auto-bracketing လုပ်ပါ။ ဒီလိုလုပ်လိုက်တဲ့အတွက် ဓာတ်ပုံရိုက်တဲ့အခါ မှာ ပုံသုံးပုံ ထွက်လာပါလိမ့်မယ်။ Tri Pod ပေါ်မှာပဲ ကိုယ်ရိုက်ချင်တဲ့ အရာတခုတည်းကို ဆက်တိုက် မရွှေ့ဘဲ သုံးပုံရိုက်ပါ။ အရာဝတ္ထုတူညီသော်လည်း မတူညီသော အလင်းအ မှောင် အရောင်ကွဲနဲ့ ပုံသုံးပုံထွက်လာပါလိမ့်မယ်။
.
bracketing လုပ်တာကို နားမလည်ရင် -2 ' -1 ' 0 ' +1 ' +2 ကို ကြည့်ပါ။ အလည်တည့် တည့်ဖြစ်တဲ့ သုညမှာ တပုံရောက်ပါ။ အမှောင်ဆုံးဖြစ်တဲ့ -2 မှာ မီတာတိုင်း၍ ထား၍ တပုံ ရိုက်ပါ။ နောက်ဆုံးတပုံကို +2 မှာ ထားပြီး ရိုက်ပါ။ အကယ်၍ အော်တိုဘရက်ကက်လုပ်ဖို့ မပါတဲ့ ကင်မရာတွေအတွက် ပြောတာပါ။ ယခုခေတ် ကင်မရာတွေက သိပ်ခေတ်မီတာမို့ ပါပြီးသားပါ။ မပါရင် မျက်စေ့နဲ့ကြည့်ရတဲ့ မှန်ပေါက်ထဲက မီတာကို ကြည့်၊ ပြောင်းပြီး သုံး ပုံရိုက်ပါ။ JPEG အစား RAW နဲ့ရိုက်ရင်တော့ ပိုကောင်းတာပေါ့လေ။
.
ပြီးရင် အဲဒီဓာတ်ပုံသုံးပုံကို Photoshop ထဲ ထည့်ပါ။ သို့မဟုတ် www.hdrsoft.com သို့ သွားပြီး software ကို download လုပ်ပါ။ လုံးဝတူအောင် မလှုပ်ဘဲ အရာဝတ္ထုတခုတည်း ကိုသာ ရိုက်ထားတဲ့ အမှောင်ပုံ၊ ပုံမှန်ပုံ၊ သိပ်လင်းတဲ့ပုံ = ပေါင်း သုံးပုံကို download လုပ် ထားတဲ့ software ထဲမှာ ထည့်လိုက်ပါ။ အဲဒီသုံးပုံကနေ တပုံတည်း ထွက်လာပါလိမ့်မယ်။
.
နောက်ဆုံးတပုံတည်း ထွက်လာတဲ့ပုံကို high light, shadow, mid tone သုံးမျိုးပြင်ကြည့် ပါ။ ဓာတ်ပုံကောင်းတပုံမှာ high light ပါသင့်သလို အရိပ်ပိုင်းဖြစ်တဲ့ shadow ပိုင်းလည်းပဲ ပါသင့်ပါတယ်။ ပြီးတော့ ဒီနှစ်ခုအကြားက mid tone ပေါ့လေ။ ဒါတွေ အဆင်ပြေပြေလေး ဖြစ်တယ်ဆို ဓာတ်ပုံက အတော်လေး ကြည့်လို့ ကောင်းပြီး အသက်ဝင်သွားတယ်။
.
အထက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံလေးပုံမှာ ပထမဦးဆုံး သုံးပုံကို ပေါင်းလိုက်တယ်။ အဲဒီ နောက် software က ကူညီပေးလိုက် နောက်ဆုံးတပုံ (စတုတ္ထပုံ) ထွက်လာခဲ့တယ်။ ဒါကို ပဲ အရောင်နဲ့ အလင်းနဲနဲပြင်လိုက်တာ ဓာတ်ပုံက အခြားသုံးပုံနဲ့ လုံးဝမတူတော့ဘဲ ကြွတက် လာပါတယ်။ အမှန်က တပုံရဲ့လိုအပ်ချက်ကို အခြားပုံတွေက ဖြည့်စွက်ပေးပြီး နောက်ဆုံး မှာ အကောင်းဆုံးတွေ စုနေတဲ့ပုံအဖြစ် ဖန်တီးတာပါပဲ။ ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်ပါ။
.
စာရေးသူအနေနဲ့ အနားမှာရှိတဲ့ Santa Fe ဆည်နားသွား၊ Tri Pod ထောင်ပြီး နေ၀င်ချိန် ဆည်းဆာကို ရိုက်ထားတာပါ။ လွယ်ကူသော နည်းစနစ်ဖြစ်ပြီး ဓာတ်ပုံကောင်းကောင်းရ နိုင်တဲ့ ဓာတ်ပုံရိုက်နည်းစနစ် တခုပင်ဖြစ်ပါတယ်။ ကျောင်းမှာတော့ Extra Credit အတွက် ကျောင်းသူ၊ ကျောင်းသားတွေကို ဆရာက ဒီပုံအရိုက်ခိုင်းပါတယ်။ .
ဓာတ်ပုံပညာဖြင့် လောကကို အလှပန်းဆင်နိုင်ပါစေဗျား။
.
.
ကိုသက်

Read more...

Sunday, July 5, 2009

လောစ့်အိန်ဂျလိစ် မြန်မာကျောင်း ၀ါဆိုပွဲအလှူ

.

အခုတလော ၀ါဆိုပွဲတွေ မြန်မာတွေ နေထိုင်ကြတဲ့ မြို့တွေက ဘုန်းတော်ကြီးကျောင်းတွေမှာ လုပ်ဖြစ်ကြတယ်။ ဒီနေ့က ၂၀၀၉-ခုနှစ်၊ ဇူလိုင် ၅-ရက်၊ တနင်္ဂနွေနေ့မို့ မြောက်ပိုင်းကာလီဖိုးနီးယားပြည်နယ်က ဆရာတော်ဦးသီ လာနန္ဒာဘိဝံသ တည်ထောင်ခဲ့တဲ့ ဓမ္မာနန္ဒ၀ိဟာရကျောင်းရဲ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲတော်နေ့ဖြစ်ပါတယ်။ ထို့အ တူ ကာလီဖိုးနီးယားပြည်နယ်၊ တောင်ပိုင်း၊ အယ်လ်အေမြို့၊ မြန်မာကျောင်းရဲ့ ၀ါဆိုသင်္ကန်းကပ်လှူတဲ့နေ့လည်း ဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကုသိုလ်ပြုကြတဲ့ပွဲတော်များဖြစ်ပါတယ်။
.

.
လောစ့်အိန်ဂျလိစ်မြို့ဝန်းကျင်မှာ မှီတင်းနေထိုင်ကြတဲ့ မြန်မာမိသားစုထံသို့ ဒီဖိတ်စာလေး ရောက်ပါတယ်။ ဖိတ်စာမူရင်းက မြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့ဖြစ်ပါတယ်။ ဒါကို ကျစ်ကျစ်လစ်လစ်ဖော်ပြနိုင်စေရန် တပိုင်းကိုပဲ ဖြတ်တောက်ဖော်ပြထားတာပါ။ ဖိတ်စာလေးက လူတိုင်းကို သတိပေးနှိုးဆော်နေတာဖြစ်ပါတယ်။ ဖိတ်စာထဲမှာ ၀ါဆိုသင်္ကန်းကပ်လှူကြောင်း ဖတ်မိရင် ကိုယ်တိုင်လဲ ကပ်လှူချင်လိမ့်မယ်။ ဖိတ်စာထဲမှာ တရားတော်နာ ရေ စက်သွန်းချအမျှဝေတာကို သိရရင် ကိုယ်တိုင်လာရောက် နာကြားချင်လာမယ်။ ထို့အတူ မြန်မာအစားအစာ စာ ရင်းကို မြင်ရင် မြန်မာပြည်ကို လွမ်းမယ်။ မြန်မာ့ဓလေ့အာဟာရများကို သုံးဆောင်ချင်စိတ် ၀င်လာမယ်။ ဖိတ် စာလေးတစောင် သာမန်မျှမြင်ရသော်လည်း အကျိုးသက်ရောက်မှုတွေက မရေတွက်နိုင်ပါ။
.
အလှူရှင်များက ဓမ္မမိတ်ဆွေတွေအပေါ်မှာ အတော်စေတနာထားကြပါတယ်။ မိသားစုဦးရေ ထောင်ကျော်ပေမဲ့ တံဆိပ်ခေါင်းဖိုး၊ စာအိတ်၊ စာရွက်ဖိုး စသည်တွေ အကုန်အကျခံ၍ အိမ်တိုင်းစေ့ စာပို့ပေးရှာပါတယ်။ တကယ် တော့ ကုန်ကျစရိတ်က မသေးလှပါ။
.
.
လောစ်အိန်ဂျလိစ်၊ မြန်မာကျောင်းအတွင်းမှာ တည်ထားကိုးကွယ်တဲ့ ကျောက်ဆင်းတုဖြစ်ပါတယ်။ ဆင်းတု တော်ကို ဦးချ၊ သပ္ပါယ်သော မျက်နှာတော်ကို ဖူးလိုက်ရရင် ငြိမ်းအေးမှုဓာတ်တွေ ကူးစက်ဝင်ရောက်လာပါ တယ်။ လောကသားတို့ ကောင်းကျိုးကို ထာဝရဆောင်နေတဲ့ ရှင်တော်ဗုဒ္ဓရုပ်ပွားတော်ဟာ သက်ရှိအတိုင်းပင် လူသားတွေရဲ့ အပူကို ဖေးကူဆောင်မပေးနေသလိုပါ။
.
ဘုန်းကြီးကျောင်းရဲ့ ဓမ္မာရုံလေးအတွင်းမှာ တည်ထား ကိုးကွယ်ထားပါတယ်။
.
.
ဝါဆိုပွဲဆိုသော်လဲ ၀ါဆိုသင်္ကန်းသက်သက်မျှ လှူဒါန်းခြင်း မဟုတ်ပါ။ အခုလို သာသနာ့အသုံးအဆောင်၊ သံဃာ့ အသုံးအဆောင် ပရိက္ခရာရှစ်ပါးကိုလည်း အလျဉ်းသင့်သလို ပြည့်ပြည့်စုံစုံဖြစ်အောင် လှူဒါန်းကြပါတယ်။ စေတ နာ အလွန်ကောင်း၍ တာဝန်ကျေကြတဲ့ အလှူရှင်များပင်ဖြစ်ပါတယ်။
.
အလှူရှင်တွေက ပြည့်စုံအောင် လှူဒါန်းတော့လဲ ရဟန်းတော်များအတွက် သင်္ကန်းအတွက် အခက်အခဲများမရှိ တော့ပါ။ ဆွမ်းကွမ်းကိစ္စ၊ ကျောင်းအဆောက်အဦကိစ္စ၊ ဆေးပစ္စည်းကိစ္စများမှာလဲ အလားတူ ခက်ခဲမှုမရှိပါ။ အ မေရိကမှာ နေကြပေမဲ့ မြန်မာအငွေ့အသက် လွှမ်းခြုံထားတဲ့ ပတ်ဝန်းကျင်မို့ ဘာသာ သာသနာ ယဉ်ကျေးမှု ပိုင်းတွေမှာ သိပ်အားကောင်းကြပါတယ်။
.
.
အမေရိကန်ပြည်ရဲ့ ၀ါဆိုလမှာပွင့်တဲ့ပန်းမို့ ၀ါဆိုပန်းအမှတ်တရ “၀ါဆိုပန်း”လို့ အမည်ပေးထားပါတယ်။ ဘုန်းကြီး ကျောင်းထဲမှာ အလေ့ကျသဘောမျိုးပေါက်နေတဲ့ ပန်းကလေးများကို ဓာတ်ပုံရိုက်ထားတာပါ။ မြန်မာပြည်မှာဆို ရဟန်းတော်များ ၀ါဆိုဝါကပ်ချိန်တွင် ၀ါဆိုပန်းများ ပွင့်လန်းကြတယ်။ အရောင်အသွေးချင်း ဆင်ဆင်တူသော်လဲ ပွင့်ပုံအနေအထား ပုံသဏ္ဍာန်ချင်း လုံးဝမတူကြပါ။
.
ဝါဆိုဖယောင်းတိုင်ရယ်၊ ၀ါဆိုပန်းရယ်ဆိုတာ ရဟန်းတော်များ ၀ါဆိုဝါကပ်ကြတဲ့အခါ ပါနေကြ၊ ဘုရားရှင်အား လှူဒါန်းနေကြဖြစ်ပါတယ်။ အထူးသဖြင့် အောက်ပြည်အောက်ရွာက ဘုန်းတော်ကြီးကျောင်းများမှာ အ၀ါရောင် ၀ါဆိုပန်းတွေက ၀ါဆိုမိုးနဲ့အတူ အပြိုင်ပွင့်လန်းကြလို့ ၀ါဆိုတဲ့ရဟန်းတော်များကို ၀ါဆိုမီ ခူးလှူကြမြဲပါ။ အစစ်မ ရှိတဲ့ နိုင်ငံခြားမှာတော့ ခပ်ဆင်ဆင်ကလေးဖြစ်ရင်ပဲ အစားထိုးအဖြစ် ကျေနပ်နှစ်သိမ့်ရပါတယ်။
.

.

ပုံမှာပါတဲ့စာအတိုင်းပဲ ဒီပုံထဲက လူကြီးမင်းများဟာ အလှူရှင်များဖြစ်ပါတယ်။ ဒေါ်မြင့်မြင့်စိန်၊ ကိုဗစ်တာ၊ ဦးမြင့် သိန်း၊ ဒေါက်တာအောင်သွင်၊ ဒေါက်တာခင်ခင်သွင်၊ ဒေါ်ရီရီသွင်၊ ဒေါ်သန်းသန်းချို၊ ခေတ်ဟောင်းအဆိုကျော် ဦးအံ့ကြီး၊ ဦးစိုးအောင် ဒေါ်သစ်သစ် တို့ပင်ဖြစ်ပါတယ်။

.

အလှူပွဲအတွက် ကိုယ်တိုင် အပင်ပန်းခံပြီး ချက်ပြုတ်ကြပါတယ်။
.

.
အင်္ဂလန်မှ ရောက်လာကြသော အလှူရှင်များဖြစ်ပါတယ်။ ရောက်တုန်း ကြုံတုန်းမှာ ဘာသာ သာသနာအတွက် တတ်စွမ်းနိုင်တဲ့ဖက်က ပါဝင်ကုသိုလ်ယူကြခြင်းဖြစ်ပါတယ်။
.
.
.
.
မြန်မာကျောင်းဆရာတော်ကြီး ဘဒ္ဒ န္တသုန္ဒရ မထေရ်အား ၀ါဆိုသင်္ကန်းလှူဒါန်းနေကြသော လောစ့်အိန်ဂျလိမြို့ နေ ဓမ္မမိတ်ဆွေများဖြစ်ပါတယ်။ လူဘယ်လောက်ပဲများများ အပင်ပန်းခံကာ ဆရာတော်ကိုယ်တိုင် သင်္ကန်းအ လှူကို ခံယူပေးပါတယ်။
.
.
.
.
အလှူဒါနအတွက် ရေစက်သွန်းချ အမျှဝေနေကြသော အလှူရှင်နဲ့ ကြွရောက်လာကြသော ဧည့်သည်တော် ဓမ္မ မိတ်ဆွေ အချို့ဖြစ်ပါတယ်။ ရေစက်ချသောအခါ သင်္ကန်းအလှူတော်နဲ့ ၀ါဆိုပွဲတော်တွင် ကုန်ကျစရိတ်အလှူ တော်များတွက်တွင်သာမကဘဲ ကွယ်လွန်သွားသော ဒေါက်တာအောင်သွင်ရဲ့မိခင် ဒေါ်ညွန့်မေအတွက်ကိုလည်း သုံးလမြောက်ကုသိုလ်အဖြစ် အလေးအနေက်ထားကာ အမျှဝေသွားပါတယ်။
.
တရားအနုမောဒနာအဖြစ် ၀ါဆိုရခြင်း အကြောင်းရင်းဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဟောကြားတော်မူပါတယ်။ အထူးသဖြင့် ရဟန်းတော်များ ၀ါဆိုရတဲ့ဝိနည်းမှာ ဥပဒေစည်းကမ်းများသာဖြစ်တဲ့အကြောင်းကို နားလည်လွယ် အောင်ရှင်းပြပြီး စည်းကမ်းရှိသူများဟာ ကြီးပွားတိုးတက်အောင်မြင်နိုင်ကြောင်းကိုလည်း ခေတ်နဲ့အံဝင်အောင် ဆရာတော်ဘုရားက ချီးမြှောက်ဟောကြားပေးပါတယ်။
.
ပျော်ရွှင်စရာ ၀မ်းမြောက်ဝမ်းသာစရာ ကောင်းသော ကုသိုလ်ပွဲပင်ဖြစ်ပါတယ်။
.
.
ကိုသက်
.
.

Read more...

Sunday, June 28, 2009

ဝါဆိုသင်္ကန်းကပ်လှူပွဲများ

.

.
ဝါဆိုလဟာ နွေအကုန် မိုးအစ နေ့တာရှည်၍ ညတာတိုသောလဖြစ်ပါတယ်။ အထူးဖြင့် ၀ါဆိုလပြည့်နေ့ဟာ နေ့ ထူးနေ့မြတ်အဖြစ် အများသိကြပါတယ်။ “သန္ဓေ, တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” လင်္ကာအတိုင်းပဲ မြတ် ဗုဒ္ဓလောင်းလျာ ပဋိသန္ဓေ နေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားတော်မူခြင်းနဲ့ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာ ပြတော်မူခြင်း ထူးမြတ်သောအကြောင်းများကြောင့်ဖြစ်ပါတယ်။
.
ဝါဆိုလတွင် ပဉ္စင်းခံရှင်ပြုပွဲတော်နဲ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲတော်များကို ကျင်းပလေ့ရှိပါတယ်။ ၀ါဆိုလပြည့်နေ့ သည် ဗုဒ္ဓနှင့်ပတ်သက်၍ ထူးမြတ်တဲ့အကြောင်းများရှိလို့ အများက သိကြသလို ထိုနေ့သည် ပဉ္စ၀ဂ္ဂီငါးပါးတွင် အရှင်ကောဏ္ဍညမထေရ် ပထမဦးဆုံး ရဟန်းဖြစ်သောနေ့မို့လဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ ၀ါဆိုလတွင် ပဉ္စင်းခံရှင်ပြုပွဲကျင်းပရခြင်းအကြောင်းအချက်ဟာ ဧဟိဘိက္ခုရဟန်းအဖြစ် အရှင်ကောဏ္ဍညမထေရ် သာသ နာတော်အတွင်းသို့ စတင်ဝင်ရောက်လာမှုကို ပူဇော်သောအားဖြင့် ကျင်းပကြခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရှင်ရဟ န်းပြုပြီးသောအခါ ၀ါဆိုရန် အဆင်သင့်ဖြစ်တဲ့ဝါဆိုလဖြစ်သောကြောင့်လည်း ဖြစ်ပါတယ်။
.
နှောင်းပိုင်းခေတ်ဖြစ်တဲ့ ယခုကာလမှာတော့ ၀ါတွင်းအချိန်က လွဲ၍ အဆင်ပြေသော လရာသီတွင် ရှင်ပြုရဟန်း ခံခြင်းကောင်းမှုပွဲကို ပြုလုပ်နေကြပါပြီ။ ၀ါတွင်းကာလတွင် ရဟန်းပြုရန် ၀ိနည်းဒေသနာတော်အရ တားမြစ်ပိတ် ပင်ထားခြင်း မရှိသော်လည်း ရှင်ပြုရဟန်းခံပွဲများ ၀ါတွင်းကာလမှာ ပြုလုပ်ကြတာ အလွန်နဲပါတယ်။ ပဉ္စင်းခံရှင် ပြုတဲ့ဓလေ့ဟာ ဘုရားရှင်သက်တော် ထင်ရှားကာလကပင် စတင်ခဲ့တာဖြစ်ပါတယ်။
.
ထို့အတူ ၀ါဆိုပွဲဟာလည်း ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် စတင်ခဲ့တာပါ။ သာသနာတော်ကို စတင် တည်ထောင်ခါစ ကာလမှာ ရဟန်းတော်များ ၀ါဆိုခြင်းကိစ္စ မရှိပါ။ တဆယ့်နှစ်လပတ်လုံး သွားချင်သောနေရာ သို့ သွားနေကြသော ရဟန်းတော်များကို ဒကာ၊ ဒကာမများက ကဲ့ရဲ့ကြပါတယ်။ မိုးတွင်းကာလမှာ သာသနာပ တိတ္ထိများတောင် ဘယ်ကိုမှမသွားဘဲ နားနားနေနေ ရှိနေကြတယ်။ ယုတ်စွအဆုံး ငှက်များသော်မှ သူတို့သိုက် မြုံထက်မှာ သက်သက်သာသာနေကြတယ်။ ဘုရားရှင့်သား ရဟန်းတော်များကား အနားမရှိ တသွားတည်းသွား နေကြလို့ စိုက်ပင်ပျိုးပင်တွေ အနင်းခံရလို့ ပျက်စီးကုန်တယ်၊ ပိုးမွှားငယ်များ သေကြေပျက်စီးရတယ် စသဖြင့်ကဲ့ ရဲ့ပြစ်တင်ကြလို့ ဘုရားရှင်က ၀ါတွင်းသုံးလ ၀ါဆိုကြရန် ၀ိနည်းဒေသနာတော်ကို ပညတ်တော်မူပါတယ်။ ထိုအ ချိန်မှ စတင်၍ ၀ါဆိုဝါကပ်ခြင်းအမှု သာသနာတော်မှာ စတင်ပေါ်လာခြင်းဖြစ်ပါတယ်။
.
ဝါဆိုရာတွင် ပထမ၀ါ၊ ဒုတိယ၀ါလို့ နှစ်မျိုးရှိပါတယ်။ ပထမ၀ါဆိုသောရဟန်းတော်များသည် ၀ါဆိုလပြည့်ကျော် ၁-ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ သုံးလ၊ ဒုတိယ၀ါဆိုသော ရဟန်းတော်များသည် ၀ါခေါင်လပြည့်ကျော် ၁-ရက်မှ တန်ဆောင်မုန်းလပြည့်အထိ သုံးလ ၀ါဆိုရပါတယ်။ ပထမ၀ါဆိုရန် မမှီသော ရဟန်းတော်များဟာ ဒု တိယ၀ါ ဆိုရပါတယ်။ အလွယ်တကူ ပြောရပါသော် ရဟန်းတော်များ သက်တော်နဲ့ ၀ါတော်ကိုရေတွက်ခြင်းဟာ ၀ါတွင်းကာလတွင် ဆိုသောဝါကို တနှစ်တ၀ါ ရေတွက်၍ ပြောခြင်းဖြစ်ပါတယ်။ သာမန်လူသားတဦး သာသနာ့ ဘောင်တွင်းသို့ စတင်ဝင်ရောက်သောနှစ် ၀ါဆိုသည်မှ စတင်ရေတွက်ခြင်းပင်ဖြစ်ပါတယ်။
.
ရဟန်းတော်တပါး ၀ါဆိုသောအခါတွင် “ဤကျောင်းတိုက်အတွင်း၌ ၀ါတွင်းသုံးလပတ်လုံး သီတင်းသုံးနေထိုင် ပါမည်” ဟု ပါဠိဘာသာဖြင့် ရွတ်ဆိုကြခြင်းဖြစ်ပါတယ်။ တပါးရွတ်ဆိုပြီးတိုင်း ကျန်ရဟန်းတော်များက သာဓု ခေါ်ဆိုကြပါတယ်။ ၀ါဆိုဝါကပ်သော ရဟန်းတော်ဟာ ၀ါတွင်းသုံးလ ညဥ့်အိပ်ညဥ့်နေ အခြားအရပ်သို့ ကြွခွင့် မရှိပါ။ ဘုရားရှင်ကိုယ်တော်တိုင်ပင် ဗာရာဏသီပြည် မိဂဒါဝုန်တော နန္ဒိယကျောင်းတော်၌ ပထမ၀ါ ဆိုတော်မူ ၍ နောက်ဆုံးဝါအဖြစ် ဝေဠုဝရွာတွင် သီတင်းတော်မူခဲ့ပါတယ်။
.
ဝါတွင်းသုံးလ ညဥ့်အိပ်ညဥ့်နေခရီးထွက်တဲ့ ရဟန်းအတွက် ၀ါကျိုးပျက်ပါတယ်။ ၀ါကျိုးပျက်သော် သီတင်းကျွတ် လပြည့်ကျော် ၁-ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တလအတွင်းမှာသာ ကျင်းပပြုလုပ်ရသော ကထိန်အ လှူတော်ကို ပြုလုပ်ခွင့်မရှိတော့ပါ။ ဒါက ပထမ၀ါဆို၍ ၀ါကျိုး ၀ါပျက်သောရဟန်းတော်များအတွက်ဖြစ်ပါတယ်။ မူလကတည်းက ဒုတိယ၀ါဆိုသောရဟန်းတော်ဟာ လုံးဝကထိန်ခင်းခွင့် မရှိပါ။ သင်္ကန်းအလှူတော်မျှသာ ပြုနိုင်ပါတယ်။
.
ဝါဆိုပြီးသောရဟန်းတပါးအနေနဲ့ ၀ါတွင်းသုံးလ သွားခွင့်မရှိ ဆိုသော်လည်းပဲ “တုံသုံးတုံ” အကြောင်းပြချက်တခု ခု ပေါ်ခဲ့ပါသော် သွားခွင့်ရှိပါသေးတယ်။ ဒါနဉ္စ ဒါတုံ - အလှူပေးခြင်းငှါ အလှူခံပင့်ခြင်း၊ ဓမ္မဉ္စ သောတုံ-တရား နာခြင်းငှါ တရားဟောပင့်ခြင်းနဲ့ ဘိက္ခုံစ ပဿိတုံ-ရဟန်းတော်များအား ဖူးမြင်လို၍ ပင့်ဖိတ်ခြင်း အကြောင်းရှိပါ သော် ခုနစ်ရက်အတွင်းမှာ ပြန်လာပါမည်ဟု ၀ါပန်၍ သွားခွင့်ရှိပါတယ်။
.
ဝါဆိုဝါကပ်သော ရဟန်းတော်များကို လှူဒါန်းသောသင်္ကန်းကို ၀ါဆိုသင်္ကန်းခေါ်ပါတယ်။ ၀ါဆိုသင်္ကန်းကပ်လှူပွဲ ကို ၀ါဆိုခါနီးကာလနဲ့ ၀ါတွင်းကာလများမှာ ပြုလုပ်ကြပါတယ်။ သင်္ကန်းအပြင် ၀ါဆိုပန်းနဲ့ ဖယောင်းတိုင်များကို ရဟန်းတော်များအား ဒကာ၊ ဒကာမများက လှူဒါန်းကြပါသေးတယ်။ ၀ါဆိုပြီးသော ရဟန်းတော်များကို ပြီးလျင် ဂျင်းသုတ်၊ ကြက်သွန်သုတ်၊ အဖျော်ရည် စသည်များကို ဒကာ၊ ဒကာမများက လှူဒါန်းလေ့ရှိပါတယ်။ အမေရိက လိုနေရာမျိုးမှာတော့ ထိုအလေ့များ မတွေ့တော့ပါ။
.
ဖော်ပြထားသော ဓာတ်ပုံများဟာ အမေရိကန်နိုင်ငံရဲ့ အလယ်ပိုင်းတွင် တည်ရှိသော Springfield မြို့၊ ချမ်းမြေ့ကျောင်းတွင် ၂၀၀၉-ခုနှစ်၊ ၀ါဆိုသင်္ကန်းကပ်လှူပွဲကို ဇွန်လ ၂၇-ရက်၊ စနေနေ့မှာ ကျင်းပပြုလုပ်ခဲ့ သော မှတ်တမ်းဓာတ်ပုံများပင်ဖြစ်ပါတယ်။ ထိုပွဲသို့ ချီကာဂိုမှ ဆရာတော် ဦးကေသ၀၊ တောင်အာဖရိကမှ ဆရာတော် ဦးပညာနန္ဒနဲ့ ဖို့တ်ဝိန်းမြို့တွင် သီတင်းသုံးနေကြသော ဆရာတော်များက ကြွရောက်အားပေးခဲ့ကြ ပါတယ်။ အနီးဝန်းကျင်ရှိ ဒကာ၊ ဒကာမများကလည်း ၀ါဆိုသင်္ကန်းကပ်ပွဲသို့ သွားရောက်ကုသိုလ်ပြုကြပါတယ်။
.
.

.
.
ဝါဆိုသင်္ကန်းကပ်ပွဲသည် ဘုန်းကြီးကျောင်းမှာ ပြုလုပ်၍ ရသလို ဒကာ၊ ဒကာမအိမ်များသို့ ပင့်ဖိတ်၍ လှူဒါန်းပြု လုပ်နိုင်ပါတယ်။ ကထိန်သင်္ကန်းလို စည်းဘောင်သိပ်မများလှပါ။ မိမိတို့အိမ်များမှာ အန္တရာယ်ကင်း ဘေးရှင်းပရိ တ်ရွတ်ဖတ်ရင်း မိသားစု ၀ါဆိုသင်္ကန်းကပ်လှူပွဲလေး ပြုလုပ်လိုသူများကလည်း ၀ါဆိုသင်္ကန်းအလှူတော်ကို မိမိ တို့အိမ်ဂေဟာမှာ မင်္ဂလာရှိရှိ ပြုလုပ်ကြပါတယ်။ အောက်ဖော်ပြပါပုံတွင် Los Angelesနေ မြန်မာမိသားတစုက မိမိတို့အိမ်သို့ Norwalk မြို့၊ ဓမ္မသုခကျောင်းဆရာတော် ဦးသဇ္ဇန မထေရ်မြတ်အား ပင့်ဖိတ်ကာ ၀ါဆိုသင်္ကန်း လှူဒါန်းပြီး အမှတ်တရပုံဖြစ်ပါတယ်။
.
.
အမေရိကန်ပြည် တ၀ှမ်းမှာ ၀ါဆိုသင်္ကန်းကပ်လှူပွဲတွေ အာရှတိုက်သား ဗုဒ္ဓဘာသာဝင်တွေရှိတဲ့ ပြည်နယ်များ မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြတယ်။ အခြားပြည်ပ တိုင်းပြည်များမှာလည်း ထိုနည်းအတူပင်ဖြစ်မှာပါ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာလည်း ၀ါဆိုသင်္ကန်းကပ်လှူပွဲတော် နွှဲနေကြလောက်ရောပေါ့။ ဘာသာသာ သနာအဆုံးအမကို အလွန်မြတ်နိုးတန်ဖိုးထားတဲ့ မြန်မာပြည်သူ၊ ပြည်သား ဒကာ၊ ဒကာမအပေါင်း ဤကုသိုလ် အထောက်အပံ့ကို ရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ...
.
.
ကိုသက်
.

Read more...

Saturday, June 27, 2009

ပန်းခင်းသောလမ်း မဟုတ်ပါ

.
.

Homedepot သို့ အိမ်သုံးပစ္စည်းအတိုအစ ၀ယ်ဖို့ ရောက်ခဲ့တယ်။ အ၀င်လမ်းမှာပဲ တဖက်နိုင်ငံ မက္ကဆီကိုမှလာ တဲ့ လူငယ်လူကြီးတွေ အစုလိုက်ပဲ လက်ထောင်ပြနေတယ်။ သင်္ကေတသဘောက အလုပ်လိုချင်လို့ သူတို့ကို အ လုပ်ငှါးမလားလို့ အလုအယက် ခေါ်နေတာပါ။ အိမ်မှာ သန့်ရှင်းရေးနဲ့ အနုအကြမ်းအလုပ် အားလုံးကို သူတို့တွေ လုပ်နိုင်တယ်။ လိုအပ်ရင် အဲဒီနေရာမှာပဲ ဈေးပြော၊ အချိန်ပြော၊ နေရာပြောပြီး ကြိုက်ရင် ကိုယ့်ကားပေါ်မှာ တ ခါတည်း ခေါ်တင်လိုက်ရုံပဲ။ ညနေ အလုပ်ပြီးရင် လုပ်အားခပေး၊ သူတို့နေတဲ့နေရာ ပြန်ပို့ပေးရုံပဲ။
.
နေက အတော်လေး မြင့်နေပြီ။ သူတို့လူစုက လက်ပြ အလုပ်တောင်းနေဆဲပဲဆိုတော့ ဒီနေ့အဖို့ ဒီလူငယ်တွေ ကံကောင်းပုံမပေါ်ဘူးပေါ့။ သူတို့ကို ငှါးမည့်သူမရှိတော့ တနေ့တာ လုပ်အားခ ရဖို့ လမ်းမမြင်တော့ဘူး။ ဒီလိုနဲ့ နေကုန်အောင် နေပူရှိန်အောက်မှာ သူတို့တွေ ဘယ်လောက်များ စောင့်နေကြဦးမှာလဲ စဉ်းစားဖြစ်တယ်။ တ ပြည်တရွာမှာ ဖွေရှာရတဲ့အလုပ်က ပန်းခင်းသောလမ်းတော့ မဟုတ်ပါ။ အကယ်၍ အကြောင်းတခုခုနဲ့ ရဲက လာ ဖမ်းရင် သူတို့တွေ အဖမ်းခံရဦးမှာ။
.
သူတို့တွေကို မြင်တော့ ထိုင်းနိုင်ငံမှာ တ၀မ်းတခါးအတွက် လုပ်စားနေရတဲ့ ကိုယ့်လူမျိုးတွေဘ၀ကို မြင်ယောင် မိတယ်။ စာနာမိတယ်။ ကိုယ့်ပြေကို ချစ်သော်လဲ အသက်ရှည်နေထိုင်စားသောက်ရုံမျှ အလုပ်လေးတခုကိုရဖို့ ကိုယ့်ပြေမှာ မဖြစ်နိုင်တော့လဲ သူများတိုင်းပြည်ထဲကို နည်းမျိုးစုံနဲ့ဝင်ခဲ့ရရှာတယ်။ တဖက်နိုင်ငံ ထိုင်းမှာ အ လုပ်ရှင်က ညစ်ချင်ညစ်မယ်။ ငွေလိုချင်လို့ ရဲက ဖမ်းချင်ဖမ်းမယ်။ ကျီးလန့်စာစား၊ မြွေပူရာ ကင်းမှောက်ဘ၀မျိုး နဲ့ ကိုယ့်လူမျိုးတွေ မျက်နှာသိပ်ငယ်ရရှာတာတွေ အားလုံးအသိပါပဲ။
.
မလေးရှားရောက် ကျနော်တို့လူမျိုးတွေ ထိုနည်းလည်းကောင်းပါ။ ကြားရတာ မလေးရှားမှာ အတော်ဆိုးတယ်။ အသက်ရှူပေါက်လေးအဖြစ် သူများနိုင်ငံမှာ အခြေချချင်သော်လဲ ငွေရရင်ပြီးရော ဘာမဆိုလုပ်မယ်ဆိုတဲ့ မ လေးရဲရဲ့ ဘေးကလည်း မသေးဘူးမဟုတ်လား။ ပြေးစရာမြေကလဲ မရှိလေတော့ မှိတ်ကြိတ်ပြီး လုပ်နေရရှာပါ တယ်။ ရဲဖမ်းတော့လဲ ကျစ်ကျစ်ပါအောင် စုထားသမျှလေးတွေနဲ့ ပြန်ရွေးရရုံပဲလေ။ ကိုယ့်ပြေမှာ ကိုယ့်လူမျိုးအ ချင်းချင်းဖြစ်တဲ့ စစ်ခေါင်းဆောင်တွေကတောင် နှိပ်စက်ကလူပြုမူ ရက်စက်နေမှတော့ သူများတိုင်းပြည်ရှိရဲက ကိုယ့်လူမျိုးတွေကို နှိပ်စက်တာ၊ ငွေညှစ်တာ၊ ရက်စက်တာ မဆန်းသလိုပဲ။ ရွှေပြည်တော် မျှော်တိုင်းဝေးတဲ့ ဘ ၀အခြေအနေမျိုးမှာ ပြည်တွင်းနဲ့စာရင် ပြည်ပက တော်လိမ့်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်လေးတွေနဲ့ အားတင်း ပြီးတော့ ဆက်လက်ရှင်သန် ရပ်တည်နေရတာပဲလေ။
.
ဒီနိုင်ငံတွေထက် ပိုတိုးတက်ပါတယ်ဆိုတဲ့ ကိုရီးယားမှာလဲ အခြေအနေက သိပ်မကောင်းလှဘူး။ အလုပ်သမား ဗီဇာနဲ့လာတဲ့ မြန်မာတွေ တဖွဲဖွဲတော့ ရောက်လာနေတာပဲ။ ကိုရီးယားအစိုးရက တရားဝင်ခွင့်ပြုတဲ့ ဗီဇာနဲ့ ရောက်လာကြတာပါ။ အလုပ်က စိုက်ပျိုးရေး၊ ပင်လယ်ငါးဖမ်းလုပ်ငန်းနဲ့ စက်ရုံတွေမှာ လုပ်ဖို့အတွက် ရောက် လာကြတာပါ။ လခက ကိုရီးယားငွေ ကိုးသိန်းကျော်ရတယ်လို့ သိရပါတယ်။
.
မြန်မာအသင်း ကိုရီးယားက ကိုဝင်းမြင့်ဦးနဲ့ စကားစပ်မိလို့ ဒီအကြောင်းတွေ ဆွေးနွေးဖြစ်တယ်။ သတင်းတွေ က ကိုယ့်လူငယ်တွေ အခြေအနေကောင်းဖို့အတွက် အလားအလာက သိပ်မဟန်ချင်ဘူး။ ငါးဖမ်းအလုပ်နဲ့ ရောက်လာတဲ့ လူငယ်တဦး ပင်လယ်ထဲ ကန်ချခံရတာ အမြင်မတော်သူတွေ ကယ်ဆယ်လို့ အသက်ဘေးက ချမ်းသာရာရခဲ့တဲ့အကြောင်း၊ ဒီမတရားမှုအတွက် တာဝန်ယူအာမခံပေးမည့်သူ မရှိလို့ ခေါင်းငုံ့ခံခဲ့ရတဲ့အ ကြောင်းတွေက စိတ်မကောင်းစရာ အဖြစ်တွေပါ။
.
နိုင်ငံခြားမှာ ငါးဖမ်းတဲ့အလုပ် လုပ်ဖို့ထွက်လာသူအများစုက ရန်ကုန်သားတွေမို့ ပင်လယ်၊ မြစ်ချောင်းအတွေ့အ ကြုံမရှိသူတွေပါ။ တချို့ဆို ရေတောင် မကူးတတ်ရှာဘူးလေ။ ၀မ်းစာရေးပေမို့ တပြေတရွာသို့ မနေသာလို့ ထွက်ခဲ့ရသော်လည်း ငါးဖမ်းတဲ့အတွေ့အကြုံက ဘာတခုမျှ မရှိရှာပေဘူး။ ငါးဖမ်းတဲ့လူဆိုတဲ့ ကိုရီးယားတွေက လည်း မိုက်ရိုင်းတာတွေ ပါတာမို့ ကိုယ့်လူငယ်တွေနဲ့ အထာမကျဘူး၊ အဆင်မပြေကြပါဘူး။ ဒီအလုပ်အဆင်မ ပြေလို့ နောက်အလုပ်တခုကို ပြောင်းဖို့ဆိုတာကလည်း ငါးဖမ်းတဲ့အလုပ်နဲ့လာသူဟာ ငါးဖမ်းတဲ့အလုပ်ကိုသာပဲ လုပ်ခွင့်ရှိတယ်ဆိုတဲ့ လက်ရှိကိုရီးယားအစိုးရဥပဒေကြောင့် အခက်ပေါ့။ တခုပဲရှိတာက တရားမ၀င်နေပြီး ရတဲ့ အလုပ်ကို စရိတ်ကြေအောင် လုပ်ရုံပဲရှိတော့တယ်။
.
စိုက်ပျိုးရေးနဲ့လာသူတွေမှာလဲ အခက်အခဲပေါင်းက သောင်းခြောက်ထောင်ပါ။ နိုင်ငံတကာက ကုမ္ပဏီတိုင်းမှာ အလုပ်သမားတွေအတွက် နားချိန်ဆိုတာ သတ်မှတ်ပေးထားတယ်။ ကိုရီးယားက မြန်မာစိုက်ပျိုးရေးအလုပ်သ မားလေးတွေရဲ့ ဘ၀မှာတော့ နားချိန်မရှိဘဲ နံနက် (၅)နာရီကနေ ည(ဂ)နာရီဆိုတော့ မလွယ်ကြောပါလားဗျာ။ အလုပ်ရှင်တွေက သူတို့ကိုယ်တိုင်တော့ နားတယ်။ အလုပ်သမားတွေကိုတော့ နိုင်ငံခြားက ငှါးတာဆိုပြီးတော့ နားချိန်မရှိအောင်ကို ခိုင်းတာ။ စက်ရုပ်မှ မဟုတ်တာဘဲ ကြာတော့ ထွက်ပြေးရတာပေါ့။
.
အမှန်က တလုပ်သမားတဦးအနေနဲ့ နားချိန်အပါအ၀င် တနေ့တာ အလုပ်ချိန်က (၈)နာရီဖြစ်ပါတယ်။ အခုဟာ က လွန်လွန်းတယ်ဗျာ။ ပိုခိုင်းတဲ့အချိန်တွေအတွက် အချိန်ပိုကြေးဆိုတာ ဝေလာဝေးပေါ့။ ပြီးတော့ အစားအ သောက်က ပြဿနာတက်သေးတယ်။ နေ့စဉ် ထမင်းနဲ့ ကင်ချိဆိုတော့ အလုပ်ကြမ်းသမားက ဘယ်စားနိုင်မှာ လဲ။ ကျားကြောက်လို့ ရှင်ကြီးကိုးကွယ်ကာမှ ကျားထက်ဆိုးတဲ့ အဖြစ်မျိုးပါလားဗျာ။
.
ကိုရီးယားသို့ စက်ရုံအလုပ်နဲ့ ရောက်လာသူတွေ အခြေအနေက ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေထက်စာ ရင် တော်ပါသေးတယ်။ ဒီအလုပ်ရှင်မကောင်းရင် ဟိုဘက်အလုပ်ရှင်ထံ ပြောင်းခွင့်ရှိတယ်။ ဒီစက်ရုံအလုပ်ကို မကြိုက်ရင် အခြားစက်ရုံအလုပ်တွေကို ပြန်ပြောင်းရှာခွင့်၊ လုပ်ခွင့်ရှိပါတယ်။
.
ပြည်ပနိုင်ငံတချို့ကို ရောက်နေတဲ့ ကျနော်တို့လူငယ်တွေရဲ့ဘ၀ အခြေအနေက စာဖတ်သူတို့ ကြားသိရတဲ့အတို င်းပါဘဲ။ တောင်မင်းကို မြောက်မင်း မကယ်ယူပေးနိုင်တဲ့ဘ၀ပါ။ အရမ်းအဆင်ပြေနေလို့ ပန်းခင်းသောလမ်းကို မမှန်းပါဘူး။ အတော်အသင့်လောက် အဆင်ပြေရင်ကို ကျေနပ်နှစ်သက်နိုင်ပါပြီ။ အခုအချိန်အထိတော့ သူတို့ လေးတွေဘ၀က ခရောင်းလမ်းမှာ စမ်းတ၀ါးဝါးနဲ့ လျှောက်နေဆဲပါပဲ။
.
ကိုသက်

Read more...

Friday, May 22, 2009

သူခိုးဘေးက ဝေးပါစေ

.
.

မရောက်တာကြာပြီဖြစ်တဲ့ မိတ်ဆွေအိမ်ရောက်သွားတယ်။ မြန်မာပြည်ပြန်မဲ့ သူတို့မိခင်ကြီးထံ လူကြုံပါးချင် လို့ အချိန်မီ သွားလိုက်တယ်။ သူတို့ပြောနေတဲ့ စကားဝိုင်းမှာ ကိုယ်လည်းအဆင်သင့် ၀င်ပြောဖြစ်တယ်။ သူတို့ ပြောနေတဲ့အကြောင်းက သူတို့အိမ်ကို သူခိုးလို့ထင်ရသူ ကပ်တဲ့အကြောင်းပါ။
.
အိမ်တံခါးလာခေါက်လို့ သွားဖွင့်လိုက်တာ လူစိမ်းတဦးဖြစ်နေတယ်လေ။ အိမ်ရှင်တွေနဲ့တွေ့တော့ အိမ်ရှေ့မှာ တပင်လုံးနီးပါး သီးနေတဲ့ စောင်းလျားသီးတွေကို ဒေါ်လာငါးရာဖိုးလောက် ၀ယ်ချင်လို့တဲ့ ပြောလာတယ်။ ရောင်း ဖို့မဟုတ်ပါဘူးရှင်ဆိုတော့ ပြန်ထွက်သွားတယ်။ အမှန်ဆို ကားကို အိမ်ရှေ့မှာ ရပ်ထားခဲ့ရမှာ။ အိမ်ရှင်က ၀ယ်ချင် ကြောင်းလာပြောသူ နောက်ကျောကို ကြည့်ရင်း ကားကိုရှာတာ မတွေ့ဘူး။ ဒါနဲ့ မသင်္ကာလို့ နောက်က လိုက်ပြီး ကြည့်တာ ကားကို နှစ်အိမ်သုံးအိမ်ကျော် အဝေးမှာ ရပ်ထားတယ်ဆိုပဲ။
.
အကယ်၍ လူမရှိလို့ ခိုးဖြစ်ခဲ့ရင် ဒီအိမ်မှာ ခိုးနေတယ်ဆိုတာ ပတ်ဝန်းကျင်က မရိပ်မိအောင် ကားကို ခပ်လှမ်း လှမ်းမှာ သွားရပ်ထားတာလေ။ ပြီးတော့လဲ တန်ဖိုးမရှိတဲ့ စောင်းလျားသီးတွေကို ဒေါ်လာ ငါးရာဖိုး ၀ယ်ချင်တယ် ဆိုတော့ ဘယ်ဟုတ်တော့မလဲ။ လူမရှိဘူးထင်လို့ လာခေါက်တာ အထဲကလူက တံခါးဖွင့် ထွက်လာတော့လဲ အ ခက်ပေါ့။ ဘာလုပ်ရမယ်မှန်း မသိဘူးလေ။ အနားမှာရှိတဲ့ စောင်းလျားပင်ကို အကြောင်းပြရတော့တာပေါ့။
.
အင်း ... တော်တော် အတင့်ရဲတဲ့ သူခိုးပဲ။
.
နောက်တခါ အဒေါ်ကြီးနေတဲ့အိမ်မှာ ဖြစ်ခဲ့သေးတယ်။ သူနေတဲ့ ရပ်ကွက်ကသိပ်ကောင်းတယ်။ ခိုးမှုလိုကိစ္စ မျိုး မကြားဖူး မဖြစ်ဖူးတဲ့ မြို့လေးပါ။ ဟောဗျာ ... အခုတော့ အဲဒီမြို့မှာပဲ ခိုးမှုတွေ အတော်များနေတယ်။ ညမှာ ဖြစ်တဲ့ ခိုးမှု၊ အိမ်ထဲဝင်တာတော့ မဟုတ်ဘူး။ အိမ်ရှေ့မှာ ရပ်ထားတဲ့ကားကို လာခိုးတာ။ ကားတံခါကို ဖွင့်နေစဉ် မှာပဲ ကားမှာ တပ်ဆင်ထားတဲ့ alarm က မြည်တော့တာပါပဲ။ alarm မြည်သံက ကြားတော့ အိမ်ရှင်က ပြူတင်း တံခါးကနေ အပြင်ကို ကြည့်လိုက်တယ်။ သူခိုးကို မြင်နေရတယ်။ ဒါလည်း သူခိုးက ဂရုမစိုက်ဘူး။ ဆက်ခိုးနေဆဲ ပင်ဖြစ်ပါတယ်။ ရဲဌာနကို ခေါ်ထားပေမဲ့ ရဲအရာရှိတွေ ရောက်မလာသေးဘူး။ alarm က ဆူဆူညံညံမြည်နေဆဲ သူခိုးကလဲ ဆက်ခိုးဆဲ၊ အိမ်ရှင်ကလဲ အထဲက အပြင်မထွက်ရဲဆိုတော့ ငြိမ်သက်နေတဲ့ ရပ်ကွက်လေး ဆူညံသွား တယ်။ အဆက်မပြတ်မြည်နေသံကြားတော့ ဘေးအိမ်တွေက မနေနိုင်ဘူးလေ။ လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။
.
ဘေးအိမ်တွေကလည်း သူခိုး ကားကို ခိုးဖို့ကြိုးစားနေတယ်ဆိုတာ သိတော့ အဝေးကနေ အားကောင်းတဲ့ ဓာတ်မီးတွေနဲ့ သူခိုးကို ၀ိုင်းထိုးထားကြတယ်။ ဒါလဲ သူခိုးက ဆက်ခိုးဖို့ ကြိုးစားနေဆဲပဲ။ နောက်ဆုံးတော့ သူခိုး လဲ မတတ်သာတော့ဘူးထင်တယ်။ လက်လျှော့ ထွက်ပြေးသွားလေရဲ့။ ရဲရောက်လာတော့ သူခိုးက မရှိတော့ဘူး။ အတင့်ရဲလိုက်တာနော်။ သူ့မှာ ခုခံဖို့ သေနတ်တွေ ဘာတွေ ပါလို့ဖြစ်မှာပေါ့။ တချို့မြန်မာအိမ်များဆို နှစ်ကြော့ ပြန် အခိုးခံရတယ်။ ပွဲကြမ်းလိုက်တာ၊ သူခိုးတွေ ပူလိုက်တာ၊ အိမ်မှာ တန်ဖိုးရှိတဲ့ပစ္စည်းကို မထားရဲလောက် အောင်ပဲ စိတ်မချရတော့ဘူး။ အမေရိကန်တွေလဲ လူထဲက လူဆိုတော့ ငတ်လာပြီဆိုရင် လုပ်ကြတာပါပဲ။ အထင် အမြင်ကို ပြောဆိုသူတွေကတော့ မက္ကဆီကန်တွေ ဖြစ်ဖို့များတယ်တဲ့။
.
စီးပွားကပ်ဆိုက်နေတဲ့ ဒီကာလမှာ လူတွေ အလုပ်မဲ့ကုန်ပြီ။ ဒီတော့ အလွယ်ကူဆုံးအလုပ်ကို လုပ်တော့တာ ပါပဲ။ ဒါက အရင်းမဆိုက်ရဘူး မဟုတ်လား။ ခိုးမှုတွေများလာတော့ alarm ကုမ္ပဏီတွေ အလုပ်ဖြစ်လာတယ်။ ဟုတ်တာ မဟုတ်တာထား လုံခြုံမှုအတွက်တော့ ဒီကုမ္ပဏီတွေထံက ၀ယ်ရတာပဲ။ ဒီအပြင် အိမ်ရှင်တွေ အပြင် ထွက်ဖြစ်တဲ့အခါ အိမ်တွင်းမှာ လူရှိသယောင်နဲ့ တယ်လီဘေးရှင်းနဲ့ ရေဒီယိုကို ဖွင့်ထားခဲ့ကြတယ်။ အကယ်၍ သူ ခိုးလာကပ်တယ်ပဲ ထားဦးတော့ အသံကြားရင် ရှောင်သွားကြတယ်။ မရှောင်သာလို့ ပက်ပင်းတိုးရင် နှစ်ဦးနှစ်ဖက် အန္တရယ်များတယ်။
.
တလောကဆို လူသတ်မှုတခုတောင်ဖြစ်တယ်။ သူကတော့ သူခိုးမဟုတ်ဘူး။ ဒါးနဲ့ထောက်ပြီး ပိုက်ဆံတောင်း တာမို့ ဒါးပြလို့ ခေါ်ရမှာပေါ့လေ။ မြန်မာပြည်ကနေ အမေရိကမှာ ကျောင်းလာတက်တဲ့ လူငယ်လေးနှစ်ဦး ညဖက် အတန်းပြီးလို့ အိမ်ပြန်ဖို့အတွက် ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေတုန်းဖြစ်တာပါ။ ထွားကြိုင်းတဲ့ လူကြီးတ ယောက်က သူ့လည်ပင်းကို ဒါးထောက်ပြီး ပိုက်ဆံအိတ်တောင်းတယ်။ အန္တရာယ်ကင်း ပြီးတာပဲ သဘောနဲ့ ပိုက် ဆံအိတ် ထုတ်ပေးလိုက်တယ်။ ပိုက်ဆံအိတ် လက်ထဲ ရောက်တော့ မသွားဘဲနဲ့ လူငယ်လေးကို လည်ပင်လှီး သတ်တယ်လေ။ အနားက သူငယ်ချင်းက ဒါကို မြင်တော့ အသက်လွတ်အောင် မနည်းကို ထွက်ပြေးလိုက်ရ တယ်လို့ သတင်းစာမှာ ပါလာတယ်။ တော်တော်ဆိုးတာပဲနော်။ အဲဒါ Cal State University, Northridge မှာဖြစ် ခဲ့တာပါ။ ဒီကာလမျိုးမှာ ကျောင်းလာတက်တဲ့ လူငယ်တွေလည်း ဘတ်စ်ကား မစီးသင့်ဘူး။ အသင့်အတင့်ကား လေးကို ဈေးချိုချိုနဲ့ဝယ်ပြီး မောင်းသင့်ပါတယ်။
.
ရက်ပိုင်းအတွင်းကမှ ဖြစ်သွားတဲ့ Riverside က မြန်မာအိမ် အခိုးခံရတာ ဒေါ်လာ သောင်းကျော်ဖိုး ပစ္စည်း တွေနဲ့ လက်ဝတ်ရတနာတွေ ပါသွားတယ်။ အထူးသဖြင့် အိမ်က ကလေးတွေ သုံးတဲ့ပစ္စည်းတွေကို အဓိကထား ပြီး ခိုးသွားတာ။ ခိုးသူကို ပစ္စည်းရောင်းတဲ့နေရာမှာ စောင့်နေတဲ့ရဲက မိသွားတယ်။ ခိုးသူဟာ ကလေးတွေဖြစ်နေ တယ်။ လူကြီး အကူအညီနဲ့ ကလေးက ၀င်ခိုးတာဆိုပဲ။
.
စီးပွားပျက်တဲ့ ဒီကာလာမှာ တန်ဖိုးကြီးတဲ့ပစ္စည်းတွေ အားလုံးကို ဘဏ်က box တွေထဲမှာ သွားထားသင့်ပါတယ်။ အန္တရာယ်ကင်း ဘေးရှင်းပေါ့လေ။ အပြင်ထွက်ရင်လဲ အိမ်ထဲမှာ ရေဒီယိုနဲ့ တယ်လီဗီးရှင်း တခုခုကို ဖွင့်ထားခဲ့ဖို့ မမေ့သင့်ဘူး။ နောက်ပိုင်း လုံအောင်လို့ပါ။ alarm မရှိသေးရင်လဲ ၀ယ်ထားသင့်တယ်။ alarm ရှိကြောင်း တံခါးက တံဆိပ်ကို မြင်ရင် သူခိုးက မ၀င်ချင် မခိုးချင်တော့ဘူး။
.
ကြားသိနေရတာလေးတွေကို ပြန်လည်မျှဝေတာပါ။
အားလုံး သူခိုးဘေးက ကင်းဝေးပါစေ။
.

ကိုသက်

Read more...

Sunday, May 10, 2009

သန်းခေါင်စာရင်း ကောက်တော့မယ်

.

.
လမည့်နှစ်မှာ အမေရိကန်အစိုးရက အမေရိကန်ပြည်ထောင်စုအတွင်း ရောက်ရှိနေထိုင်ကြပြီးဖြစ်တဲ့ မြန်မာများ ရဲ့ အရေအတွက် စာရင်းကို ကောက်တော့မယ်လို့ ကြားသိရပါတယ်။ ဒါက သူတို့တွေ လုပ်နေကြအလုပ်တခုဖြစ် လို့ အဆန်းတော့မဟုတ်ပါ။ မြန်မာနိုင်ငံက ရောက်လာသူတွေ ဘယ်သူက ဘာ၊ ဘယ်မှာနေတယ်ဆိုတာ သူတို့ သိထားရင် ပြည်တွင်းပြည်ပ မြန်မာနဲ့ပတ်သက်နေသူတို့ အရေးပေါ်ကိစ္စတိုင်းမှာ ကူညီဖြေရှင်းပေးနိုင်တယ်။ သူ တို့ကိုယ်တိုင်လည်း အကူအညီလိုတဲ့အခါ မြန်မာများထံက အကူအညီတောင်းခံခွင့်ရဖို့ လွယ်တယ်လေ။
.
ဥပမာအားဖြင့် မနှစ်ကလို အဖြစ်ဆိုးနဲ့ မြန်မာပြည်သူလူထု ကြုံဆုံရတဲ့အခါ အမေရိကန်အပါအ၀င် နိုင်ငံတွေက ကူညီချင်သော်လည်း မြန်မာလိုပြန်တတ်တဲ့ စကားပြန်ကောင်းကောင်းကို တွေ့ဖို့ သိပ်ခက်ခဲပါတယ်။ သို့အတွက် စားရင်း အင်းအတိအကျ သိရတဲ့အခါ အလွယ်ကူဆုံးအကူအညီတောင်းဖို့ အခွင့်အလမ်းပေါ်လာပါတယ်။ နာဂစ် နဲ့ဆုံတုန်းက အမေရိကန်အစိုးရက သူတို့ စစ်တပ်ထဲ ၀င်ခဲ့ဖူးတဲ့ မြန်မာပြည်ဖွားတွေကို ပြန်ခေါ်တယ်။ လိုအပ် ရင် မြန်မာပြည်ဝင်တဲ့အခါ စစ်မှုပြန်ထမ်းဖို့ ဖြစ်ပါတယ်။
.
လောလောဆယ်ဆယ်မှာ အရေးကြီးတာက မြန်မာတွေများတဲ့ ပတ်ဝန်းကျင်မှာ မြန်မာတွေနဲ့ပတ်သက်လို့ ယဉ် ကျေးမှု၊ အနုပညာ၊ ဘာသာရေး၊ လူမှုရေး စတာတွေကို တစုတဝေးတည်း လုပ်နိုင်ဖို့အတွက် ကူညီချင်တာလဲ ပါတယ်။ ဥပမာဗျာ - တရုတ်လူမျိုးတွေအတွက် china town, ဂျပန်လူမျိုးတွေအတွက် little tokyo, ကိုရီးယား တွေအတွက် korean town, အိန္ဒိယက လူတွေအတွက် indian town, ယိုးဒယားတွေအတွက် little bangkok
ဗီယက်နန်များအတွက် little saigon စတဲ့ မြို့ကလေးတွေ၊ သူတို့အသိုင်းအ၀န်းတွေ ထည်ထည်ဝါ၀ါ သိပ်သိပ် သည်းသည်း ရှိပေမဲ့ မြန်မာတွေမှာ မရှိပါဘူး။ တကယ်ရှိသင့်တဲ့ကိစ္စဖြစ်ပါတယ်။ အခုဆိုရင် ကျနော်တို့မြန်မာ တွေ အမေရိကမှာ သိပ်များလာပါပြီ။ သို့သော် ပြန့်ကျဲနေကြတယ်။ တနေရာရာမှာ မစုစည်းနိုင်ကြသေးဘူး။
.
အကယ်၍သာ စုစည်းနိုင်မယ်ဆိုရင် သင်္ကြန်လိုပွဲမျိုးတွေမှာ မေယာ၊ ဂါဘနာ၊ သမ္မတ စသူတွေကို ဖိတ်ခေါ်လို့ရ တယ်။ သူတို့ကိုယ်တိုင် တက်ရောက်လာပြီး အမေရိကမှာရှိတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အဆင်ပြေစေဖို့ အခွင့်အလမ်းတွေ အများကြီးရနိုင်တယ်။ ဥပမာဆိုပါစို့ - ကားအမောင်းသင်တဲ့အခါ စာဖြေရတယ်။ တရုတ်လူ မျိုး၊ ဗိယက်နမ်လူမျိုးတွေအတွက် အင်္ဂလိပ်လိုမဖြေဘဲ သူတို့ဘာသာနဲ့ ဖြေခွင့်ရှိတယ်။ အကယ်၍ မြန်မာတွေ ညီကြမယ်။ စုစည်းနိုင်ကြမယ်ဆိုရင် ဒါမျိုးအလားတူ အခွင့်အရေးတွေ ကိုယ့်လူမျိုးတွေအတွက် ရလာနိုင်တယ်။
အပြန်အလှန်ပေါ့လေ။ မြန်မာတွေရဲ့ မဲကို ရယူချင်တော့ မေယာ၊ ဂါဘနာ၊ သမ္မတလုပ်ချင်သူတွေက မြန်မာတွေ ကို စည်းရုံးပြီး သူတို့လူကြီးဖြစ်လာရင် မင်းတို့လူမျိုးတွေအတွက် အဆင်ပြေလာအောင် ဘာတွေကို ငါလုပ်ပေး နိုင်တယ်ဆိုတာမျိုးတွေက အမြဲရှိနေတာမို့ အပြန်အလှန်အပေးအယူတွေ ဖြစ်လာနိုင်တာပေါ့။
.
သို့အတွက် လာမည့်နှစ်မှာ မြန်မာတွေကို သန်းခေါင်စာရင်း ကောက်တဲ့အခါ ကိုယ့်အမျိုးသားရေးအတွက် အား ပေးတဲ့အနေနဲ့ ငါ “မြန်မာ”ဆိုတာကို ဖော်ပြပေးဖို့လိုပါတယ်။ ကိုယ်ဟာ ဘယ်တိုင်းပြည်က မွေးတယ်ဆိုတာက ညာလို့မရတဲ့ကိစ္စပါ။ မွေးခဲ့တဲ့တိုင်းပြည်ကို ငါက မြန်မာပြည်ကပါ။ မြန်မာပြည်မှာ မွေးခဲ့တာပါလို့ ပြောလိုက်လို့
ဂုဏ်သိက္ခာကျမသွားပါဘူး။ တနည်းအားဖြင့်လည်း မမေ့ကောင်းလေတဲ့ ကိုယ့်မွေးရပ်မြေကို ဂုဏ်ပြုရာရောက် ပါတယ်။ ကျော်ကြားတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်အတော်များများက ကိုယ့်မွေးရပ်မြေကို လွမ်းတစွာ တန်ဖိုးရှိစွာ ဖော် ပြလေ့ရှိပါတယ်။ မွေးကျေးဇူးကို ပြန်ဆပ်တဲ့သဘောပါ။
.
Cal State University, Pomona မှာ စာရေးသူက မြန်မလိုရေးထားတဲ့ စာအုပ်တအုပ်ကို ဖတ်နေစဉ် လူငယ် တဦးက လာနှုတ်ဆက်တယ်။ မြန်မာပြည်ကလာတဲ့ မြန်မာလားတဲ့။ ဟုတ်ပါတယ်ဖြေတော့ မေးသူကျောင်းသား က “ငါလဲ ဗမာပဲ”တဲ့ ပြောလာတယ်။ ဒီတော့ စာရေးသူက ဗမာလိုပြောတာပေါ့။ ဒီတော့ သူက ပြောလာတယ်၊ “၀မ်းနည်းပါတယ်ဗျာ၊ အဖေဗမာ၊ အမေဗမာ ဖြစ်ပေမဲ့ ကျနော် ဒီမှာမွေးတော့ ဗမာစကား မတတ်ပါဘူး”တဲ့။ အ င်္ဂလိပ်လိုပဲပြောကြတယ်။ ဒါလည်း အဆင်ပြေတာပဲ။ သူ့ကို အပြင်အနေအထားကြည့်ရင် တရုတ်ပြည်ကြီးကလာ တဲ့ တရုတ်လေးတဦးလို့ ထင်ရတယ်။ စကားလာပြောတော့မှ မြန်မာပြည်ကလာတဲ့ မြန်မာမိသားစုကပေါက်ဖွား တဲ့ မြန်မာတယောက်ဖြစ်နေမှန်းသိရတယ်။ ဒါ အခုရက်ပိုင်းအတွင်းမှာပဲ ကြုံခဲ့တာဖြစ်ပါတယ်။ အဆင်ပြေတဲ့အ ခါ မြန်မာစကား ပြန်သင်မယ်လို့ သူက ပြောလာသေးတယ်။ ဂုဏ်ယူစရာကိစ္စပါ။
.
အမေရိကအတွင်းက တချို့တက္ကသိုလ်တွေမှာ မြန်မာဒေးဆိုတာ ကျင်းပကြတယ်။ မြန်မာကျောင်းသူကျောင်း သားတွေက စုလုပ်တာပါ။ အဲဒီနေ့မှာ မြန်မာ့ယဉ်ကျေးမှု၊ အစားအစာ၊ အနုပညာ စတာတွေကို သူတို့နိုင်သ လောက်ဖော်ပြကြတယ်။ ဂုဏ်ယူစရာကိစ္စတွေဖြစ်ပါတယ်။
.
ကြားနေရတာတွေ ရှိသေးတယ်။ တချို့ဆိုရင် မြန်မာပြည်က လာတာ၊ မွေးတာကို မဖော်ပြချင်တော့ဘူး။ သူတို့ ရဲ့မွန်မြတ်တဲ့ မွေးရပ်မြေဇာတိကို ဖုံးကွယ်လိုက်ကြတယ်။ ဒါကို သူတို့က ကောင်းတယ်လို့ ထင်ကြတယ်။ တက ယ်တော့ မကောင်းပါ။ ကိုယ့်ကို မွေးခဲ့တဲ့တိုင်းပြည်ကိုတောင် အမှန်အတိုင်း မပြောချင်တော့ဘူးဆိုရင် ဘယ်အ ရေပဲခြုံခြုံ လုံမှာတော့ မဟုတ်ဘူး။ ခြုံတဲ့အရေအတိုင်းလည်း ကိုယ်ကဖြစ်လာမှာ မဟုတ်ဘူး။ ဒေါင်းကဒေါင်းဖြစ် ပြီး ကျီးက ကျီးပေါ့။ တွေးကြည့်ရင် ရှက်စရာတောင် ကောင်းသေးတော့တယ်။
.
မိသားစုတခုအတွင်းမှာ ဒီကိစ္စနဲ့စကားများကြတာ မှတ်ခဲ့ဖူးတယ်။ လူကြီးလုပ်သူက ကလေးတွေကို သင်တယ်။ မင်းတို့ကို လူတွေက (အမေရိကန်တွေက) ဘယ်တိုင်းပြည်က လာတာလဲလို့ မေးရင် မြန်မာပြည်ကလို့ မပြောပါ နဲ့တဲ့။ မြန်မာပြည်ဟာ ဆင်းရဲမွဲတေနေတာ၊ မြန်မာဆို ဟိုက ဟင်၊ ဒီက ဟင်နဲ့ ဘယ်သူမှ လက်မခံချင်ဘူး၊ သိ က္ခာမရှိဘူး၊ မြန်မာပြည်က လာတာလို့ ပြောရင် မင်းတို့မျက်နှာငယ်ရတယ်။ ဂုဏ်သိက္ခာထိတယ်ကွာ။ ဟောင် ကောင်က (သို့မဟုတ်) တိုင်ဝမ်က လာတယ်လို့ ပြောပါတဲ့။ ဒါပေမဲ့ တကယ်တမ်း ဧည့်သည်တချို့က ကလေး တွေကို မေးလာတဲ့အခါ ကလေးတွေက မြန်မာပြည်က၊ ရန်ကုန်ကလို့ပဲ အမှန်အတိုင်းပြောတယ်။ ဂုဏ်ယူစွာပဲ ပြောကြတဲ့အခါ လူကြီးနဲ့ ကလေးတွေကြား အမျက်ဒေါသပွားပြီး အိုးအိမ်ခွဲနေလိုက်ကြရတယ်။ ဒီအဖြစ်ကိုကြည့် ပါ။ ကလေး မှားသလား၊ လူကြီး မှားသလားဆိုတာ ထင်ရှားနေပါတယ်။
.
ဒါမျိုးတွေ မဖြစ်ကောင်းပါဘူးဗျာ။ ကိုယ့်နိုင်ငံနဲ့ မွေးရပ်မြေကို ဖုံးကွယ်လိုက်တာဟာ ကိုယ့်အမျိုးသားရေးကိုပါ ထိပါး စော်ကားလိုက်သလိုမျိုး ဖြစ်သွားနိုင်ပါတယ်။ မြတ်ဗုဒ္ဓတောင်မှ သူ့အနွယ်ကို မကွယ်ဝှက်ဘဲ “ဂေါတမ”လို့ ဖော်ပြခဲ့တယ်။ လောကတ္ထစရိယ - လူသားအားလုံးအတွက် ဘုရားဖြစ်အောင်ကျင့်ခဲ့ကြိုးစားခဲ့တယ်။ ဥာတတ္ထစ ရိယ - ကိုယ့်အမျိုးသားရေးအတွက်၊ နိုင်ငံအတွက် လုပ်ခဲ့တယ်။ ဒီနှစ်ခုကို ဆောင်ရွက်နိုင်ဖို့ ဗုဒ္ဓတ္ထစရိယ-ဘုရား ဖြစ်ဖို့ ကြိုးစားခဲ့တယ်။ သာမာန်ဆို ဒီလောက်ဆောင်ရွက်နိုင်မှာ မဟုတ်လို့ အများအတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်တိုင်းပြည်အတွက် လုပ်နိုင်အောင် ဘုရားအဖြစ် ကြိုးစားခဲ့တာပါ။ ဂေါတမဆိုတာ အိန္ဒိယက သူ့အမျိုးအနွ ယ်ကို အလေးအမြတ်ပြုလိုက် ဂုဏ်ပြုလိုက်သလို ကျနော်တို့တွေလည်း ငါမြန်မာပါ၊ မြန်မာပြည်က လာတာပါလို့ ပြောလိုက်ခြင်းဟာ အမိမြေကို ဂုဏ်ပြုလိုက်တာဖြစ်ပါတယ်။
.
ကျနော်တို့တွေ အမေရိကမှာ ကြာကြာနေရင် အမေရိကန် နိုင်ငံသားဖြစ်လာမယ်။ အင်္ဂလန်မှာ ကြာကြာနေလဲ အင်္ဂလန်နိုင်ငံသားဖြစ်မှာပဲ။ ဒီနိုင်ငံသားတွေအဖြစ် ပြောင်းလဲသွားသော်လည်း ကျနော်တို့မျက်နှာက ဗိုလ်ရုပ်ဖြ စ်သွားမှာမှ မဟုတ်ဘဲ။ ကျနော်တို့ ရင်တွင်းမှာက ဗိုလ်အယူအဆတွေ ပြောင်းလဲသွားတာမှ မဟုတ်ဘဲ။ ငါးပိကြို က်တာကို တားဆီးလို့ မရနိုင်သလို ထမင်းစားတဲ့ဓလေ့ကိုလည်း ဖျောက်လို့ မရနိုင်ပါဘူးဗျာ။ ဘယ်မှာပဲဖြစ်ဖြစ် ကောင်းတာရှိသလို မကောင်းတာတွေလဲ ဒွန်တွဲရှိနေတတ်ကြတာ သဘာဝပါ။ ကောင်းတာတွေ ယူတတ်ဖို့ပဲလို ပါတယ်။ အယောင်ဆောင်တဲ့ လောကထဲက ထွက်ပြီး သဘာဝကျတဲ့ အမှန်တရားကို ဖော်ညွှန်းနေတဲ့ အစစ်အ မှန်လောကထဲမှာ ရိုးရိုးသားသားလေးနေတဲ့ဘ၀က တကယ် စိတ်ချမ်းသာစရာပါ။
.
ဒီလောက်မြန်မာကို ချစ်နေရင် မြန်မာပြည်ပြန်နေပါလားဆိုသူတွေလည်း ရှိသေးတယ်။ ဒါက ဦးဏှောက်မှာအ တွေးအမြင်နည်းသူတို့ ပြောလေ့ရှိတဲ့စကားပါ။ ဥပမာလေးတခုပြောရဦးမယ်။ I am thinking, therefore I am ငါးစဉ်းစားနေတယ်၊ ဒါကြောင့်ငါရှိတယ်ဆိုတဲ့ အတွေးအမြင်တခုကို ဖော်ထုတ်လိုက်တဲ့ ဖီလိုဆိုဖာကြီး Rene Descartes ဟာ သူ့အယူအဆကို ဖော်ပြနိုင်ဖို့အတွက် သူ့မွေးရပ်မြေကနေ ထွက်ခွာလိုက်ရတယ်။ သို့မဟုတ်ရင် သူ့ရှေ့က ပညာရှင်တချို့လိုပဲ သူလဲပဲ တဖက်စွန်းရောက်သမားတွေကြောင့် အသတ်ခံရနိုင်တယ်လေ။ သူ့အ တွေအမြင်တွေကို ဖော်ပြနိုင်ဖို့၊ သူ့အတွက် အောင်မြင်တိုးတက်စေဖို့အတွက် မွေးရပ်မြေ ပြင်သစ်နိုင်ကို စွန့်ခွာ သွားခဲ့တယ်။ အနောက်တိုင်းဖီလိုဆိုဖာဖခင်ကြီးအဖြစ် ကျော်ကြားခဲ့တယ်။ ဒါပေမဲ့ သူ့မွေးရပ်မြေနဲ့ သူ့ငယ်ဘ၀ များကို ဖော်ပြတဲ့အခါ အမှန်အတိုင်း လှလှပပဖော်ပြထားတာ လွမ်းမောစရာလေးပါ။ မင်္ဂလာတရားတော်နဲ့ ကြည့်ရင် ပတိရူပဒေသ၀ါသ - သင့်တော်လျှောက်ပတ်တဲ့အရပ်မှာ နေခြင်းသည် မင်္ဂလာတရားလို့ ဆိုထားလေ တော့ မင်္ဂလာဖြစ်နေပါတယ်။ ဒီလောက်မြန်မာကို ချစ်နေသူတွေ မြန်မာပြည်ပြန်နေပါလားလို့ ပြောသူတွေ ဒီမင်္ဂလာတရားတော်ကို နားမလည်လို့ နေမှာပါ။ တိုင်းပြည်ချစ်တာနဲ့ အခြေအနေအရ ရေကြည်ရာ မျက်နုရာ အသက်မွေးဝမ်းကြောင်းရတာလေးတွေကို မှန်မှန်ကန်ကန်မမြင်နိုင်တော့ဘူး။ အားလုံးကို ကိုယ်လိုချင်တဲ့ပုံစံနဲ့ ရောပြစ်လိုက်တာ မမှန်တော့ဘူး။
.
အချုပ်အားဖြင့် လာမည့်နှစ်မှာ မြန်မာတွေ ဘယ်လောက်ရှိတယ်ဆိုတာ စာရင်းကောက်တဲ့အခါ ကိုယ့်မွေးရပ် မြေကို ဂုဏ်ပြုကျေးဇူးဆပ်သောအားဖြင့် စာရင်းပေးကြပါလို့ တိုက်တွန်းချင်တာပါ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ကို တကယ်ဂုဏ်ရှိစေချင်ရင် တကယ့်ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးတွေ လျှောက်လှမ်းတဲ့လမ်းကို လိုက်ပြီး ဆက်လက် ကြိုးစားသွားဖို့သာဖြစ်ပါတယ်။ တနေ့သောအခါ မြန်မာနိုင်ငံဆိုတဲ့ တို့တွေရဲ့မွေးရပ်မြေဟာ ပြောင်းလဲတိုးတက် လာမှာ အမှန်ဖြစ်ပါတယ်။
.
ကိုသက်
.
.

Read more...

Friday, May 8, 2009

ဓာတ်ပုံများနဲ့ စကားပြောခြင်း

.
တကယ်တော့ သက်မဲ့ဖြစ်တဲ့ ဓာတ်ပုံတွေနဲ့ စကားပြောလို့ မရပါဘူး။ အလင်္ကာသဘောအရ တင်စားပြီး သုံးဖြစ် လိုက်တဲ့ စကားပါ။ ဆယ်တန်းမြန်မာစာမှာ အားလုံးမှတ်သားဖူးကြတဲ့ သက်မဲ့ကို သက်ရှိများကဲ့သို့ တင်စားသုံး တဲ့ အပါဏေ ပါဏိဓမ္မ သမာဓိဂုဏ်ပဲဖြစ်ပါတယ်။ သက်ရှိတွေ လှုပ်ရှားမှုတခုဖြစ်တဲ့ ရယ်ခြင်း၊ ငိုခြင်း၊ ပြုံခြင်း၊ စ ကားပြောခြင်း စတာတွေကို သက်မဲ့မှာ တင်စားကြည့်တာပါ။ ကဗျာသဘော၊ အလင်္ကာသဘောအရ ရသမြော က်စေပါတယ်။ ကဲ ကဲ ဓာတ်ပုံများနဲ့ စကားပြောရအောင်။
.

.
ဒီဓာတ်ပုံက အောင်သပြေပါ။ အားလုံးပဲ မြင်တာနဲ့ သိတဲ့ပန်းပါ။ သပြေကိုမြင်ရင် မြန်မာတွေက ဘုရားတင်ဖို့ သ တိရကြတယ်။ တချို့လည်း အောင်ရာအောင်ကြောင်း ယတြာလေးဘာလေးတွေမှာ သုံးဖို့ပေါ့။ ဘာပဲဖြစ်ဖြစ် သ ပြေဟာ မြန်မာတွေနဲ့ အရင်းနှီးဆုံးပန်းပါ။ ကျနော်လည်း သပြေမြင်ရင် မနေနိုင်လို့ ဓာတ်ပုံရိုက်မိပြန်တယ်။
.
ဒီဓာတ်ပုံကို ရိုက်ဖို့ ကျနော်စိတ်ကူးတဲ့အခါ ကိုယ်ရိုက်မဲ့အရာ၊ နောက်ခံ၊ အလင်းရောင်၊ ပတ်ဝန်းကျင်ကို ပထမ ဆုံး စဉ်းစားပါတယ်။ ညနေပိုင်းနေကျချိန်မှာ သပြေခက်ပေါ်ကို နေရောင်များက ခပ်စူးစူးကျနေတယ်။ အလင်းတွေ သိပ်များနေလို့ ကင်မရာ မီးမဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အကယ်၍ အလင်းရောင်သိပ်များနေချိန် နေ့လည်ပိုင်းမှာ မီးဖွင့်ရိုက်ရင် ပုံကိုဖျက်ဆီးလိုက်တာနဲ့တူပါတယ်။ အလင်းတွေများလို့ ပုံက မလှတော့ပါ။ အချိန်အတိအကျ ကိုတော့ ဓာတ်ပုံကို ထောက်ကြည့်လိုက်တာနဲ့ အလွယ်တကူ သိရမှာဖြစ်ပါတယ်။
.
နေရောင်က အနောက်က ပန်းကို ထိုးထားလို့ နေရောင်ထိုးတဲ့ဘက်က ဓာတ်ပုံကို ရိုက်ဖို့ ရွေးလိုက်တယ်။ အက ယ်၍ ဒီပုံမျိုးမှာ နေရောင်ကို မျက်နှာချင်းဆိုင် ရိုက်ရင် ဓာတ်ပုံမှာ အရိပ်တွေများလာနိုင်တယ်။ ဖြူသွားနိုင်ပါတ ယ်။ သို့အတွက် နေရောင်ကျတဲ့ ဖက်ကနေရိုက်ပါတယ်။ လင်းလင်းထင်းထင်းဖြစ်လို့ အရွက်ပေါ်က အကြော လေးတွေက အစမြင်သာ ထင်သာအောင် ပေါ်လာပါတယ်။ သဘာဝအရောင်ကို ပိုမိုပေါ်လွင်စေပါတယ်။
.
ပြီးတော့ ကောင်းကင်ပြာပြာ နောက်ခံကို ရွေးပါတယ်။ သဘာဝဖြစ်တဲ့ ကောင်းကင်ပြာပြာကြီးက ဓာတ်ပုံကို ကြ ည်လင်ပြတ်သား လှပစေတယ်။ အရွက်တွေ အခက်တွေကြားက အညွန့်ကို သီးခြားထုတ်ရွေးချယ်ပြီး မှန်ပြောင်း ကို ချိန်ပါတယ်။ လေတိုက်နေတုန်းမို့ လေငြိမ်တဲ့အချိန်ကို နဲနဲစောင့်ပြီး ရိုက်ရပါတယ်။ ကိုယ်လိုချင်သော အနေအထားဖြစ်အောင် မှန်ပြောင်းကို ကစားရပါတယ်။
.
ပတ်ဝန်းကျင်ဆိုတာက အညွန့်များစွာရှိနေတဲ့ ပတ်ဝန်းကျင်၊ အခြားသစ်ပင်သစ်ရွက်နေတဲ့ ရောနှောနေတဲ့ပတ် ၀န်းကျင်မှာ ပုံလေးတပုံအဆင်ပြေပြေ ထွက်လာဖို့ ကိုယ်တိုင်ရွေးချယ်ရပါတယ်။ သူ့ပတ်ဝန်းကျင်က အရာတွေ နဲ့ရော ရိုက်ရင် (သို့မဟုတ်) ခွဲရိုက်ရင် ဘယ်လိုအဆင်ပြေမလဲဆိုတာပါ။ ကျနော်ကတော့ ဒီလိုပန်းမျိုးဆို ပေါ်လွ င်အောင်လို့ သီးခြားပဲ ခွဲရိုက်ပါတယ်။ ဒါက ပိုပြီး အဆင်ပြေလို့ပါ။
.
.
ဒီဓာတ်ပုံက ဘုရားစင်ရှေ့က သစ်ခွပန်းဖြစ်ပါတယ်။ ပန်းအိုးတွေကြားက သစ်ခွပန်းတွေထဲက တပွင့်ကို ခွဲချိန် လိုက်ပါတယ်။ ကျန်တဲ့ပန်းတွေကို နောက်ခံလုပ်လိုက်တယ်။ မီးမဖွင့်ဘဲ ISO ကို အဆင်အပြေဆုံးဖြစ်အောင်လို့ ချိန်လိုက်တယ်။ အနီးကပ်ရိုက်တဲ့ မှန်ပြောင်းမရှိလို့ zoom ကို နဲနဲဆွဲလိုက်တယ်။ ပြီးတော့ မှန်ပြောင်းကို ပန်းရဲ့ အနီးဆုံးနေရာအထိ ကပ်လိုက်တယ်။ ဘက်ထရီကို အကြည်လင်ဆုံးဖြစ်အောင် စောင့်လိုက်တယ်။ ကြည်လင် ပြတ်သားပြီး ပန်းကြောမျှင်လေးတွေ ပေါ်လာသည်အထိ ရအောင်ချိန်တယ်။ ပြီးတော့ ပန်းပွင့်ကို ဘယ်ညာနဲ့ အထက်အောင် တည့်အောင် ချိန်တယ်။ လက်ဖြောင့်သေနတ်သမားလို အသက်အောင့်ပြီး နှိပ်ချလိုက်တယ်။
ဒီပုံလေး ထွက်လာပါတယ်။ ကင်မရာ မကောင်းတော့လည်း ဒီလိုပဲပေါ့။
.
.
.
ဒီပန်းက သစ်ခွတမျိုးပါ။ ကံ့ကော်နဲ့သိပ်တူတယ်။ ကံ့ကော်ကို လွမ်းတလို့ ဒီပန်းလှလှကို ရိုက်ဖို့ ဆုံးဖြတ်လိုက် တာဖြစ်ပါတယ်။ အခိုင်များစွာတွေထဲက တခိုင်ကို ရွေးလိုက်တယ်။ နောက်ခံအဖြစ် ကဒ်ပြားအစိမ်းရောင်ကို ကျ နော် ရွေးလိုက်တယ်။ အစိမ်းရောင် နောက်ခံနဲ့ အဖြူအ၀ါရောတဲ့ ပန်းပွင့်လေးတွေ ပေါ်လာတယ်။
.
အိမ်တွင်းမှာ ထားတဲ့ပန်းဖြစ်ပါတယ်။ မီးမဖွင့်ဘဲ ISO နဲ့ပဲ ရိုက်တာပါ။ အဖြူအစိမ်းနဲ့ မြန်မာပြည်က ကျောင်းသူ ကျောင်းသားတွေ၊ ဆရာဆရာမတွေရဲ့ ၀တ်စုံနဲ့ သိပ်တူလို့ ကျနော်တို့တွေ မျက်စိနဲ့ သိပ်ယဉ်ပါးနေတဲ့ စုံတွဲအ ရောင်ပဲဖြစ်ပါတယ်။ အခုနက အတိုင်းပဲ အနီးကပ်ရိုက်တဲ့ မှန်ပြောင်းမရှိလို့မို့ အနီးဆုံးအထိ ကင်မရာမှန်ပြောင်း ကို ကပ်လိုက်တယ်။ သဘာဝအလင်းရောင်ကြောင့် နောက်ခံအရောင်တွေ အနုအရင့် ညီအောင် စောင့်လိုက်ပါ တယ်။ သိပ်မဟုတ်ရင် နေရာကွက်ကြား အစိမ်းရောင် အနုအရင့်တွေ အကွက်လိုက်ပေါ်လာတတ်လို့ပါ။ အပွင့် သက်သက် မဟုတ်ဘဲ ပိုပြီးလိုက်ဖက်ညီ၍ ပေါ်လွင်အောင် အရွက်လေးတွေကို ပါအောင်ထည့်ရိုက်ပါတယ်။
.
.
လူကို ရိုက်တော့ ကိုယ်လိုချင်သလောက်ကို ဖြတ်ရိုက်ပါတယ်။ သူထိုင်နေတဲ့အနေအထားမှာ တည့်အောင်ယူပါ တယ်။ သူ့မျက်မှာက အလင်းရောင်ကို သဘာဝအလင်းရောင်နဲ့ အပေါ်လွင်ဆုံးဖြစ်အောင် ကင်မရာကို ရွှေ့ယူ ပါတယ်။ မီးလုံးဝ မဖွင့်ပါဘူး။ ကင်မရာကို အော်တိုမှာ မထားပဲ ISO (400) မှာပဲ ထားပြီး ချိန်ပါတယ်။ မြင်ရတဲ့ အတိုင်းပဲ နေရောင်က ထိုးနေပါတယ်။ အဲဒီနေရောင်က ၀င်မနှောက်ရှက်အောင် သူ့ကို နောင်ခံဖြစ်အောင်လို့ လုပ်လိုက်ပါတယ်။ အဲဒါက ကင်မရာ မှန်ပြောင်းကို အဝေးအနီးချိန်ဆပြီး ကိုယ်အကြိုက်ဆုံးအနေအထားကိုပဲ ရွေးယူပါတယ်။ အပြင်ကနေရောင် ထိုးနေမှုကို အတွင်းက အရောင်နဲ့ ခုခံနိုင်တဲ့အခါ ဓာတ်ပုံက ပေါ်လွင်လာပါ တယ်။ သိတဲ့အတိုင်းပဲ ကျနော်က ပေါ့ထရိတ်ရိုက်တာ သဘောကျလို့မို့ ထောင်လိုက်ပဲ ရွေးရိုက်ပါတယ်။ ဒါက လည်း သူ့နေရာနဲ့သူဖြစ်ပါတယ်။ နေရာတိုင်းတော့ မဟုတ်ဘူးပေါ့ဗျာ။
.

.
ဒီပန်းလေးက လှတယ်။ သူတို့က ဂျင်ဂျာလို့ ခေါ်တယ်။ သူ့အရွက်တွေက ဂျင်းပင်က အရွက်တွေနဲ့တူလို့တဲ့။ တ ကယ်တော့ စားပင်မဟုတ်တဲ့ ပန်းတမျိုးပါ။ အပွင့်တခိုင်နဲ့ အဖူးတခုကို မြေမှာပေါက်နေတဲ့ အပင်အုံထဲက ဖြတ် ယူလိုက်တယ်။ နှစ်ခုကို အခြေက ကြိုးနဲ့တွဲချည်နှောင်ပြီး ပန်းပင်ထိပ်မှာ ငြိမ်အောင် တင်ထားလိုက်တယ်။ ကျ န်တဲ့ နည်းစနစ်တွေကတော့ သပြေပန်းရိုက်တုန်းက အတိုင်းပဲ။
.
ဓာတ်ပုံလာကြည့်သူတွေက လှလိုက်တာ လှလိုက်တာနဲ့ ပြောနေကြတယ်။ ကိုယ်ရိုက်တဲ့ ပန်းပွင့်လေးတွေကို လှလိုက်တာလို့ ချီးမွန်းခန်းဖွင့်နေတဲ့ သူတွေတွေကို ကျေးဇူးတင်ပါတယ်ပဲ ပြောရတယ်။ အများအားဖြင့် ပန်း ကြိုက်တဲ့သူဆိုတာ မိန်းကလေးတွေပါ။ ပွဲကြိုက်ခင် မဟုတ်တဲ့ ပန်းကြိုက်ခင်တွေပါ။ ပန်းကြိုက်ခင်များအတွက် ပန်းတွေ ရိုက်ပြီးရင် အီးမေးလ်နဲ့ ပို့ပေးရတာ ကိုယ့်တာဝန်ပါ။
.

.
ဘုရားစင်ရှေ့က မီးတိုင်လေးပါ။ ကင်မရာနဲ့ပဲ နောက်ခံတွေကို ၀ါးအောင် ချိန်လိုက်တယ်။ အဲဒါက လွယ်ပါတယ် အဓိက ပေါ်လွင်စေချင်တာကို ချိန်လိုက်တယ်။ မှန်ပြောင်းကို အနီးကပ်ဆုံးဆွဲတယ်။ အနီးဆုံးအရာက ပြတ်သား လာတော့ နောက်ခံဘက်ဂရောင်းတွေက ၀ါးလာတယ်။ အထူးသဖြင့် အလင်းမရှိတဲ့နေရာတွေကို နောက်ခံဖြစ် အောင် ရွှေ့ယူရတယ်။ ဒီတော့ နောက်ခံဟာ မပြတ်မသားနဲ့ ၀ါးသွားတယ်။ ကိုယ်လိုချင်လို့ ချိန်ထားတဲ့ အရာ က ပီပြင်လာတယ်။ တည့်မတည့် ချိန်တယ်။ ရိုက်တယ်။ မီးမဖွင့်ပါဘူး။ မလိုအပ်လို့ပါ။
.
ကျနော်က ဓာတ်ပုံဝါသနာရှင်ပါ။ စာအုပ်တွေဖတ်တယ်။ ဓာတ်ပုံဆရာတွေနဲ့ စကားပြောတယ်။ ရိုက်ထားသမျှ လေးတွေကို ၀ါရင့်ဓာတ်ပုံဆရာကြီးများဖြစ်တဲ့ ဦးတင်မောင်အေး၊ ဆန်နီ စသူတွေကို ပြကြည့်တယ်။ သူတို့ရဲ့ထ င်မြင်ချက်တွေကို ယူတယ်။ ဆက်လက်ပြီး ကြိုးစားတယ်။ ပြီးတော့ အမေရိကန် ဓာတ်ပုံဆရာတွေနဲ့ စကားပြော တယ်။ ဒါနဲ့ပဲ အသက်မွေးဝမ်းကြောင်းလုပ်နေတဲ့ သောင်းကျော်တန် သူတို့ကင်မရာကြီးတွေကို ကြည့်ပြီး ကိုယ့် ကင်မရာအိုလေးကို သနားမိတယ်။ ဘာပဲဖြစ်ဖြစ် သူတို့နဲ့စကားပြောပြီး ပညာယူဖြစ်တယ်။ သူတို့ကင်မရာကြီး တွေ ရိုက်ကြည့်စမ်းပါလို့ ပေးကိုင်လာရင် အရာဝတ္ထုအသစ်အစမ်းတွေကို ရလိုက်တဲ့ကလေးဘ၀တုန်းကလိုပဲ စိတ်ဝင်တစား ကြည့်တယ်၊ ရိုက်တယ်။
.
အားတဲ့အခါ ကိုယ့်ကို Yes or No ပြောတတ်သူတွေနဲ့ စကားပြောဖြစ်သလို ကိုယ့်ကို ဘယ်တုန်းကမှ No လို့မ ပြောတတ်သူတွေဖြစ်တဲ့ ပန်းကလေးတွေ၊ သဘာဝပတ်ဝန်းကျင်တွေ၊ ပြီးတော့ သူတို့ရဲ့အရိပ်ဖြစ်တဲ့ ဓာတ်ပုံ လေးတွေနဲ့ ကျနော် စကားပြောဖြစ်တယ်။ စိတ်တည်ကြည်မှုတမျိုးကို ဖြစ်စေလို့ ဓာတ်ပုံများနဲ့စကားပြောခြင်း ဟာ ကိုယ့်အတွက်တော့ အဓိပ္ပါယ်လေးနက်မှု ရှိနေပါတယ်။ ပြီးတော့ ဓာတ်ပုံချစ်သူတွေ လိုလို့သုံးချင်သူတွေ လည်း သုံးလို့ရတာပေါ့ဗျာ။ ဒီဓာတ်ပုံတွေဟာ ကျနော်ဒီနေ့ရိုက်ထားတဲ့ ပုံတွေထဲက တချို့ဖြစ်ပါတယ်။
.
အားလုံးငြိမ်းချမ်းပါစေလို့ ဆန္ဒပြုရင်း ...
.
.
ကိုသက်
.

Read more...

Sunday, May 3, 2009

ကဆုန်လပြည့် ဗုဒ္ဓနေ့

.
.

ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို ရွှေမြန်မာတွေ အားလုံးသိကြတယ်။ ကဆုန်လရောက်ပြီဆိုရင် ဗုဒ္ဓဖွားမြင်တော်မူ ခြင်းကို ရည်မှန်းဦးခိုက်ကြ၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို မြန်မာပြည်ဒေသအသီးသီးမှာ ကျင်းပကြတယ်။ ပြည်တွင်းမှာသာမကဘဲ ပြည်ပရောက် မြန်မာနွယ်ဖွားတွေကလည်း ဒီယဉ်ကျေးမှုအမွေကို ဆက်လက်သယ် ဆောင်ခဲ့ပြီး သူတို့တွေ နေထိုင်ကြရာ တိုင်းပြည်များမှာ ကျင်းပပြုလုပ်နေကြတယ်။
.

.
.
ဒီနေ့ မေလ (၃) ရက်၊ တနင်္ဂနွေနေ့မှာ လောစ့်အိန်ဂျလိစ်မြို့ရှိ မြန်မာကျောင်းသို့ ရောက်ခဲ့တယ်။ အဲဒီမှာ က ဆုန်လပြည့် ဗုဒ္ဓနေ့ကို ကျင်းပကြတယ်။ သက်တော်ထင်ရှား မြတ်ဘုရားအား ရည်စူး၍ ဆွမ်းတော်များ ဆက်ကပ် လှူဒါန်းတယ်။ ကြွရောက်လာတဲ့ ဆရာတော်သံဃာတော်များအား ဆွမ်းလှူဒါန်းပြီးဧည့်သည်တော် များအား မြန်မာမုန့်ဟင်းခါးနဲ့ ဧည့်ခံကျွေးမွေး လှူဒါန်းရေးတွေ လုပ်နေကြတာ ၀မ်းသာပျော်ရွှင်စရာအဖြစ် မြင်ရပါတယ်။
.
ဒီပွဲအတွက် တာဝန်ယူလှူဒါန်းသူက သူနာပြုဆရာမ မရီရီအေးနဲ့ မိသားစုဖြစ်ပါတယ်။ မရီရီအေးကိုယ်တိုင်ပဲ ဘုရားအမှူးရှိသော ဆရာတော် သံဃာတော်များအတွက် ဆရာတော်များကျောင်းမှာ ညအိပ်လျက် ဆွမ်းစ သော အာဟာရများကို ချက်ပြုတ်ပါတယ်။ မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်စိန်က အကူအညီလိုရင် လိုသလို ကိုယ်တိုင် လာရောက်ပြီး သမီးဖြစ်သူအား ကူညီမှုများပေးနေပါတယ်။
.
ယခုလို ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ဘုန်းတော်ကြီးကျောင်းက ကျင်းပပြုလုပ်တဲ့ ပွဲတော်တခုအဖြစ် စည်ကား စွာ ပြုလုပ်ပေးလို့ လူအများ ကုသိုလ်လည်းရ ၀မ်းလည်းဝကြပါတယ်။ ထို့အတူ ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ အတွ က်လည်း လှူဒါန်းလာသူတို့ အလှူငွေများက အထောက်အပံ့ဖြစ်စေပါတယ်။
.
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အနယ်နယ်မှာ ကျင်းပကြမြဲမို့ ကဆုန်လနဲ့ ပတ်သက်သမျှ မှတ်သားစရာလေးတွေ အနည်းငယ် တင်ပြချင်ပါတယ်။ ကဆုန်လဆိုတာ ဘာသာ သာသနာ ရှုထောင့်က ကြည့်ရင် အံ့သြစရာကောင်း တဲ့ အဖြစ်သနစ်လေးတွေ တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့နိုင်ပါတယ်။
.
ဗျာဒိတ်, ဖွား, မြင်၊ ဗောဓိပင်၊ စံဝင် နန်းနိဗ္ဗာန်” လင်္ကာအရ ဂေါတမဘုရား အလောင်းတော်အဖြစ်နဲ့ သုမေ ဓာရှင်ရသေ့ဘ၀မှာ ဒီပင်္ကရာမြတ်စွာဘုရားထံတော်မှ “ဘုရားစစ်စစ်၊ ဧကန်ဖြစ်လိမ့်မည်”ဆိုတဲ့ ဗျာဒိတ်တော် ကို ခံယူခဲ့ခြင်း၊ ဘုရားအလောင်းတော် အမိဝမ်းမှ ဖွားမြင်တော်မူခြင်း၊ သစ္စာလေးပါးကို သိမြင်လို့ ဘုရားဖြစ် တော်မူခြင်း၊ မဟာဗောဓိပင် ပေါက်ခြင်း၊ ပရိနိဗ္ဗာန် ၀င်စံတော်မူခြင်းဆိုတဲ့ ဗုဒ္ဓနဲ့ပတ်သက်လို့ သာသနာ့မှတ်တိုင် ကြီးများက ဒီကဆုန်လမှာ ဖြစ်ခဲ့တာမို့ ထူးခြားတဲ့ လမြတ်ကဆုန်လို့ တင်စားခေါ်ဆိုကြပါတယ်။
.
ဒါကြောင့်ပဲ ဗုဒ္ဓနဲ့ ပတ်သက်တဲ့ ရက်မြတ်များ ဆုံစည်းရာ ကဆုန်လရောက်ပြီဆိုရင် ကဆုန်လပြည့် ဗုဒ္ဓနေ့စ တဲ့ ပွဲတော်များကို အမွန်အမြတ်ပြုကာ ကျင်းပပြုလုပ်ကြပါတယ်။
.
ကဆုန်လမှာ ဗုဒ္ဓနေ့နဲ့အတူ ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်း ကျင်းပပြုလုပ်ကြပါတယ်။ မြတ်ဗုဒ္ဓဟာ ဗောဓိပင်ကို အမှီပြု၍ သစ္စာလေးပါးကို သိမြင်တော်မူခဲ့၊ သဗ္ဗညုတဥာဏ်တော်ကို ရတော်မူခဲ့တာဖြစ်လို့ ပူဇော် ထိုက်သော သစ်ပင်အဖြစ် ဗောဓိပင်ကို အမွှေးနံ့သာထုံသော ရေချမ်းများနဲ့ ကဆုန်ညောင်ရေသွန်းလောင်းပွဲ များကို ကျင်းပပြုလုပ်ကြပါတယ်။ တနည်းအားဖြင့်လဲ ဗောဓိပင်ဟာ မြတ်ဗုဒ္ဓက မာရ်နတ်မင်းကို အောင်တော်မူ ခဲ့ရာ ထူးမြတ်တဲ့ နေရာလည်းဖြစ်ပါတယ်။ ထိုသို့အောင်မြင်မှုကို ပူဇော်ကြတာလည်း ဖြစ်ပါတယ်။
.
ဗောဓိရဲ့ အဓိပ္ပါယ်က သိခြင်းလို့ အဓိပ္ပါယ်ထွက်ရှိပါတယ်။ သစ္စာလေးပါးကို သိမြင်တဲ့နေရာဖြစ်လို့ ဗောဓိ မည်တာပါ။ ဝေဿဘူ၊ ကကုသန်၊ ကောဏဂုံ၊ ကဿပ ဘုရားရှင်တို့ ပွင့်တော်မူရာ သစ်ပင်များဖြစ်တဲ့ အင်ကြင်းပင်၊ ကုက္ကိုပင်၊ ရေသဖန်းပင်၊ ပညောင်ပင် တို့သည်လည်း ထိုဘုရားရှင်များ ပွင့်တော်မူရာ သာသနာ တော်အတွင်း၌ ဗောဓိပင်များအဖြစ်အမည်ရပြီး ဂေါတမဘုရားရှင်သာသနာ ယခုကာလမှာကဲ့သို့ ဗောဓိပင်လို့ ခေါ်ဝေါ်ကာ ပူဇော် ကြပါတယ်။ ထိုဘုရားရှင်များ လက်ထက်မှာလည်း ကဆုန်ညောင်ရေသွန်းမှုတွေ ရှိမှာအမှန် ပင်ဖြစ်ပါတယ်။
.
တနည်းအားဖြင့် ဗောဓိပင်သည် မြတ်ဗုဒ္ဓရဲ့ ကိုယ်စား ကိုးကွယ်ရာလည်းဖြစ်ပါတယ်။ ဘုရားရှင်လက်ထက် တော်အခါက ဘုရားကျောင်းတော်သို့ ဖူးမျှော်ရန် သွားကြတဲ့ ရှင်လူရဟန်းတို့ ကျောင်းတော်သို့ ရောက်တဲ့အခါ မှာ ဒေသစာရီကြွချီတော်မူတဲ့ အချိန်အခါနဲ့ ဆုံလို့မို့ ဖူးမြင်ခွင့်မရရှာဘဲ သူတို့တွေ ပြန်သွားခဲ့ရပါတယ်။ ဒါကို အရှင်အာနန္ဒာ မထေရ်မြတ်က့ မြတ်ဗုဒ္ဓအား လျှောက်ထားပေးမှုကြောင့် မူရင်းဗောဓိပင်က ကြွေလုလု အစေ့တ လုံးကို ရှင်မောဂ္ဂလ္လာန်မထေရ် မြတ်က သင်္ကန်းတော်နဲ့ ခံယူတော်မူခဲ့ပြီး သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော် သို့ သယ်ဆောင်ပေးခဲ့ပါတယ်။
.
ရှင်အာနန္ဒာက ဘုရားကိုယ်စား ဗောဓိပင်စိုက်ပျိုးရေးမှာ တာဝန်ယူခဲ့ပြီး ကောသလမင်းနဲ့ အနာထပိဏ်သူ ဌေး၊ ၀ိသာခါတို့က ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ရှင်မောဂ္ဂလ္လာန်ဆောင်ယူတော်မူခဲ့တဲ့ ဗောဓိပင်မျိုးစေ့ကို ဇေတ၀န်ကျောင်းတော် တံခါးဝအနီးမှာ စိုက်ပျိုးကာ ရှင်လူအများက ဘုရားကိုယ်စား ကိုယ်ကွယ်ခဲ့ကြပါတယ်။ ရှင်အာနန္ဒာ မထေရ်မြတ်ကို အကြောင်းပြုကာ စတင်ဖြစ်တည်ခဲ့တဲ့ ဗောဓိပင်မို့ အာနန္ဒာဗောဓိပင်လို့ မည်တွင် ခဲ့ပါတယ်။
.
ဒါ့အပြင် သီဟိုဠ်ကျွန်းက ဗောဓိပင်ကိုတော့ မူရင်းဗောဓိပင်ရဲ့ တောင်ဘက်က အကိုင်းကြီးကို ဖြတ်ယူဆင့် ပွား ခဲ့ပြီး စိုက်ပျိုးခဲ့လို့ ဒက္ခိဏသာခါလို့ခေါ်ပါတယ်။ ဒက္ခိဏသာခါဗောဓိပင်များ သီဟိုဠ်ကျွန်းမှာ နေရာအနှံ့ ပွားများပြီး ပေါက်ရောက်ခဲ့ပါတယ်။ ရာသီဥတုဒဏ်ကြောင့် ကျိုးပြတ်ခဲ့တဲ့ ဒက္ခိဏသာခါဗောဓိပင်များရဲ့ အကိုင်း များကို ဘုရား ဆင်းတုတော်များ ထုလုပ်ကာ ကိုးကွယ်ခဲ့ကြရာ ယနေ့ဆို ကမ္ဘာအနှံ့မှာ ဒက္ခိဏသာခါဆင်းတု တော် ပြန့်နှံ့လျက်ရှိ ပါတယ်။ မြန်မာပြည်မှာလည်း မြောက်များစွာ ရှိပါတယ်။
.
နောက်ခံသမိုင်းကြောင်းများနဲ့ အဓိပ္ပါယ်ပြည့်စုံလေးနက်နေတဲ့ လကဆုန်ဟာ ဗုဒ္ဓဘာသာဝင်များအတွက်မ မေ့နိုင်စရာပင်ဖြစ်ပါတယ်။ ဘုရားပေးကမ်းခဲ့တဲ့ နိဗ္ဗာန်လမ်းသို့ လျှောက်လှမ်းသူ သူတော်စင်များအဖို့ ဘုရား ကျေးဇူးကို သိ၍ ကျေးဇူးတော်အနန္တကို တုန့်ဆပ်သောအားဖြင့် ကဆုန်ပွဲတော်များကို ကျင်းပနေကြတာဖြစ် ပါတယ်။
.

.
င်္ဂလာရှိသောပွဲတော်ပင်ဖြစ်ပါတယ်။ ကျင်းပသူ၊ ကြွရောက် ကုသိုလ်ပြုသူ၊ အားလုံးဟာ သူတော်ကောင်း စိတ်ဓာတ် အကျင့်မြတ်နဲ့မို့ ကုသိုလ်မင်္ဂလာ အဖြာဖြာတို့ ပွားများလျှက် ကျက်သရေတိုးတက်နေပါတယ်။ ကိုယ့် ယဉ်ကျေးမှုကိုလည်း ဖော်ဆောင်တဲ့ပွဲမို့ ကျင်းပနိုင်လေ ကောင်းလေဆိုတဲ့ ပွဲတော်တခုပင်ဖြစ်ပါတယ်။
.
.
ကိုသက်
.
.

Read more...

Tuesday, April 28, 2009

မြန်မာပြည်အကြောင်း နားထောင်ရအောင်

.
.

.
အမေရိကန်နိုင်ငံ တ၀ှမ်းရှိ တက္ကသိုလ်၊ ကောလိပ်များမှာ ယဉ်ကျေးမှု၊ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေးစတဲ့အ ကြောင်းအရာများကို ဟောပြောပွဲများ မကြာခဏပြုလုပ်၍ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများက တက်ရောက် နားဆင်ကြပါတယ်။
.
ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ မျိုးဆက်သစ်များအနာဂတ်မှာ တိုးတက်စေဖို့ပင်ဖြစ်ပါတယ်။ အခြားတိုင်းပြည် တခုရဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေးအခြေအနေများကို သိခွင့်ရကြလို့ အားသာချက်၊ အားနည်းချက်များအပေါ်မှာ သင်ခန်းစာ ယူနိုင်ကြပါတယ်။
.
ဒီဟောပြောပွဲမှာ နိုင်ငံရေးသမားဟောင်း ကိုမြ၀င်း၊ ၈၈ မျိုးဆက်ကျောင်းသားများဖြစ်တဲ့ ကိုသက်ထွန်း၊ ကိုနေ တင်မြင့်နဲ့ ပန်းချီဆရာကိုထိန်လင်းတို့ တက်ရောက် ဟောပြောခဲ့ပါတယ်။ စရီးတို ကောလိပ်ရဲ့ ပါမောက္ခတဦး ဖြစ်တဲ့ ဆရာဂျွန်က စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။
.
သူတို့ဟောပြောတဲ့ အဓိကအကြောင်းအရာက မြန်မာနိုင်ငံ အကျဉ်းထောင်အကြောင်းဖြစ်ပါတယ်။ ဟောပြော သူအချို့ဟာ သူတို့ကိုယ်တိုင် ထောင်ကျခဲ့ဖူးသူများဖြစ်လို့ မြန်မာနိုင်ငံထောင်များအကြောင်းကို ပိုင်ပိုင်နိုင်နိုင် ဟောပြောနိုင်ကြပါတယ်။ ပရိသတ်ကတော့ တအံ့တသြဖြစ်နေပါတယ်။ တိုင်းပြည်ကို ချစ်သူများ၊ အမျိုးသားရေးစိတ်ဓာတ်အပြည့်ရှိသူများ၊ အများအကျိုး၊ တိုင်းပြည်အကျိုးကို ကိုယ်ကျိုးမငဲ့ကွက်ဘဲ ဆောင်ရွက်သူလူကောင်း များ ထောင်ကျရတယ်ဆိုတော့ မအံ့သြဘဲ နေမလဲဗျာ။ သူတို့ပြည်မှာက လူ့အခွင့်အရေးအပြည့် ဒီမိုကရေစီအ
ပြည့်အ၀ရှိလို့ ဒီလိုမျိုးကိစ္စ မတရားလုပ်တဲ့ကိစ္စတွေကို မကြားဖူးကြဘူးလေ။
.
၈၈ ပြီးကတည်းက အခုဆိုရင် အနှစ် ၂၀ ကျော်ခဲ့ပြီ မြန်မာနိုင်ငံ ဘယ်တော့ ဒီမိုကရေစီရမှာလဲ။ ဖမ်းမယ်၊ နှိပ် စက်မယ်၊ သတ်ချင်သတ်မယ်၊ ထောင်ချမယ်ဆိုတာ သိရက်နဲ့ အကြောက်တရားမရှိဘဲ ဘာကြောင့်များ မြန်မာ ကျောင်းသားတွေဟာ စစ်အာဏာရှင်များကို အံတုရဲတာလဲ စတဲ့ မေးခွန်းတွေကို အမေရိကန်ကျောင်းသား ကျောင်းသူတွေက မေးလာပါတယ်။ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေပါ။
.
ပန်းချီ ကိုထိန်လင်းဆိုရင် ထောင်ထဲမှာ ထောင်အ၀တ်အစားများနဲ့ ရေးဆွဲခဲ့တဲ့ ပန်းချီကားများဟာ စိတ်ဝင်စားစ ရာ ကောင်းနေပါတယ်။ စစ်အာဏာရှင်များသိရင် သတ်ပစ်မယ်ဆိုတာ သိရက်နဲ့ ကြံဖန်ပြီး ရေးဆွဲခဲ့တာပါ။ သူ့ ရဲ့ ထောင်တွင်းပန်းချီကားတွေဟာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်သနစ်များမို့ တန်ဖိုးမဖြတ်နိုင်တဲ့အပြင် သမိုင်း ၀င် ပန်းချီကားများဖြစ်နေပါတယ်။
.
ကိုသက်ထွန်းဆို ထိုင်ပြီးရင် ပြန်ထလို့ မရတော့ပါဘူး၊ ထောင်ထဲမှာ နှိပ်စက်ခံရတာများလို့ ခါးကျိုးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါမျိုးတွေ ဘယ်နှစ်ယောက်ရှိမလဲ၊ လက်လွန်လို့ သို့မဟုတ် တပင်လုပ်လို့ ကွယ်လွန်သွားသူတွေလဲ ဒုနဲ့ဒေးဖြစ်လို့ အနောက်နိုင်ငံသားတွေအဖို့ မကြားရက်ရက် သနားကရုဏာသက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေ ကြပါတယ်။ စိတ်ဝင်စားစရာကောင်းသလို အခြားတဖက်မှာလည်း တကယ်ရင်နာစရာအဖြစ်ဆိုးတွေပါဗျာ။
.
ဟောပြောတဲ့မှတ်တမ်းများကို အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံများနဲ့ တောင်အမေရိက နိုင်ငံများမှာ တယ်လီဗီး ရှင်းသတင်းအဖြစ် ထုတ်လွှင့်ပေးပါတယ်။ လွတ်လပ်တဲ့တိုင်းပြည်တွေမှာ သတင်းအမှောင်ချထားတာမရှိဘဲ ကြုံ လာတဲ့အဖြစ်သနစ် ပြဿနာများကို သင်ခန်းစာယူနိုင်ဖို့ ဗဟုသုတဖြစ်စေဖို့ လူထုရှေ့မှောက်သို့ ထုတ်လွှင့်ပေး လေ့ရှိပါတယ်။ အတုယူစရာပင်ဖြစ်ပါတယ်။
.
ပွဲပြီးတော့ မြန်မာပြည်ဒီမိုကရေစီ ရပါစေလို့ အားလုံးက ဆန္ဒပြုပေးကြပါတယ်။
.
.
ကိုသက်

Read more...

Sunday, April 26, 2009

တပြေတရွာက မြန်မာဒိုးအဖွဲ့

.
.
နိုင်ငံတကာရောက် မြန်မာအသိုင်းအ၀ိုင်းမှာ အနုပညာတီးဝိုင်းတွေ သူ့နေရာနဲ့သူ ရှိနေတယ်။ အာရီဇိုးနားပြည် နယ်၊ ဖီးနစ်မြို့က နာမည်ကြီးလာတဲ့ တီးဝိုင်းဟာ ဖီးနစ်မောင် ဒိုးပတ်ဝိုင်းဖြစ်ပါတယ်။
.
ဖီးနစ်မောင် ဒိုးဝိုင်းကို မနှစ်က စတင်တည်ထောင်ခဲ့တာပါ။ ဖီးနစ်မှာ အခြေချနေထိုင်ကြတဲ့ မြန်မာလူငယ်တွေ စုစည်း တည်ထောင်ထားတာဖြစ်ပြီး ဒိုးဝိုင်းကို ခေါင်းဆောင်သူက ဗုံပျောက် ကိုအောင်သက်ဖြစ်ပါတယ်။ ဗုံတွေ ကောင်းသည်ထက်ကောင်းအောင် သူ့အိမ်ရှေ့လမ်းဘေးမှာ နေလှမ်းထားရာက တရေးနိုးလို့ ထကြည့်တော့ ဗုံ တွေ လှမ်းထားတဲ့နေရာမှာ မရှိတော့ဘူး။ ပျောက်ဆုံးသွားတယ်။ မြင်သူက မြန်မာ့ဒိုးတွေကို မြတ်နိုးလို့ ယူသွား တာဖြစ်မှာပေါ့။ ဗုံတွေ ပျောက်သွားလို့ တီးဝိုင်းခေါင်းဆောင် ကိုအောင်သက်ကို ချစ်စနိုးနဲ့ ၀ိုင်းနောက်ကြတာ ဗုံပျောက် ကိုအောင်သက်တဲ့ဗျာ။ ခင်မင်စရာ ကောင်းသူတဦးပင်ဖြစ်ပါတယ်။
.
လိုက်ဒိုးတီးသူ ကိုယဉ်ကြည်နဲ့ ကိုမိုးမောင်တို့ဖြစ်ပါတယ်။ သူတို့နှစ်ဦး အလျဉ်းသင့်သလို အလှည့်ကြတီးကြပါတ ယ်။ ခေါ်ဒိုးတီးသူအနေနဲ့ ၀ိုးခေါင်းဆောင် ကိုအောင်သက်က ဆောင်ရွက်ပေးတယ်။ လင်းကွင်း ကိုထိန်လင်း၊ နှဲ က ကိုဘိုလွင်၊ ကီးဘုတ်ဆရာ ကိုစောထူးဖြစ်ပါတယ်။ ကိုစောထူးဟာ ပန်းချီအရာမှာလည်း လက်ရာကောင်းလို့ ပြောင်မြောက်သူတဦးမို့ အာရီဇိုးနားနဲ့ ကာလီဖိုးနီးယားကပွဲအချို့အတွက် ဆိုင်းဘုတ်များကို သူကိုယ်တိုင်ပဲ ရေး ဆွဲခြင်းဖြင့် ကူညီခဲ့တာ အကြိမ်အတော်များများ မြင်ရဖူးပါတယ်။
.
ဝါးလက်ခုပ် တီးဆရာများအဖြစ် မဥမ္မာဘို၊ ကိုညိုကြီး၊ ကိုယဉ်ကြည်နဲ့ ကိုဂျော်နီတို့က အဆင်ပြေသလို တီးပေး ကြပါတယ်။ သက်တမ်းအနေနဲ့တွက်ရင် ဖီးနစ်မောင် ဒိုးအဖွဲ့ တနှစ်သားမျှသာ ရှိသော်လည်း သူတို့ရဲ့စွမ်းအား က မြန်မာအသိုင်းအ၀ိုင်းကို ကြည်နူးနှစ်သက် လှပစေပါတယ်။ ကိုယ့်ယဉ်ကျေးမှု အနုပညာကို တဖက်တလမ်း စွမ်းနိုင်သမျှ တင်ပြနေသူများမို့ လေးစားစရာ ကောင်းပါတယ်။
.
မနှစ်က အာရီဇိုးနားသင်္ကြန်မှာ ပထမဦးဆုံးပွဲအဖြစ် စတင်တီးခဲ့တာပါ။ ဒိုးအဖွဲ့ကို စတင်တည်ထောင်တဲ့အခါ လိုအပ်တဲ့ အနုပညာပစ္စည်းများကို ၀ါသနာရှင် ကိုဖီးလစ်ထွန်းက သူ့မှာရှိတဲ့ ဒိုးများကို ပေးအပ်ခြင်းဖြင့် ကူညီပံ့ ပိုးခဲ့တာဖြစ်ပါတယ်။ အခုတခါ ဒိုးတွေ ပျောက်ဆုံးသွားတော့လည်း မှာယူ၍ ကူညီပေးဖို့ ဆောင်ရွက်နေတဲ့အ ကြောင်း သိရပါတယ်။ သို့အတွက် ဒီနှစ်အယ်လ်အေ သင်္ကြန်ပွဲမှာ လာတီးတော့ သူတို့မှာ ဒိုးမရှိတော့လို့ ၀ါသ နာရှင် ကိုလေး (မီးရထား) က သူ့ပိုင်ဒိုးများကို ငှါးပေးခြင်းဖြင့် ကူညီခဲ့ပါတယ်။ အယ်လ်အေပွဲမှာ ကိုအေးမြင့်က အစစ အဆင်ပြေအောင် ကူညီပေးပါတယ်။
.
မကြာသေးမီက အမေရိကန်နိုင်ငံရှိ မြန်မာအများနေထိုင်တဲ့ ပြည်နယ်များရှိ မြို့များတွင် လာရောက်ကပြဖျော် ဖြေသွားတဲ့ သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့နဲ့လည်း အတူတီးလိုက်ပါသေးတယ်။ သီးလေးသီးအဖွဲ့ အာရီဇိုး နားပွဲ ကရန်အရောက်မှာ ဖီးနစ်မောင်ဒိုးအဖွဲ့က ကူညီပံ့ပိုး တီးမှုတ်ပေးခဲ့တာပါ။
.
နီးစပ်ရာပွဲလမ်းသဘင်များမှာ လိုအပ်ရင် လိုအပ်သလို ပါဝင်ဆင်နွဲနေကြပါတယ်။ မကြာမီ ကျင်းပကြမှာဖြစ်တဲ့ ဖီးနစ်မြို့သင်္ကြန်ပွဲမှာလဲ ဆင်နွှဲဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ဖော်ပြထားတဲ့ဓာတ်ပုံဟာ သူတို့အဖွဲ့အယ်လ်အေ သင်္ကြန်ပွဲမတီးမီးမှာ အမှတ်တရ ရိုက်ကူးထားတာဖြစ်ပါတယ်။
.
သူတို့အစွမ်းနဲ့ အမျိုးဂုဏ် အနုပညာဂုဏ်ကို ဆောင်နေသူများဖြစ်ပါတယ်။ သူတို့နဲ့အတူ နိုင်ငံတကာရောက်အနု ပညာအဖွဲ့များအားလုံးကို လေးစားဂုဏ်ယူပါကြောင်း ဖော်ပြအပ်ပါတယ်ဗျား . . .
.
.
ကိုသက်

Read more...

Sunday, April 12, 2009

စေတနာကောင်းတော့ အလုပ်ကောင်း ကံကောင်းပေါ့

.
.

.

“စေတနာကောင်းရင် ကံကောင်းတယ်၊ စေတနာဆိုတာ ကံ” “ကံဆိုတာ အလုပ်” ဒီစကားတွေ ငယ်စဉ်က တည်းက ကိုယ့်ဝန်းကျင်မှာ ကြားနေရတတ်တယ်။ အဓိပ္ပါယ် နက်ရှိုင်းတဲ့ စကားများသာဖြစ်ပါတယ်။ ကျနော် နား လည်လိုက်တာ အလုပ်ကောင်းရင် ကံကောင်းတယ်။ အလုပ်ကောင်းဖို့ရာလဲ စေတနာကောင်းဖို့ လိုသေးတယ်။

ကံဆိုတာလဲ အချောင်မကောင်းတတ်ပေဘူး။ ကိုယ့်လုပ်ခဲ့သမျှ စည်းစနစ်ကျကျ ပြန်အကျိုးပေးတဲ့ သဘော သာဖြစ်တယ်။ ကံနဲ့ အလုပ်၊ ပြီးတော့ စေတနာ၊ အဆင့်ဆင့်ဖြစ်လာတဲ့ အပေါ်မှာ စေတနာက အရေးအကြီးဆုံးနဲ့ မူရင်းပဓာနဖြစ်နေတယ်ဆိုတာ ထင်ရှားလာတယ်။ ကိုယ့်ရင်ထဲမှာ စေတနာကောင်း ဖြစ်ပွားစေဖို့ လိုလာတာပေါ့။

စေတနာရဲ့ သဘောက စေ့ဆော်တိုက်တွန်းမှုပါ။ ကောင်းတာ လုပ်ဖို့၊ မကောင်းတာ လုပ်ဖို့ နှစ်မျိုးစလုံးကို သူ ကပဲ တိုက်တွန်းတာပါ။ စေတနာကောင်း၊ အလုပ်ကောင်းတော့ ကံကောင်းကြီးပွားလာကြတာပဲ။ စေတနာက မ ကောင်းဘူးဆိုရင်တော့ ကံအကျိုးလည်း မကောင်းနိုင်ဘူးလေ။ စေတနာကောင်းက လူတယောက်ကြီးပွားစေဖို့ နုသစ်တဲ့ အညွန့်အဖူးလေးတွေနဲ့ တူတယ်။ သို့အတွက် နုသစ်တဲ့ အညွန့်အဖူးလေးတွေနဲ့ သဘာဝကျကျလှပနေ တဲ့ ဓာတ်ပုံလေးကို စေတနာရောင်ပြန်အဖြစ် ဖော်ပြလိုက်တယ်။

စေတနာရောင်ပြန်ပဲ ပြောပြော၊ စေတနာကောင်းတော့ ကံအကျိုးပေးကောင်းတယ်ပဲ ဆိုဆို၊ အကျိုးပေး ကောင်းသူတဦးအကြောင်းကို ပြောပြချင်ပါသေးတယ်။ မိန်းကလေးနာမည်က Tracy Tan ပဲဆိုပါတော့။ ဒီမိန်းက လေးက စားသောက်ဆိုင်မှာ အလုပ် လုပ်တယ်။ အလုပ်ကြိုးစားတယ်။ သူ့အလုပ်အပေါ်မှာ စည်းကမ်းရှိတယ်။ တာဝန်ယူချင်စိတ် အပြည့်ရှိတယ်။ ပျူငှါသူ ဖော်ရွေသူ စေတနာကောင်းသူအဖြစ် စားသုံးသူတွေက သူ့ကိုခင်မင် လေးစားကြတယ်။ သူအလုပ် လုပ်တဲ့ဆိုင်မှာ လာစားနေကြသူတွေက သူ့ကို မတွေ့ရင် မေးတတ်တယ်။

နေ့စဉ်လိုလို လာရောက် စားသုံးသူတွေထဲမှာ အမေရိကန် လူဖြူ အဖိုးကြီး တဦးလည်းပါတယ်။ ကျောင်းတ ဖက်နဲ့ အလုပ် လုပ်နေသူ ထရေစီက အိုကြီးအိုမနဲ့ လာစားနေကြဖိုးဖိုးကြီးကို သူ့အဖိုးလိုပဲ ကူညီဆောင်ရွက်ပြုစု ပေးပါတယ်။ အသက်ကြီးသူတို့ထုံးစံ အလိုမကျနိုင်တိုင်း တမျိုးပြီးတမျိုး ထပ်တလဲလဲ တောင်းဆိုနေတတ်တဲ့ အ ရာတွေကို အတတ်နိုင်ဆုံးနဲ့ စိတ်ရှည်ရှည် ကူညီပံ့ပိုးပေးတယ်။ ပတ်ဝန်းကျင်က မြင်ကြည့်ရင်တောင် စေတနာ ကောင်းသူ၊ သဘောကောင်းသူပေမို့ အားမနာတမ်းခိုင်းနေတာလို့ ထင်တဲ့လူတောင် ရှိသေးတယ်။

ဒါပေမဲ့ ထရေစီတို့က အပြုံးမပျက် တာဝန်ကျေမြဲကျေလျှက်ပါပဲ။ အလုပ်နဲ့ အိမ်၊ အိမ်နဲ့ စာသင်ကျောင်း မရပ်မ နား ချားရဟတ်လို လည်ပတ်နေရတဲ့ အမေရိကား ရောက်စလူတွေရဲ့ ဘ၀ကွန်ချာထဲမှာ ပုံမှန်လည်ပတ်နေရတဲ့ စက်ရုပ်လူသားလိုအဖြစ်မျိုးပါ။ American Dream က လူစိမ်းဆိုရင် လောကဓံရိုက်ချက် ပိုပြင်းသလိုပဲ။

တရက်မှာ ဒီစားသောက်ဆိုင်သို့ မျက်နှာစိမ်း ရှေ့နေတဦး ရောက်လာတယ်။ သူလာရခြင်းအကြောင်းက ဒီ ဆိုင်မှာ အလုပ် လုပ်နေတဲ့ ထရေစီကို လာရှာတာ။ စာပွဲတွေကို တိုက်ချွတ်ဆေးကြောနေတဲ့ ထရေစီကို တွေ့ပါပြီ။ အင်္ကျီအပေါ်နားမှာ ထရေစီတန်ဆိုတဲ့ စာလေးကြောင့် ထရေစီလားလို့ တိုက်ရိုက်လာမေးခြင်းဖြစ်ပါတယ်။ ပိုသေချာ အောင် အိုင်ဒီကို တောင်းကြည့်တယ်။ ဟုတ်ပါပြီ။ ထရေစီမှ ထရေစီအစစ်ဖြစ်ပါတယ်။

ဒီတော့မှ သူဟာ ရှေ့နေတဦးဖြစ်ကြောင်း၊ ဒီဆိုင်မှာ အမြဲလိုလို ထမင်းလာစားနေတဲ့ အဖိုးတဦးက သူ့သေ တမ်းစာမှာ စားပွဲထိုးအဖြစ် အလုပ် လုပ်နေတဲ့ ထရေစီတန်ကို သူ့ပိုင်ဆိုင်မှုတွေထဲက အိမ်တလုံးပေးခဲ့ကြောင်း၊ စာရွက်စာတန်းကိစ္စတွေ လုပ်ဖို့ သူထိုင်တဲ့ရှေ့နေရုံးသို့ လာဖို့အကြောင်း အကြောင်းကြားလာခြင်းဖြစ်ပါတယ်။

နောက်ဆုံးရလာဘ်ကိုပဲ တိုတိုရှင်းရှင်းဖြတ်ပြောလိုက်မယ်ဗျာ - မြန်မာပြည်က ရောက်လာတဲ့ ထရေစီဟာ မ ထင်မှတ်ပဲ အိမ်တလုံး ရလိုက်တယ်။ အလုပ်တဖက် ကျောင်းတဖက်နဲ့ စားပွဲထိုးမလေးအဖြစ် ရုန်းကန်နေရရှာသူ အဖို့ အိမ်ဆိုတာ လောလောဆယ်အခြေအနေအရ အိပ်မက် မမက်ရဲသေးဘူးလေ။ တိုးတက်နေတဲ့ အမေရိကန် ရေစီးကြောင်းထဲမှာ အလူးအလဲ စုန်ဆန်ကူးနေရသေးတဲ့ ဘ၀မဟုတ်လား။

လူကြီးမိဘတွေ အပေါ်ရိုသေတတ်ခြင်း၊ ကိုယ့်အဖိုးအရွယ်ကို ကိုယ့်ဖိုးဖိုးလို သဘောထားနိုင်ခြင်း၊ မျှော်လင့် ချက် ကင်းကင်းနဲ့ ကူညီဆောင်ရွက်ပေးခြင်း၊ စေတနာ၊ မေတ္တာ၊ ကရုဏာတရားတွေနဲ့ အလုပ် လုပ်ခြင်း စတဲ့အ ကျိုးတွေက ပေးပြီမို့ အိမ်တလုံး ရလိုက်တယ်။ စေတနာကောင်းတော့ ကံအကျိုးပေးကောင်းတာ လက်တွေ့ဖြစ်ပါ တယ်။ အလားတူ အိမ်ရလိုက်တဲ့ဖြစ်ရပ်တွေ ကျနော်တို့ လော့စ်အိန်ဂျလိစ်မှာ တယောက်ရှိပါသေးတယ်။ မင်္ဂလာ ရှိလိုက်တာများဗျာ။ အားကျစရာ မုဒိတာပွားစရာဖြစ်တဲ့ မင်္ဂလာရှိသော သတင်းလေးတွေပါ။

“စေတနာကောင်းရင် ကံကောင်းတယ်၊ စေတနာဆိုတာ ကံ” “ကံဆိုတာ အလုပ်” တဲ့။

အားလုံးပဲ စေတနာကောင်း၊ အလုပ်ကောင်းပြီး၊ ကံကောင်းနိုင်ကြပါစေလို့ ဆန္ဒြ့ပုရင်း ...


ကိုသက်

Read more...

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP