ကကက
ကျနော်ဒီနေ့ (01-14-2009) Rio Hondo College သို့ အလည်တခေါက် ပြန်ရောက်တယ်။ ဒီနေရာလေးမှာ 2 years college ကျနော်တက်ခဲ့ဖူးတယ်။ ဓာတ်ပုံအကြောင်းလေးတွေ သင်တန်းတက်မလားလို့ အတန်းတွေကို ကြည့်ရင်း အလည်ရောက်တာပါ။ နေခဲ့ဖူးတဲ့ နေရာဟောင်းဆိုပေမဲ့ အသိအကျွမ်းတဦးတလေမျှ မတွေ့ခဲ့ရဘူး။ အမှတ်မထင် ဘိုင်အိုသင်တဲ့ ဆရာတဦးကို လှမ်းမြင်လိုက်တယ်။ သူက အဝေးမှာမို့ မနှုတ်ဆက်ဖြစ်ဘူး။
ကကက
တောင်ကုန်းပေါ်က ဒီကျောင်းလေးမှာ ကျနော်တက်နေတုန်းက ဆရာတင်မိုးလည်း မကြာခဏရောက်တယ်။ ဒီ ကျောင်းလေးက တောင်ကုန်းပေါ်မှာဖြစ်လို့ ဆရာတင်မိုးအနေနဲ့ အပေါ်ရောက်အောင် မနည်းကြိုးစားတက်ရတ ယ်။ လမ်းတ၀က်မှာ မကြာခဏ ရပ်နားရတယ်။ “ဆေးလိပ်သောက်တဲ့ အကျိုးပေါ့”တဲ့ ပါးစပ်ကလည်း ပြောနေ သေးတယ်။ ဆရာ မောမှန်းသိလို့ စာသင်ခန်းနဲ့အနီးဆုံးဖြစ်တဲ့ parking lots တွေမှာ ကားရပ်ဖို့နေရာရအောင် ရှာဖွေရပါတယ်။ အခုပြန်ရောက်တော့ ဒီပုံရိပ်လေးတွေ မြင်ယောင်မိသေးတယ်။
ကကက
ကျောင်းပေါ်က ကြည့်ရင် လောစ့်အိန်ဂျလိစ်မြို့ကို အပေါ်စီးက မြင်ရတယ်။ ညဖက်ဆို တမြို့လုံးမှာ ထိန်ထိန်လ င်းနေတဲ့ မီးတွေက ပိုးစုန်းကြူးတွေ ညမှောင်မှောင်မှာ ပျံသန်းရင်း အရောင်လက်နေသလိုပဲ။ ဆရာတင်မိုးက ဒီ ရှုခင်းကို မြင်ရလို့ သဘောကျတယ်။ ကဗျာဆန်ဆန်တွေးတယ်။ စိတ်ကူးယဉ်တယ်။ သုံးထပ်စာသင်ဆောင်ကြီး အပေါ်ထပ်က ခုံတန်းလျားမှာ ထိုင်တယ်။ ပြီးတော့ ဆေးလိပ်သောက်တယ်။ နည်းနည်း ငိုက်လိုက်သေးတယ်။
ကကက
ကျောင်းရဲ့အနောက်ဖက်မှာက နှင်းဆီတောင်ခေါ်တဲ့ သုဿာန်တခုရှိတယ်။ သုဿာန်လုပ်ထားတဲ့တောင်တန်း တွေက ကောလိပ်တည်ရှိတဲ့ တောင်ထက်မြင့်တယ်။ နေ၀င်ချိန်ကာလမှာ စိမ်းမြမြမြက်ခင်းပြင်က မြရောင်စိမ်း ပြာလို့ ပန်းချီကားပမာပေါ့။ “လှပကွာ။ သူတို့ဆီက သင်္ချုင်းက သေချင်စရာတောင်ကောင်းတယ်”တဲ့ ပြောလိုက် သေးတယ်။ ဆရာကိုယ်တိုင် ဒီနေရာလေးမှာ တကယ်ပဲ ငြိမ်းချမ်းစွာ အနားယူသွားတယ်။ ဆရာတင်မိုးရဲ့ အရိုး ပြာတွေ အဲဒီမှာပဲ သိမ်းထားတယ်။ ဒီမိုကရေစီရတဲ့တနေ့မှာ ဆရာချစ်တဲ့ အမိမြန်မာနိုင်ငံသို့ ဆရာ့အရိုးပြာများ ကို ကျနော်တို့တွေ ပြန်သယ်ရမယ်လေ။ အခုတော့ ဆရာက နှင်းဆီတောင်ပေါ်မှာ အပူအပင်ကင်းမဲ့စွာနဲ့ ငြိမ်း ချမ်းစွာ လဲလျောင်းနေလေရဲ့။ မှတ်မှတ်ရရ ကောလိပ်ကနေ လှမ်းကြည့်ရင် မြင်နေရတဲ့ Church ကျောင်းလေး ကို ဆရာ့ သတိရလို့ ဒီနေ့တောင် လှမ်းကြည့်လိုက်မိသေးတယ်။ ကျနော် ကျောင်းတက်တဲ့နေ့တွေ ဆရာပါ ပါ တဲ့အခါ ကျောင်းဆောင်အပေါ်ထပ်ကနေ ဒီနေရာလေးကို ဆရာက ကြည့်နေတတ်တယ်။ သာယာတာကိုး။ ဆ ရာ့ဈာပနကို နောက်ဆုံးကျင်းပခဲ့တာ၊ ကျနော်တို့အားလုံး ဆရာ့ကို နှုတ်ဆက်ခဲ့တာလည်း ဒီ church ကျောင်း မှာပဲဖြစ်ပါတယ်။ သူရဲအလွန်ကြောက်တတ်တဲ့ဆရာ တမလွန်ဘ၀မှာ သူရဲများကြောက်လေပြီလား မသိနိုင်ပါ။
ကကက
ကျောင်းအလယ်မှာ မြက်ခင်းပြင်ကျယ်ရှိတယ်။ အဲဒီနားမှာ smoking area လို့ ရေးပြီး ဆိုင်းဘုတ်ထောင်ထား တယ်။ ကျောင်းဆရာအချို့နဲ့ ၀န်းထမ်းတွေ မြက်ခင်းပေါ်မှာ လဲလျောင်းပြီး စကားပြောရင်း ဆေးလိပ်သောက် နေကြတယ်။ “ဆရာ ဆေးလိပ်သောက်ချင်ရင် အဲသည်မှာ သွားသောက်နော်”လို့ မှာရင် ဆရာက ဘာမျှမပြော ဘူး။ အဲသည်ကို မသွားဘဲ အပေါ်ထပ်မှာပဲ စာဖတ်လိုက် ဆေးလိပ်သောက်လိုက်နဲ့ ဆရာက ဟန်ကျနေတယ်။ အဲသည်အထိ သွားပြီး ဆေးလိပ်သောက်ရမှာ ဝေးတယ်တဲ့ ဆရာက ပြောလာတယ်။ သူ့ခမျာ အသက်ကလည်း ကြီးရင့်လာပြီဆိုတော့ ပင်ပန်းမှာပဲ၊ ဟုတ်ပါတယ်လေလို့ ဆရာ့ကို စာနာနားလည်မိပါတယ်။
ကကက
ကကက
ဒီဓာတ်ပုံမှာ မြင်ရတဲ့ ရွက်ကြွေသစ်ပင်မှာ အနီရောင်ပန်းတွေ ပွင့်လန်းတဲ့အခါ စိန်ပန်းနဲ့တူတယ်။ စိန်ပန်းရဲ့အ လွမ်းဘွဲ့ကို ဖွဲ့ရင်း ရန်ကုန်တက္ကသိုလ်ကို ဆရာက လွမ်းတတ်ပြန်တယ်။ ထန်းပင်တန်းကို မြင်ရပြန်တော့ အညာ ကို လွမ်းရပြန်တယ်။ ကာလီဖိုးနီးယားဟာ ဆရာ့အတွက် ဘ၀အလှတွေ ပြည့်လျှမ်းပြီး ကဗျာပန်းတွေ အများဆုံး ပွင့်ဖူးခဲ့တဲ့နေရာပါ။
ကကက
ကဗျာတွေတွေး စာတွေရေးရင်း မကြာခဏ ဆရာအလည်လာဖူးတဲ့ တောင်ကုန်းပေါ်က ဒီကောလိပ်လေးကို ဆ ရာ မေ့မယ်မထင်ဘူး။ ကျနော်လည်း မမေ့ပါဘူး။ နေရာဟောင်းဆီ အလည်တခေါက်ရောက်စဉ် ဆရာ့ပုံရိပ်တွေ ကို ကျနော် မြင်နေမိတယ်။ လွယ်အိတ်တလုံးနဲ့ဆရာ၊ ဆေးလိပ်ဖွာရှိုက်၊ တရေးငိုက်လို့ ငြိမ်းချမ်းလိုက်တဲ့ ဆရာ့ ဘ၀နဲ့ ရသစာပေ၊ ကဗျာအမွေ စသည် စသည်များစွာက အတွေးပန်းချီကားမှာ ပြတ်သားစွာပဲ ထင်နေဆဲပေါ့ ဆရာ။ တကယ်တော့ နေရာဟောင်းဆိုတာ လွမ်းစရာပန်းချီကားပါပဲ။
ကကက
No comments:
Post a Comment