Sunday, July 6, 2008

မျှော်လင့်နေဆဲ

ကကက
နာဂစ်မုန်တိုင်းဟာ မြန်မာပြည်အောက်ပိုင်း မြို့နယ်အချို့ဆီ ပထမဦးဆုံး ၀င်ရောက်လာခဲ့တယ်။ သူဝင်ရောက် လာလို့ လူများစွာ သေဆုံးခဲ့ရတယ်။ သိန်းကျော်တဲ့လူတွေ အသက်ပေးခဲ့ရတယ်။ သန်းကျော်တဲ့ ပြည်သူလူထု ခမျာ အိုးအိမ်မဲ့၊ ဘ၀ပျက်၊ မိသားစုပျက်၊ စီးပွားပျက် စတာတွေ မယုံနိုင်လောက်အောင်ဖြစ်ခဲ့တာ အားလုံးအသိ ပါ။ ပြည်တွင်းပြည်ပ အားလုံးကပဲ သူတို့တွေအတွက် ရတက်မအေးကြဘူး။ တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးပေး ကြပါတယ်။ ယနေ့ထက်တိုင် သူတို့ထံ ရောက်နိုင်တဲ့အနေထားတဲ့ ပို့ပေးနေဆဲပါ။
ကကက
နိုင်ငံခြားအကူအညီတွေကို စစ်အစိုးရက ပိတ်ပင်တယ်။ နောက်ပိုင်းမှာ ပြည်တွင်းက ကူညီသူတွေကိုလည်း သူ တို့တွေ ပိတ်ပင်လိုက်ပြန်တယ်။ ဒီကြားထဲက အခက်အခဲများစွာကို ရင်ဆိုင်ရင်း သွေးချင်းညီအစ်ကို မောင်နှမ တြွေ့ဖစ်တဲ့ ကျနော်တို့မြန်မာပြည်သူ ပြည်သားအချင်းချင်း အတင်းအဓမ္မ၀င်ရောက်ပြီး ကူညီတယ်။ သိတဲအတို င်းပဲလေ။ မဖြစ် ဖြစ်တဲ့နည်းနဲ့ ကူညီရတာဆိုတော့ အဆင်ပြေသင့်သလောက် မပြေဘူးပေါ့ဗျာ။ အမှန်က စစ်အ စိုးရအနေနဲ့ မကူညီချင်အသာနေပါ။ ကူညီသူတွေကို မနှောက်ယှက်ရင် အဆင်ပြေပါတယ်။ သူတို့က မထင်ရင် မထင်သလို ၀င်ရောက်နှောက်ယှက်နေတော့ ကူညီသူတွေ ဒုက္ခရောက်သူတွေအတွက် သိပ်မထိရောက်ဘူး။
ကကက
ကျနော်တို့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းက တောမြို့လေးတွေဆိုတာ လယ်ယာမြေတဲ့ အသက်မွေးရတာပါဗျာ။ ဒီလယ်တွေ ရေလွှမ်းသွားပြီဆိုတော့ ထမင်းငတ်တဲ့ဇာတ်လမ်းက စပြီ။ ဒါတင်မကဘဲ ရေက ၀မ်းစာထားလေတဲ့ စပါးကျီတွေကိုပါ လွှမ်းခဲ့ပြီဖြစ်လို့ ပိုဆိုးတာပေါ့ဗျာ။ ရေဘေးလေဘေးကြောင့် လူတွေကိုယ်တိုင် အသက်လုနေရ တဲ့အချိန်မှာ စပါးကျီထဲက နွေမိုးဆောင်းအတွက် ၀မ်းစာတွေကိုလည်း ဂရုမထားနိုင်တော့ဘူး။ အခုမှ တကယ် ကို ထမင်းငတ်တဲ့ကိန်း ဆိုက်တာပါ။
ကကက
ကျနော့်ဇာတိဟာ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ထဲက ရွာလေးတရွာဖြစ်ပါတယ်။ ကျနော့်မွေးရပ်မြေဟာ မိုး ရေတက်ရေ တဖွေးဖွေး ကွင်းကျယ်အဝေးဝေး လို့ ဆရာမင်းသုဝဏ် တင်စားဖွဲ့ဆိုခဲ့တဲ့ လယ်စောင့်တဲကဗျာထဲ ကအတိုင်း လယ်ကွင်းစိမ်းစိမ်းတွေ သဘာဝတွေနဲ့ သာယာလှပနေတဲ့အရပ်ပါ။ ကျွဲနွားအကူနဲ့ လယ်ကိုထွန်၊ စ ပါးကို စိုက်ပျိုးပြီး ရိုးသားသူတို့နေရာ ကျေးလက်တောရွာလေးတွေပါ။ ခုဆိုရင် နွေနှောင်းရာသီမို့ မိုးမကျမီ လယ်ယာမြေအတွက် သဘာဝမြေသြဇာ (နွားချေး) ချခြင်း၊ လယ်ကန်သင်းများကို ပြုပြင်ခြင်း၊ ရိုးပြတ်တောကို ရှင်းလင်းခြင်း စသည်အတိုအထွာ အခြေခံကိစ္စလေးများကို ဆောင်ရွက်ချိန်ရောက်ပါပြီ။ မကြာမီ ၀ါဆိုမိုးက ရွာ တော့မှာမို့ ၀မ်းစာရေးအတွက် ထွန်ရေးပြင်ရတော့မှာ မဟုတ်လား။
ကကက
စကားမစပ်၊ ကျနော့်ထံသို့ မကြာသေးမီ ရက်ပိုင်းအတွင်းက စာလေးတစောင် ရောက်လာခဲ့ပါတယ်။ ရွာက မောင်နှမတွေနဲ့ ဆွေးမျိုးသားချင်း၊ ရွာသူရွာသားတွေက ရွာအခြေအနေကို စာရေးလာတယ်။ စာထဲမှာ အဓိက အကြောင်းက သူတို့တွေ ဒီနှစ်မိုးမှာ ထွန်ချဖို့ လယ်ယာသုံးပစ္စည်းတွေ မုန်တိုင်းဒဏ်ဖြစ်တဲ့ ရေဘေးလေဘေးေ ကြာင့်ပျက်စီးသွားကြောင်း၊ ကျွဲနွားတွေလည်း ရေထဲမျောပါ ပျက်စီးကုန်ကြောင်း ပြောလာတယ်။ ကြားရတာ ရင်ထဲမှာ နင့်သွားတယ်။ စိတ်မကောင်းစရာ သူတို့အဖြစ်ပါ။
ကကက
စာထဲမှာ ဆက်ရေးထားတာက မိုးအမီ လယ်ထွန်ဖို့ ကျွဲနွားနဲ့ လယ်ယာသုံးပစ္စည်းကိရိယာများ ဘာတခုမျှမရှိ တော့လို့ စကားကျီလည်း ရေထဲမျောပါကုန်လို့ အငတ်ဘေးဆိုက်နေပြီတဲ့။ လက်ရှိသူတို့ဘ၀တွေဟာ သူများက ဝေငှလာတဲ့အစားအစာလေးတွေနဲ့ ရပ်တည်နေရကြောင်း ရင်ဖွင့်လာတယ်။ တတ်နိုင်ရင် ကူညီဖို့အကြောင်းနဲ့ နိုင်ငံခြားက ရောက်လာမယ်ဆိုတဲ့အကူအညီတွေကို မျှော်လင့်နေကြောင်း ရေးလာတယ်။ စာကိုဖတ်ပြီး ဖော်မ ပြတတ်တဲ့ဝေဒနာတွေ ပေါ်လာတယ်။
ကကက
တနယ်လုံးဖြစ်တာဆိုတော့ ကျနော် ဘာတတ်နိုင်ဦးမှာလဲ။ ငွေစုပြီး အများအတွက်ပို့ရင်း ရွာအတွက်ကိုပါ ကိုယ် တတ်နိုင်တဲ့ဘက်က ကူညီဖို့ ပြင်ဆင်ရပါတယ်။ စာထဲမှာပါတယ်၊ သူတို့တွေရင်ထဲမှာ ကျနော့်ကို ပြောစရာတွေ အများကြီးရှိတယ်တဲ့။ ထို့အတူ ကျနော့်ရင်ထဲမှာလည်း ပြောစရာတွေ တပုံတပင်နဲ့ပါ။ ရန်ကုန်မှာရှိတဲ့ ရွာကလူ တဦးနဲ့စကားပြောစဉ်မှာ သူတို့တွေဟာ နိုင်ငံခြားကရောက်လာမယ့် အကူအညီကို မျှော်လင့်နေတဲ့အကြောင်း သိရတယ်။ ဒီအကူအညီတွေအားလုံး စစ်အစိုးရဖျက်လို့ ပျက်ပြယ်ကုန်ပြီဆိုတာ သူတို့တွေ မသိရှာကြသေးဘူး ဗျာ။ အားလုံးက မျှော်လင့်နေဆဲပဲလေ ...။
ကကက
ဘိုးစဉ်ဘောင်ဆက်က သာယာခဲ့တဲ့ ကျနော့်ရွာဟာ အခုတော့ ထိုသို့မဟုတ်တော့ပါပြီ။ ဆရာမင်းသုဝဏ်ရေးဖွဲ့ ခဲ့တဲ့ မိုးကုတ်စက်ဝိုင်းကြီးအောက်က ခြေတန်ရှည်လယ်စောင့်တဲလေးသည်လည်း ထိုနေရာ၌ မရှိတော့ပါပြီ။ တိရိစ္ဆာန်အလောင်းများ၊ လူသေအလောင်းများက ရေကျသွားတဲ့လယ်ကွင်းပြင်မှာ မြင်လို့မကောင်းဘူးတဲ့။ အရေးကြီးတာက ရှင်သန်နေသူတို့ မျှော်လင့်ချက်နဲ့ သူတို့တွေ ဆက်လက်အသက်ရှင် ရပ်တည်မှုကို ကျနော် ဘယ်သို့ ကူညီနိုင်မလဲဆိုတဲ့အတွေးက စိတ်ထဲမှာ မကြာမကြာ ၀င်ရောက်လာတယ်။ ကံတရားရယ် အညတြ တွေအတွက် ငဲ့ကွက်ပါအုံးလို့ ဆုတောင်းနေမိတယ် ... ။
ကကက

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP