Thursday, March 20, 2008

သေမင်းထံပါး ငါ မသွားမီ

ကကကကက
သေမင်းထံပါး ငါမသွားမီ
အလုပ်ခွင်မှာ
အထုတ်ပြင်ရင်း စောင့်ဦးမည်။

ကြီးကြီးငယ်ငယ်၊ မရွေးချယ်ဘူး
ဘယ်နေ့ဘယ်ရက်၊ သူမတွက်ဘူး
ချိန်းချက်မလုပ်၊ ရုတ်တရက်ဖြစ်စေ
ချိန်းကာချက်ကာ၊ ကြာမှဖြစ်စေ
ပုံသေမရှိ၊ လာတတ်၏။

အခေါ်လာလျှင်
ငါ့မှာ ငြင်းပယ်ခွင့်မရှိ
ရှင်ခြင်းမမြဲ၊ သေခြင်းမြဲသော
သည်ဝဲသြဃ၊ ရုန်းမရချေ။

အချိန်ကျလျှင်
လောဘ ဒေါသ၊ မောဟထုပ်များ
ပါးထက်ပါးအောင်
တရားမျက်ပွင့်၊ မြတ်အကျင့်ကို
လွယ်လင့်တကူ၊ ငါယူနိုင်အောင်
ကြံဆောင်ကြိုးစားရဦးမည်။

သေမင်းအဖော်၊ သူမခေါ်မီ
ပျော်ပျော်နေရင်း၊ ငါ့ယာခင်းတွင်
သီးကင်းဝေအောင် ပျိုးဦးမည်။

တင်မိုး
မဟေသီမဂ္ဂဇင်း
ဇွန်လ၊ ၁၉၉၈

ကကကက
ကကကက
ဒီကဗျာကို မဂ္ဂဇင်းမှတဆင့် ကူးယူ၍ ပေးပို့လာသော လှမွန် (မုံရွာ)အား ကျေးဇူးတင်ပါကြောင်း ဖော်ပြအပ်ပါတယ်။

No comments:

Post a Comment