Monday, January 21, 2008

သင် မသေနိုင်

‘အဖြစ်’ ရှိရင် ‘အပျက်’ ရှိမြဲ
‘ရှင်ခြင်း’ ရှိရင် ‘သေခြင်း တရား’
ကွေကွင်းသွားလို့ မရဘူး။
ကကက
ရှင်မှု သေမှု၊ ကံအမှုမို့
ဥာဏ်နဲ့ ရှုပြီး ဖြေရမယ်။
ကကက
ဝမ်းနည်းငိုကြွေး၊ ပူဆွေးသောက
စိတ်ဓာတ်ကျနေရုံနှင့်
ထမြောက်ရှင်ပြန် မလာနိုင်။
ကကက
မသေခင်မှာ
ဖြူစင်စိတ်ရင်း၊ ကြင်နာခြင်းနှင့်
ချစ်ခြင်းမေတ္တာ၊ ကောင်းရာရာကို
သင် ဘာပြုခဲ့ပါသလဲ။
ကကက
အဲဒီကောင်းမှု၊ အစုစုနဲ့
သာဓုခေါ်စရာ၊ မြောက်မြားစွာက
သေရွာအထိ ပါလိမ့်မယ်။
ကကက
ကိုယ်မှုနှုတ်မှု၊ စိတ်အမှုဟု
သင်ပြုသမျှ၊ ကုသလကို
တသလွမ်းဆွတ်၊ တတွတ်တွတ်နှင့်
ရေရွတ်ပြီးကာ၊ မြင်ယောင်လာတော့
ဘယ်မှာ သင်သေတော့မလဲ . . . ။
သသသ
တင်မိုး
သသသ
(၂၂၊ ၁၁၊ ၂၀၀၆) LA
သသသသသသ
ဆရာတင်မိုး ကွယ်လွန်ခဲ့တာ ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီ (၂၂)မှာ တနှစ်တင်းတင်း ပြည့်မြောက်ခဲ့ပါပြီ။ ကျနော်တို့တတွေ ဆရာ့ကို မမေ့နိုင်ကြပါ။ မနေ့က ဇန်န၀ါရီ (၂၀)ရက်၊ တနင်္ဂနွေနေ့မှာ ဆရာကြီး နောက်ဆုံးနေသွားတဲ့အိမ်မှာ ကောင်းမှုတွေပြုကြပါတယ်။
ကကက
အားလုံးရဲ့ရင်ထဲမှာ ဆရာ့ကို တသလွမ်းဆွတ်စိတ်တွေနဲ့ ဆရာ့အတွက် ကုသိုလ်ပြုကြတယ်။ ဆရာ့ အကြောင်းတွေကို ပြန်ပြောကြ၊ ဆွေးနွေးကြတယ်။ လက်ရှိအခြေအနေမှာ သံဃာတော်များကို အ လွန်စော်ကားနေတဲ့ စစ်အစိုးရကို ဆရာကြီးရှိရင် ရင်နင့်နင့်နဲ့ ကဗျာတွေ ရေးမှာ သေချာတယ်။ ဆ ရာက ဘုန်းကြီးကျောင်းထွက် ပညာတတ်တဦးဖြစ်လို့ တောသားတဦးဖြစ်လို့ပါ။
ကကက
ချစ်ခင်လေးစားရသော ကိုလတ်ဆုံးစဉ်က ဆရာရေးသားပေးသွားတဲ့ သံဝေဂဖြစ်စေတဲ့ ကဗျာလေး ကို ဆရာ့အမှတ်တရ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဒီကဗျာလေးမှာ တရားရစေဖို့ သံဝေဂတရား တော်တွေပါသလို ဂုဏ်ပြုအားပေးမှုလေးတွေလည်း ပါနေတယ်။ ထို့အတူ လုပ်ဆောင်ချက်တွေ လူ့ရွာ ဤကမ္ဘာမှာ ကျန်ရစ်နေသရွေ့ မသေနိုင်သေးကြောင်းကိုလည်း ဆရာ့ကဗျာနိဂုံးမှာ ဖွင့်ဆိုပြ သွားတယ်။
ကကက
မြန်မာပြည်သူလူထုကြီးနဲ့ ကျနော်တို့တွေရင်ထဲမှာ ဆရာတင်မိုး မသေ သေးပါဘူး။ မြန်မာစာပေနဲ့ အတူ ဆရာအမြဲရှင်သန်နေမှာပါ။ လှေတစင်းနဲ့ သီချင်းသည်၊ ပန်းကလေးနဲ့ မနီ၊ ပုဂံကျောင်းက ခေါင်းလောင်းသံ၊ ကံကော်ရိပ်က အိပ်မက်များ၊ ကန္တာရနှစ်များ၊ လည်ဆွဲရတနာ မောင့်ကဗျာ၊ အ ညလမ်းက တမာတန်း စတဲ့ကဗျာတွေ စာတွေ ထာဝရရှင်သန်နေဆဲပါဆရာ . . . ။
ကကက

No comments:

Post a Comment