Sunday, June 28, 2009

ဝါဆိုသင်္ကန်းကပ်လှူပွဲများ

.

.
ဝါဆိုလဟာ နွေအကုန် မိုးအစ နေ့တာရှည်၍ ညတာတိုသောလဖြစ်ပါတယ်။ အထူးဖြင့် ၀ါဆိုလပြည့်နေ့ဟာ နေ့ ထူးနေ့မြတ်အဖြစ် အများသိကြပါတယ်။ “သန္ဓေ, တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” လင်္ကာအတိုင်းပဲ မြတ် ဗုဒ္ဓလောင်းလျာ ပဋိသန္ဓေ နေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားတော်မူခြင်းနဲ့ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာ ပြတော်မူခြင်း ထူးမြတ်သောအကြောင်းများကြောင့်ဖြစ်ပါတယ်။
.
ဝါဆိုလတွင် ပဉ္စင်းခံရှင်ပြုပွဲတော်နဲ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲတော်များကို ကျင်းပလေ့ရှိပါတယ်။ ၀ါဆိုလပြည့်နေ့ သည် ဗုဒ္ဓနှင့်ပတ်သက်၍ ထူးမြတ်တဲ့အကြောင်းများရှိလို့ အများက သိကြသလို ထိုနေ့သည် ပဉ္စ၀ဂ္ဂီငါးပါးတွင် အရှင်ကောဏ္ဍညမထေရ် ပထမဦးဆုံး ရဟန်းဖြစ်သောနေ့မို့လဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ ၀ါဆိုလတွင် ပဉ္စင်းခံရှင်ပြုပွဲကျင်းပရခြင်းအကြောင်းအချက်ဟာ ဧဟိဘိက္ခုရဟန်းအဖြစ် အရှင်ကောဏ္ဍညမထေရ် သာသ နာတော်အတွင်းသို့ စတင်ဝင်ရောက်လာမှုကို ပူဇော်သောအားဖြင့် ကျင်းပကြခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရှင်ရဟ န်းပြုပြီးသောအခါ ၀ါဆိုရန် အဆင်သင့်ဖြစ်တဲ့ဝါဆိုလဖြစ်သောကြောင့်လည်း ဖြစ်ပါတယ်။
.
နှောင်းပိုင်းခေတ်ဖြစ်တဲ့ ယခုကာလမှာတော့ ၀ါတွင်းအချိန်က လွဲ၍ အဆင်ပြေသော လရာသီတွင် ရှင်ပြုရဟန်း ခံခြင်းကောင်းမှုပွဲကို ပြုလုပ်နေကြပါပြီ။ ၀ါတွင်းကာလတွင် ရဟန်းပြုရန် ၀ိနည်းဒေသနာတော်အရ တားမြစ်ပိတ် ပင်ထားခြင်း မရှိသော်လည်း ရှင်ပြုရဟန်းခံပွဲများ ၀ါတွင်းကာလမှာ ပြုလုပ်ကြတာ အလွန်နဲပါတယ်။ ပဉ္စင်းခံရှင် ပြုတဲ့ဓလေ့ဟာ ဘုရားရှင်သက်တော် ထင်ရှားကာလကပင် စတင်ခဲ့တာဖြစ်ပါတယ်။
.
ထို့အတူ ၀ါဆိုပွဲဟာလည်း ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် စတင်ခဲ့တာပါ။ သာသနာတော်ကို စတင် တည်ထောင်ခါစ ကာလမှာ ရဟန်းတော်များ ၀ါဆိုခြင်းကိစ္စ မရှိပါ။ တဆယ့်နှစ်လပတ်လုံး သွားချင်သောနေရာ သို့ သွားနေကြသော ရဟန်းတော်များကို ဒကာ၊ ဒကာမများက ကဲ့ရဲ့ကြပါတယ်။ မိုးတွင်းကာလမှာ သာသနာပ တိတ္ထိများတောင် ဘယ်ကိုမှမသွားဘဲ နားနားနေနေ ရှိနေကြတယ်။ ယုတ်စွအဆုံး ငှက်များသော်မှ သူတို့သိုက် မြုံထက်မှာ သက်သက်သာသာနေကြတယ်။ ဘုရားရှင့်သား ရဟန်းတော်များကား အနားမရှိ တသွားတည်းသွား နေကြလို့ စိုက်ပင်ပျိုးပင်တွေ အနင်းခံရလို့ ပျက်စီးကုန်တယ်၊ ပိုးမွှားငယ်များ သေကြေပျက်စီးရတယ် စသဖြင့်ကဲ့ ရဲ့ပြစ်တင်ကြလို့ ဘုရားရှင်က ၀ါတွင်းသုံးလ ၀ါဆိုကြရန် ၀ိနည်းဒေသနာတော်ကို ပညတ်တော်မူပါတယ်။ ထိုအ ချိန်မှ စတင်၍ ၀ါဆိုဝါကပ်ခြင်းအမှု သာသနာတော်မှာ စတင်ပေါ်လာခြင်းဖြစ်ပါတယ်။
.
ဝါဆိုရာတွင် ပထမ၀ါ၊ ဒုတိယ၀ါလို့ နှစ်မျိုးရှိပါတယ်။ ပထမ၀ါဆိုသောရဟန်းတော်များသည် ၀ါဆိုလပြည့်ကျော် ၁-ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ သုံးလ၊ ဒုတိယ၀ါဆိုသော ရဟန်းတော်များသည် ၀ါခေါင်လပြည့်ကျော် ၁-ရက်မှ တန်ဆောင်မုန်းလပြည့်အထိ သုံးလ ၀ါဆိုရပါတယ်။ ပထမ၀ါဆိုရန် မမှီသော ရဟန်းတော်များဟာ ဒု တိယ၀ါ ဆိုရပါတယ်။ အလွယ်တကူ ပြောရပါသော် ရဟန်းတော်များ သက်တော်နဲ့ ၀ါတော်ကိုရေတွက်ခြင်းဟာ ၀ါတွင်းကာလတွင် ဆိုသောဝါကို တနှစ်တ၀ါ ရေတွက်၍ ပြောခြင်းဖြစ်ပါတယ်။ သာမန်လူသားတဦး သာသနာ့ ဘောင်တွင်းသို့ စတင်ဝင်ရောက်သောနှစ် ၀ါဆိုသည်မှ စတင်ရေတွက်ခြင်းပင်ဖြစ်ပါတယ်။
.
ရဟန်းတော်တပါး ၀ါဆိုသောအခါတွင် “ဤကျောင်းတိုက်အတွင်း၌ ၀ါတွင်းသုံးလပတ်လုံး သီတင်းသုံးနေထိုင် ပါမည်” ဟု ပါဠိဘာသာဖြင့် ရွတ်ဆိုကြခြင်းဖြစ်ပါတယ်။ တပါးရွတ်ဆိုပြီးတိုင်း ကျန်ရဟန်းတော်များက သာဓု ခေါ်ဆိုကြပါတယ်။ ၀ါဆိုဝါကပ်သော ရဟန်းတော်ဟာ ၀ါတွင်းသုံးလ ညဥ့်အိပ်ညဥ့်နေ အခြားအရပ်သို့ ကြွခွင့် မရှိပါ။ ဘုရားရှင်ကိုယ်တော်တိုင်ပင် ဗာရာဏသီပြည် မိဂဒါဝုန်တော နန္ဒိယကျောင်းတော်၌ ပထမ၀ါ ဆိုတော်မူ ၍ နောက်ဆုံးဝါအဖြစ် ဝေဠုဝရွာတွင် သီတင်းတော်မူခဲ့ပါတယ်။
.
ဝါတွင်းသုံးလ ညဥ့်အိပ်ညဥ့်နေခရီးထွက်တဲ့ ရဟန်းအတွက် ၀ါကျိုးပျက်ပါတယ်။ ၀ါကျိုးပျက်သော် သီတင်းကျွတ် လပြည့်ကျော် ၁-ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တလအတွင်းမှာသာ ကျင်းပပြုလုပ်ရသော ကထိန်အ လှူတော်ကို ပြုလုပ်ခွင့်မရှိတော့ပါ။ ဒါက ပထမ၀ါဆို၍ ၀ါကျိုး ၀ါပျက်သောရဟန်းတော်များအတွက်ဖြစ်ပါတယ်။ မူလကတည်းက ဒုတိယ၀ါဆိုသောရဟန်းတော်ဟာ လုံးဝကထိန်ခင်းခွင့် မရှိပါ။ သင်္ကန်းအလှူတော်မျှသာ ပြုနိုင်ပါတယ်။
.
ဝါဆိုပြီးသောရဟန်းတပါးအနေနဲ့ ၀ါတွင်းသုံးလ သွားခွင့်မရှိ ဆိုသော်လည်းပဲ “တုံသုံးတုံ” အကြောင်းပြချက်တခု ခု ပေါ်ခဲ့ပါသော် သွားခွင့်ရှိပါသေးတယ်။ ဒါနဉ္စ ဒါတုံ - အလှူပေးခြင်းငှါ အလှူခံပင့်ခြင်း၊ ဓမ္မဉ္စ သောတုံ-တရား နာခြင်းငှါ တရားဟောပင့်ခြင်းနဲ့ ဘိက္ခုံစ ပဿိတုံ-ရဟန်းတော်များအား ဖူးမြင်လို၍ ပင့်ဖိတ်ခြင်း အကြောင်းရှိပါ သော် ခုနစ်ရက်အတွင်းမှာ ပြန်လာပါမည်ဟု ၀ါပန်၍ သွားခွင့်ရှိပါတယ်။
.
ဝါဆိုဝါကပ်သော ရဟန်းတော်များကို လှူဒါန်းသောသင်္ကန်းကို ၀ါဆိုသင်္ကန်းခေါ်ပါတယ်။ ၀ါဆိုသင်္ကန်းကပ်လှူပွဲ ကို ၀ါဆိုခါနီးကာလနဲ့ ၀ါတွင်းကာလများမှာ ပြုလုပ်ကြပါတယ်။ သင်္ကန်းအပြင် ၀ါဆိုပန်းနဲ့ ဖယောင်းတိုင်များကို ရဟန်းတော်များအား ဒကာ၊ ဒကာမများက လှူဒါန်းကြပါသေးတယ်။ ၀ါဆိုပြီးသော ရဟန်းတော်များကို ပြီးလျင် ဂျင်းသုတ်၊ ကြက်သွန်သုတ်၊ အဖျော်ရည် စသည်များကို ဒကာ၊ ဒကာမများက လှူဒါန်းလေ့ရှိပါတယ်။ အမေရိက လိုနေရာမျိုးမှာတော့ ထိုအလေ့များ မတွေ့တော့ပါ။
.
ဖော်ပြထားသော ဓာတ်ပုံများဟာ အမေရိကန်နိုင်ငံရဲ့ အလယ်ပိုင်းတွင် တည်ရှိသော Springfield မြို့၊ ချမ်းမြေ့ကျောင်းတွင် ၂၀၀၉-ခုနှစ်၊ ၀ါဆိုသင်္ကန်းကပ်လှူပွဲကို ဇွန်လ ၂၇-ရက်၊ စနေနေ့မှာ ကျင်းပပြုလုပ်ခဲ့ သော မှတ်တမ်းဓာတ်ပုံများပင်ဖြစ်ပါတယ်။ ထိုပွဲသို့ ချီကာဂိုမှ ဆရာတော် ဦးကေသ၀၊ တောင်အာဖရိကမှ ဆရာတော် ဦးပညာနန္ဒနဲ့ ဖို့တ်ဝိန်းမြို့တွင် သီတင်းသုံးနေကြသော ဆရာတော်များက ကြွရောက်အားပေးခဲ့ကြ ပါတယ်။ အနီးဝန်းကျင်ရှိ ဒကာ၊ ဒကာမများကလည်း ၀ါဆိုသင်္ကန်းကပ်ပွဲသို့ သွားရောက်ကုသိုလ်ပြုကြပါတယ်။
.
.

.
.
ဝါဆိုသင်္ကန်းကပ်ပွဲသည် ဘုန်းကြီးကျောင်းမှာ ပြုလုပ်၍ ရသလို ဒကာ၊ ဒကာမအိမ်များသို့ ပင့်ဖိတ်၍ လှူဒါန်းပြု လုပ်နိုင်ပါတယ်။ ကထိန်သင်္ကန်းလို စည်းဘောင်သိပ်မများလှပါ။ မိမိတို့အိမ်များမှာ အန္တရာယ်ကင်း ဘေးရှင်းပရိ တ်ရွတ်ဖတ်ရင်း မိသားစု ၀ါဆိုသင်္ကန်းကပ်လှူပွဲလေး ပြုလုပ်လိုသူများကလည်း ၀ါဆိုသင်္ကန်းအလှူတော်ကို မိမိ တို့အိမ်ဂေဟာမှာ မင်္ဂလာရှိရှိ ပြုလုပ်ကြပါတယ်။ အောက်ဖော်ပြပါပုံတွင် Los Angelesနေ မြန်မာမိသားတစုက မိမိတို့အိမ်သို့ Norwalk မြို့၊ ဓမ္မသုခကျောင်းဆရာတော် ဦးသဇ္ဇန မထေရ်မြတ်အား ပင့်ဖိတ်ကာ ၀ါဆိုသင်္ကန်း လှူဒါန်းပြီး အမှတ်တရပုံဖြစ်ပါတယ်။
.
.
အမေရိကန်ပြည် တ၀ှမ်းမှာ ၀ါဆိုသင်္ကန်းကပ်လှူပွဲတွေ အာရှတိုက်သား ဗုဒ္ဓဘာသာဝင်တွေရှိတဲ့ ပြည်နယ်များ မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြတယ်။ အခြားပြည်ပ တိုင်းပြည်များမှာလည်း ထိုနည်းအတူပင်ဖြစ်မှာပါ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာလည်း ၀ါဆိုသင်္ကန်းကပ်လှူပွဲတော် နွှဲနေကြလောက်ရောပေါ့။ ဘာသာသာ သနာအဆုံးအမကို အလွန်မြတ်နိုးတန်ဖိုးထားတဲ့ မြန်မာပြည်သူ၊ ပြည်သား ဒကာ၊ ဒကာမအပေါင်း ဤကုသိုလ် အထောက်အပံ့ကို ရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ...
.
.
ကိုသက်
.

Read more...

Saturday, June 27, 2009

ပန်းခင်းသောလမ်း မဟုတ်ပါ

.
.

Homedepot သို့ အိမ်သုံးပစ္စည်းအတိုအစ ၀ယ်ဖို့ ရောက်ခဲ့တယ်။ အ၀င်လမ်းမှာပဲ တဖက်နိုင်ငံ မက္ကဆီကိုမှလာ တဲ့ လူငယ်လူကြီးတွေ အစုလိုက်ပဲ လက်ထောင်ပြနေတယ်။ သင်္ကေတသဘောက အလုပ်လိုချင်လို့ သူတို့ကို အ လုပ်ငှါးမလားလို့ အလုအယက် ခေါ်နေတာပါ။ အိမ်မှာ သန့်ရှင်းရေးနဲ့ အနုအကြမ်းအလုပ် အားလုံးကို သူတို့တွေ လုပ်နိုင်တယ်။ လိုအပ်ရင် အဲဒီနေရာမှာပဲ ဈေးပြော၊ အချိန်ပြော၊ နေရာပြောပြီး ကြိုက်ရင် ကိုယ့်ကားပေါ်မှာ တ ခါတည်း ခေါ်တင်လိုက်ရုံပဲ။ ညနေ အလုပ်ပြီးရင် လုပ်အားခပေး၊ သူတို့နေတဲ့နေရာ ပြန်ပို့ပေးရုံပဲ။
.
နေက အတော်လေး မြင့်နေပြီ။ သူတို့လူစုက လက်ပြ အလုပ်တောင်းနေဆဲပဲဆိုတော့ ဒီနေ့အဖို့ ဒီလူငယ်တွေ ကံကောင်းပုံမပေါ်ဘူးပေါ့။ သူတို့ကို ငှါးမည့်သူမရှိတော့ တနေ့တာ လုပ်အားခ ရဖို့ လမ်းမမြင်တော့ဘူး။ ဒီလိုနဲ့ နေကုန်အောင် နေပူရှိန်အောက်မှာ သူတို့တွေ ဘယ်လောက်များ စောင့်နေကြဦးမှာလဲ စဉ်းစားဖြစ်တယ်။ တ ပြည်တရွာမှာ ဖွေရှာရတဲ့အလုပ်က ပန်းခင်းသောလမ်းတော့ မဟုတ်ပါ။ အကယ်၍ အကြောင်းတခုခုနဲ့ ရဲက လာ ဖမ်းရင် သူတို့တွေ အဖမ်းခံရဦးမှာ။
.
သူတို့တွေကို မြင်တော့ ထိုင်းနိုင်ငံမှာ တ၀မ်းတခါးအတွက် လုပ်စားနေရတဲ့ ကိုယ့်လူမျိုးတွေဘ၀ကို မြင်ယောင် မိတယ်။ စာနာမိတယ်။ ကိုယ့်ပြေကို ချစ်သော်လဲ အသက်ရှည်နေထိုင်စားသောက်ရုံမျှ အလုပ်လေးတခုကိုရဖို့ ကိုယ့်ပြေမှာ မဖြစ်နိုင်တော့လဲ သူများတိုင်းပြည်ထဲကို နည်းမျိုးစုံနဲ့ဝင်ခဲ့ရရှာတယ်။ တဖက်နိုင်ငံ ထိုင်းမှာ အ လုပ်ရှင်က ညစ်ချင်ညစ်မယ်။ ငွေလိုချင်လို့ ရဲက ဖမ်းချင်ဖမ်းမယ်။ ကျီးလန့်စာစား၊ မြွေပူရာ ကင်းမှောက်ဘ၀မျိုး နဲ့ ကိုယ့်လူမျိုးတွေ မျက်နှာသိပ်ငယ်ရရှာတာတွေ အားလုံးအသိပါပဲ။
.
မလေးရှားရောက် ကျနော်တို့လူမျိုးတွေ ထိုနည်းလည်းကောင်းပါ။ ကြားရတာ မလေးရှားမှာ အတော်ဆိုးတယ်။ အသက်ရှူပေါက်လေးအဖြစ် သူများနိုင်ငံမှာ အခြေချချင်သော်လဲ ငွေရရင်ပြီးရော ဘာမဆိုလုပ်မယ်ဆိုတဲ့ မ လေးရဲရဲ့ ဘေးကလည်း မသေးဘူးမဟုတ်လား။ ပြေးစရာမြေကလဲ မရှိလေတော့ မှိတ်ကြိတ်ပြီး လုပ်နေရရှာပါ တယ်။ ရဲဖမ်းတော့လဲ ကျစ်ကျစ်ပါအောင် စုထားသမျှလေးတွေနဲ့ ပြန်ရွေးရရုံပဲလေ။ ကိုယ့်ပြေမှာ ကိုယ့်လူမျိုးအ ချင်းချင်းဖြစ်တဲ့ စစ်ခေါင်းဆောင်တွေကတောင် နှိပ်စက်ကလူပြုမူ ရက်စက်နေမှတော့ သူများတိုင်းပြည်ရှိရဲက ကိုယ့်လူမျိုးတွေကို နှိပ်စက်တာ၊ ငွေညှစ်တာ၊ ရက်စက်တာ မဆန်းသလိုပဲ။ ရွှေပြည်တော် မျှော်တိုင်းဝေးတဲ့ ဘ ၀အခြေအနေမျိုးမှာ ပြည်တွင်းနဲ့စာရင် ပြည်ပက တော်လိမ့်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်လေးတွေနဲ့ အားတင်း ပြီးတော့ ဆက်လက်ရှင်သန် ရပ်တည်နေရတာပဲလေ။
.
ဒီနိုင်ငံတွေထက် ပိုတိုးတက်ပါတယ်ဆိုတဲ့ ကိုရီးယားမှာလဲ အခြေအနေက သိပ်မကောင်းလှဘူး။ အလုပ်သမား ဗီဇာနဲ့လာတဲ့ မြန်မာတွေ တဖွဲဖွဲတော့ ရောက်လာနေတာပဲ။ ကိုရီးယားအစိုးရက တရားဝင်ခွင့်ပြုတဲ့ ဗီဇာနဲ့ ရောက်လာကြတာပါ။ အလုပ်က စိုက်ပျိုးရေး၊ ပင်လယ်ငါးဖမ်းလုပ်ငန်းနဲ့ စက်ရုံတွေမှာ လုပ်ဖို့အတွက် ရောက် လာကြတာပါ။ လခက ကိုရီးယားငွေ ကိုးသိန်းကျော်ရတယ်လို့ သိရပါတယ်။
.
မြန်မာအသင်း ကိုရီးယားက ကိုဝင်းမြင့်ဦးနဲ့ စကားစပ်မိလို့ ဒီအကြောင်းတွေ ဆွေးနွေးဖြစ်တယ်။ သတင်းတွေ က ကိုယ့်လူငယ်တွေ အခြေအနေကောင်းဖို့အတွက် အလားအလာက သိပ်မဟန်ချင်ဘူး။ ငါးဖမ်းအလုပ်နဲ့ ရောက်လာတဲ့ လူငယ်တဦး ပင်လယ်ထဲ ကန်ချခံရတာ အမြင်မတော်သူတွေ ကယ်ဆယ်လို့ အသက်ဘေးက ချမ်းသာရာရခဲ့တဲ့အကြောင်း၊ ဒီမတရားမှုအတွက် တာဝန်ယူအာမခံပေးမည့်သူ မရှိလို့ ခေါင်းငုံ့ခံခဲ့ရတဲ့အ ကြောင်းတွေက စိတ်မကောင်းစရာ အဖြစ်တွေပါ။
.
နိုင်ငံခြားမှာ ငါးဖမ်းတဲ့အလုပ် လုပ်ဖို့ထွက်လာသူအများစုက ရန်ကုန်သားတွေမို့ ပင်လယ်၊ မြစ်ချောင်းအတွေ့အ ကြုံမရှိသူတွေပါ။ တချို့ဆို ရေတောင် မကူးတတ်ရှာဘူးလေ။ ၀မ်းစာရေးပေမို့ တပြေတရွာသို့ မနေသာလို့ ထွက်ခဲ့ရသော်လည်း ငါးဖမ်းတဲ့အတွေ့အကြုံက ဘာတခုမျှ မရှိရှာပေဘူး။ ငါးဖမ်းတဲ့လူဆိုတဲ့ ကိုရီးယားတွေက လည်း မိုက်ရိုင်းတာတွေ ပါတာမို့ ကိုယ့်လူငယ်တွေနဲ့ အထာမကျဘူး၊ အဆင်မပြေကြပါဘူး။ ဒီအလုပ်အဆင်မ ပြေလို့ နောက်အလုပ်တခုကို ပြောင်းဖို့ဆိုတာကလည်း ငါးဖမ်းတဲ့အလုပ်နဲ့လာသူဟာ ငါးဖမ်းတဲ့အလုပ်ကိုသာပဲ လုပ်ခွင့်ရှိတယ်ဆိုတဲ့ လက်ရှိကိုရီးယားအစိုးရဥပဒေကြောင့် အခက်ပေါ့။ တခုပဲရှိတာက တရားမ၀င်နေပြီး ရတဲ့ အလုပ်ကို စရိတ်ကြေအောင် လုပ်ရုံပဲရှိတော့တယ်။
.
စိုက်ပျိုးရေးနဲ့လာသူတွေမှာလဲ အခက်အခဲပေါင်းက သောင်းခြောက်ထောင်ပါ။ နိုင်ငံတကာက ကုမ္ပဏီတိုင်းမှာ အလုပ်သမားတွေအတွက် နားချိန်ဆိုတာ သတ်မှတ်ပေးထားတယ်။ ကိုရီးယားက မြန်မာစိုက်ပျိုးရေးအလုပ်သ မားလေးတွေရဲ့ ဘ၀မှာတော့ နားချိန်မရှိဘဲ နံနက် (၅)နာရီကနေ ည(ဂ)နာရီဆိုတော့ မလွယ်ကြောပါလားဗျာ။ အလုပ်ရှင်တွေက သူတို့ကိုယ်တိုင်တော့ နားတယ်။ အလုပ်သမားတွေကိုတော့ နိုင်ငံခြားက ငှါးတာဆိုပြီးတော့ နားချိန်မရှိအောင်ကို ခိုင်းတာ။ စက်ရုပ်မှ မဟုတ်တာဘဲ ကြာတော့ ထွက်ပြေးရတာပေါ့။
.
အမှန်က တလုပ်သမားတဦးအနေနဲ့ နားချိန်အပါအ၀င် တနေ့တာ အလုပ်ချိန်က (၈)နာရီဖြစ်ပါတယ်။ အခုဟာ က လွန်လွန်းတယ်ဗျာ။ ပိုခိုင်းတဲ့အချိန်တွေအတွက် အချိန်ပိုကြေးဆိုတာ ဝေလာဝေးပေါ့။ ပြီးတော့ အစားအ သောက်က ပြဿနာတက်သေးတယ်။ နေ့စဉ် ထမင်းနဲ့ ကင်ချိဆိုတော့ အလုပ်ကြမ်းသမားက ဘယ်စားနိုင်မှာ လဲ။ ကျားကြောက်လို့ ရှင်ကြီးကိုးကွယ်ကာမှ ကျားထက်ဆိုးတဲ့ အဖြစ်မျိုးပါလားဗျာ။
.
ကိုရီးယားသို့ စက်ရုံအလုပ်နဲ့ ရောက်လာသူတွေ အခြေအနေက ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေထက်စာ ရင် တော်ပါသေးတယ်။ ဒီအလုပ်ရှင်မကောင်းရင် ဟိုဘက်အလုပ်ရှင်ထံ ပြောင်းခွင့်ရှိတယ်။ ဒီစက်ရုံအလုပ်ကို မကြိုက်ရင် အခြားစက်ရုံအလုပ်တွေကို ပြန်ပြောင်းရှာခွင့်၊ လုပ်ခွင့်ရှိပါတယ်။
.
ပြည်ပနိုင်ငံတချို့ကို ရောက်နေတဲ့ ကျနော်တို့လူငယ်တွေရဲ့ဘ၀ အခြေအနေက စာဖတ်သူတို့ ကြားသိရတဲ့အတို င်းပါဘဲ။ တောင်မင်းကို မြောက်မင်း မကယ်ယူပေးနိုင်တဲ့ဘ၀ပါ။ အရမ်းအဆင်ပြေနေလို့ ပန်းခင်းသောလမ်းကို မမှန်းပါဘူး။ အတော်အသင့်လောက် အဆင်ပြေရင်ကို ကျေနပ်နှစ်သက်နိုင်ပါပြီ။ အခုအချိန်အထိတော့ သူတို့ လေးတွေဘ၀က ခရောင်းလမ်းမှာ စမ်းတ၀ါးဝါးနဲ့ လျှောက်နေဆဲပါပဲ။
.
ကိုသက်

Read more...

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP