Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, March 6, 2009

ကြောက်နေကြမှန်း သိလို့ပါ

.
.
.
.

လူထုကို သွေးခွဲ
ကြိုးဆွဲရာ က နေရ
ကြောက်နေကြမှန်း သိလို့ပါ။

တဗိုလ်တက် တဗိုလ်ဆင်း
နိုင်ထက်စီးနင်းနဲ့ ဗိုလ်ကျ
မိုက်ကြေးခွဲကြတဲ့ သူတို့ဟာ
ကြောက်နေကြမှန်း သိလို့ပါ။

ရက်စက်ကြမ်းကြုတ်
တကယ် လုပ်ပြနေတာ
ကြောက်နေကြမှန်း သိလို့ပါ။

တိုင်းပြည်အမွန်ကို
သွန်လိုသွန် မှောက်လိုမှောက်
ကြောက်နေကြမှန်း သိလို့ပါ။

အဖန်ငါးရာ ငါးကမ္ဘာ ၀ဋ်ကျွေး
သေဘေးနဲ့ ခြောက်သမျှ
တုံးအောက်က ဖားပမာ
ကြောက်နေကြမှန်း သိလို့ပါ။

ကြောက်တာသိလို့ ခြောက်
ခြောက်ခံထိတော့ ပိုကြောက်
ဒူးထောက်လက်မြှောက်တဲ့ နှစ်တွေ
ကျန်ရစ်နေခဲ့ပါပကော။

အနာဂတ်ခရီး တလျှောက်မှာ
မကြောက်တရားတွေ မွေးလို့
သွေးသစ်ကြရအောင် ...

ကိုသက်
March 6, 2009


Read more...

Monday, February 23, 2009

အလိုအပ်ဆုံးတရား

.
.

အလိုအပ်ဆုံးတရား

ဘာသာရေးမှာ
မှန်တာမှားတာ ငြင်းစရာမဟုတ်
ကောင်းတာလုပ်ဖို့ပဲ လိုတယ်။

မကောင်းတဲ့ လူစား
ဘာသာတရား ကောင်းပေမဲ့
သူတော်ကောင်း မဖြစ်
လူညစ်က လူညစ်ပါပဲ။

လူမျိုးရေးစိတ်ဓာတ်မှာလဲ
သူမြတ် ကိုယ်မြတ်သည်ထက်
အစွန်းမထွက်ဖို့ လိုတယ်။

အစွန်းရောက် စိတ်ကင်းလို့
လူသားချင်း စာနာ
လူသားဆန်စွာသော စိတ်ဓာတ်
တကယ် မြင့်မြတ်ပါတယ်။

အရာရာမှာ
တရားမျှတမှုကို အခြေခံ
လူသားဆန်တဲ့ နှလုံးသား
အလိုအပ်ဆုံး တရားပါ။

ကိုသက်
Feb 23, 2009

.
ကဗျာအတွက်မှတ်ချက်။ ။ “ဘာသာရေးမှာ မှန်တာမှားတာ ငြင်းစရာမဟုတ် ကောင်းတာလုပ်ဖို့ပဲလိုတယ်” ဆိုထားတာ ရှင်းနေပါတယ်ဗျာ။ သူ့ဘာသာမှန်တယ်။ ကိုယ့်ဘာသာမှန်တယ်နဲ့ မှန်တာမှားတာတွေ သိပ်သိပ် ငြင်းနေကြသူတွေအတွက် သင့်တင့်ကောင်းမြတ်တာကို လုပ်ဖို့သာ တကယ်လိုအပ်ကြောင်းဆိုလိုထားတာပါ။ တချို့တွေ ဘာသာရေးနဲ့ပတ်သက်ပြီး ဘုရားတည်ကျောင်းဆောက်တာတွေ တယ်လီဗေးရှင်းမှာ ခဏခဏ မြင်ရပြီး အခြားတဖက်မှာ အပြစ်မဲ့သူတွေကို နှိပ်စက်တာ၊ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ လုပ်နေပြန်တော့ ဒီလူ တွေ ဘယ်ဘာသာပဲကိုးကွယ်သည်ဖြစ်ပါစေ လူညစ်က လူညစ်ပဲ။ သူတော်ကောင်းတော့ မဖြစ်ဘူး။ မလေးစား သင့်ဘူးလို့ ဆိုလိုတာပါဗျာ။ ဘာသာထက် ကောင်းတာလုပ်ဖို့လူကောင်းဖို့ပဲလိုပါတယ် ဆိုလိုတာပါ။
.
လူပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ ကျနော်တို့တိုင်းပြည်မှာလဲ သူ့လူမျိုးက ကောင်းတယ်၊ မြတ်တယ်။ ကိုယ့်လူမျိုး က ဘာဖြစ်တယ် စတာတွေ ပြောနေမယ့်အစား နှလုံးသားဖြူဖို့ လူသားဆန်ဖို့ကိုလည်း ရည်ညွန်းထားပါသေးတ ယ်။ ရှင်းနေပြီးသားကို ကိုယ်လိုတဲ့ပုံစံအနေအထား အယူအဆတခုဆီ ဆွဲယူဝေဖန်ရင် မရှင်းမရှင်းဖြစ်တတ်လို့ ကဗျာဆရာကိုယ်တိုင် ထပ်ရှင်းရခြင်းဖြစ်ပါတယ်ဗျား ....
.
ကျေးဇူးတင်ပါတယ်။
.
နောင်မှာလဲ ဝေဖန်ချက်တွေ ရေးပါအုံးဟူ၍ ...

Read more...

Friday, February 20, 2009

နှင်းရည်ပေါက်သို့ ငြိမ်းချမ်းပါစေ

.
.
.
.

“ဒီတပတ်ဟာ နောက်ဆုံးပဲ၊ နောင်ကို ဒီဆိုင်မှာ လာမစားနိုင်တော့ဘူး”

ဆိုင်ထဲမှာ စားနေကျ ဖောက်သည် လူဖြူ အမေရိကန်တဦးက ဆိုင်ရှင်လူငယ်ကို ပြောပြနေတယ်။

“ဘာဖြစ်လို့လဲဗျာ။ ကျနော် ဘာများ ကူညီရမလဲ”

ဆိုင်ရှင်မြန်မာလူငယ်က ပြာပြာသလဲ မေးရှာတယ်။

“ဒီနှစ်ပိုင်း ကျနော့်အလုပ်တွေ ပါးတယ်ဗျာ။ မလုပ်ရသလောက်ပါဘဲ။ တပတ်ကို နှစ်ကြိမ်အနည်းဆုံး ဒီဆိုင်မှာ အားပေး နေကြဖြစ်ပေမဲ့ ၀င်ငွေမရှိတော့ ကျနော် စားနိုင်တော့မယ် မထင်ဘူးဗျာ”

“ခင်ဗျား ဆိုင်က ဂျပန်အစားအစာတွေ ကျနော် နှစ်သက်ပါတယ်။ နှစ်သက်ပေမဲ့ ၀မ်းရေးထက် နေရေးက ခက်သမို့ ကျ နော် လာစားနိုင်ဖို့ အခြေအနေ မပေးတော့ဘူးဗျာ”

ပြောသူနားထိုင်သူ နှစ်ဦးစလုံး ခေတ္တမျှ စကားသံ တိတ်သွားတယ်။ အမူအရာတွေက စိတ်မကောင်းခြင်း၊ ၀မ်းနည်းခြင်း အဖြစ်ကို ဖော်ပြနေတယ်။ သူတို့တွေ ကြည့်ရတာ အတော်လေး ရင်းနှီးပုံရတယ်။ နောက်ထပ် ဘာများတုန့်ပြန်ကြဦးမ လဲလို့ စိတ်ဝင်စားမိတယ်။ စကားသံက ဆိတ်သုဉ်းနေဆဲပါ။ ခဏမှာ ...

“ကျနော်နဲ့ ခင်ဗျားကြားမှာ အစားအသောက်ကိစ္စနဲ့ စကားပြောစရာ မရှိပါဘူး။ ခင်ဗျားဟာ ကျနော့်ရဲ့ မိတ်ဆွေပါ။ ဒီဆိုင် မှာ စားနေကြအတိုင်း အပတ်စဉ် အလကား လာစားပါဗျာ။ ကျနော် ဖိတ်ခေါ်ပါတယ်။”

မြန်မာလူငယ်က ယဉ်ကျေးသိမ်မွေ့စွာ ဖိတ်ခေါ်လိုက်တယ်။ နိမ့်ပါးနေတဲ့ မိတ်ဆွေကို အားပေးတဲ့အနေလည်းရောက်၊ မိတ်ဆွေဝတ္တရား သိတဲ့အနေလည်းရောက်တဲ့ ဖိတ်ခေါ်မှုက သူတို့နှစ်ဦးသားရင်ကို ကြည်နူးစေတယ်။ ကြားရတဲ့ ကျ နော့်ရင်သို့တိုင် ကူးစက်ခဲ့ပါတယ်။

“အလကားတော့လဲ ကျနော် မစားပါရစေနဲ့ဗျာ။ ခင်ဗျားဆိုင်မှာ လိုအပ်တာလေးတွေ တခုခုကို လုပ်အားခအနေနဲ့ ကျ နော် လုပ်ပေးပါရစေလားဗျာ” လို့ အမေရိကန်လူငယ်က ဆိုလာတော့ “မလိုပါဘူးဗျာ။ ရပါတယ်” လို့ မြန်မာလူငယ်က ပြောနေတယ်။ သို့ပေမဲ့ အမေရိကန်လူငယ်က ခေါင်းယမ်းနေတယ်။

နောက်ဆုံးတော့လည်း လာစားဖြစ်တဲ့အကြိမ်တိုင်း ဆိုင်မှာ လိုအပ်တာလေးတွေကို ကူညီဆောင်ရွက်ပေးပါရစေဆိုတဲ့ ညှိနှိုင်းမှုက သူတို့နှစ်ဦးကို အဆင်ပြေသွားစေတယ်။ ဥပမာ မီးလုံးလေးတွေ ပျက်နေတာ၊ ဓာတ်ကြိုးလေးတွေ လွတ် နေတာ၊ ဘုံဘိုင် ရေခေါင်းလေးတွေ ပျက်နေတာ စတဲ့ တိုလီမိုလီလေးတွေကို ပြင်ပေးရင်း သူလာစားတဲ့ အစားအစာဖိုး အတွက် တန်ရာတန်ကြေးကို ပေးဖို့ အစီအစဉ်ဖြစ်ပါတယ်။

လာစားတဲ့ အမေရိကန် လူငယ်ကို မြန်မာလို ရာဖြတ်လို့ ခေါ်ရမယ်ထင်တယ်။ သူ့အလုပ်က ဟောလိဝုဒ်အပါအ၀င် အ နုပညာနဲ့ သက်ဆိုင်တဲ့နေရာတွေက ရှေးဟောင်းအနုပညာပစ္စည်းတွေကို တန်ဖိုးဖြတ်ပေးရတဲ့သူပါ။ ဒီပစ္စည်းဟာ ဘယ် လောက်တန်တယ်ဆိုတာ သူဆုံးဖြတ်ရင် ပြီးပါတယ်။ သူကိုယ်တိုင်လည်းပဲ ဒီပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပွဲစားတဦးလို လုပ်ပါသေးတယ်။ ပျက်နေတာ ပြုပြင်တာတွေလည်း လုပ်ပေးပါတယ်။

အမေရိကနဲ့ တကမ္ဘာလုံး စီးပွားပျက်ကိန်းကြုံချိန်မှာ ဘ၀တွေက ကစဥ့်ကလျားပဲလေ။ အားလုံးလိုလို စားဝတ်နေရေး အတွက် စိတ်ပူနေရတဲ့ အချိန်ပါ။ တချို့ဆို အလုပ်က ခပ်လှုပ်လှုပ်၊ တချို့ခမျာတွေမှာ အလုပ်ပြုတ်သွားရရှာတယ်။ စီပွားရေးခေတ်ပျက်လို့ ပြောလို့ရတဲ့ သည်ကာလမှာ အောက်ခြေလူတန်းစားနဲ့ လူလတ်တန်းစားများ အခြေအနေတွေ ဟာ တောင်မင်းကို မြောက်မင်း မကယ်နိုင်တဲ့ ဘ၀တူတွေပါ။

ဆိုင်ရှင်လူငယ်က ကျနော် စားနေတဲ့ စားပွဲဖက် လျှောက်လာတယ်။ ပျူဌါစွာ နှုတ်ဆက်ရင်း ခုံလွတ်တခုမှာ ထိုင်လာပါ တယ်။ ဘာလိုသေးလဲ အကြည့်နဲ့ စားပွဲပေါ်ကို ခြုံကြည့်နေတယ်။
.
“အခုန ... ခင်ဗျား လုပ်လိုက်တဲ့ မြင်ကွင်းက သိပ်လှတယ်ဗျာ”

ကျနော်က လေးစားတဲ့အကြည့်နဲ့ သူ့ကို ကြည့်ရင်း စကား စလိုက်ပါတယ်။

“ဒီလိုပါပဲဗျာ။ ကိုယ့်မိတ်ဆွေရင်းတွေ အခက်အခဲဖြစ်နေချိန်မှာ တတ်နိုင်တဲ့ဖက်က ကူညီတာပါ။ ဒီလူက ဒီဆိုင်စတင်ပြီး ဖွင့်ကတည်းက အပတ်စဉ် လာစားနေကြပါ။ စီးပွားရေးက မကောင်း၊ အလုပ်က အဆင်မပြေချိန်မှာ မစားနိုင်တော့တဲ့ အကြောင်း ရင်ဖွင့်တော့ ကျနော်အနေနဲ့ မိတ်ဆွေကောင်း ပီသသင့်တယ်။ သူ့ကို ကိုယ်နိုင်တဲ့ဖက်က ကူညီသင့်တယ်။ ဒါကြောင့်မို့ ပိုက်ဆံမပေးနဲ့၊ ပုံမှန်စားနေကြအတိုင်း အလကားလာစားပါလို့ ဖိတ်ခေါ်ရတာပါဗျာ”

ဆိုင်ရှင်မြန်မာလူငယ်ဟာ စီးပွားရေးသမားတဦးဖြစ်သော်လည်း ငွေတခုတည်းကိုသာ ကြည့်နေသူ မဟုတ်ပါ။ အခုလို လုပ်လိုက်ခြင်းဖြင့် သူ့ရင်ထဲမှာ လူသားဆန်သော၊ လူပီသသော စာနာမှု၊ ကြင်နာမှုတွေ အခိုင်အမာရှိနေကြောင်း အ လုပ်နဲ့ သက်သေပြုလိုက်တာဖြစ်ပါတယ်။

“ခင်ဗျားကို ကျုပ်လေးစားတယ်ဗျာ” လို့ စကားဖြင့် ကျနော် ဂုဏ်ပြုလိုက်ပါတယ်။

ဒီဆိုင်လေးနာမည်က Yamakawa တဲ့။ လော့စ်အိန်ဂျလိစ် ဧရိယာမှာ လူချမ်းသာတွေနေတဲ့ရပ်ကွက်လို့ လူပြောများတဲ့ Arcadia မြို့ကမှာ ဖွင့်ထားတာဖြစ်ပါတယ်။ ဆိုင်မှာ စားပွဲထိုးတွေက ကျောင်းလာတက်နေတဲ့ ဂျပန်လူငယ်တွေပါ။ ဆိုင် ရှင်များကိုယ်တိုင်လည်း ဂျပန်စကားကို ကျွမ်းကျင်လှပစွာ ပြောဆိုတတ်သူတွေပါ။

လူသားချင်း စာနာတတ်သူ၊ စိတ်စေတနာကောင်းသူတွေဟာ တနေ့သောအခါမှာ အောင်မြင်မှုကို ဧကန်မုချ ရမှာဖြစ် ကြောင်း ယုံကြည်ပါတယ်။ စီးပွားရေးတွေ တိုးတက်ပါစေ။ လူသားအားလုံးလည်း ဒီအခက်အခဲတောင်ကို အမြန်ကျော် လွှားနိုင်ပါစေလို့ ကျနော် ဆန္ဒပြုလိုက်ပါတယ်။

လူသားအာလုံး သောက ကင်းပျောက်၍ နှင်းရည်ပေါက်သို့ ငြိမ်းချမ်းပါစေ

ကိုသက်

Read more...

Tuesday, July 22, 2008

“လည်ဆွဲရတနာ မောင့်ကဗျာ (၃)”

.
.

“နိဗ္ဗာန်ဈေးက အပြန်”
.
နိဗ္ဗာန်ဈေးက အပြန်
မြကန်သာ ရေစပ်
ဂပ်ဂပ် ဘဲမြည်သံမှာ
ကာရန်ဟပ် ကြည့်နေမိတယ်။
.
အိမ်ပတ်ဝန်းကျင်မှာ
မိုးမခပင်ကလေးတွေ စီတန်း
နေရိပ်ကျတဲ့ မြေလမ်းကလေးမှာ
ပဌာန်းရွတ်လိုက် ပရိတ်ရွတ်လိုက်နဲ့
အမြိုက်ချမ်းသာ ရှာရင်း
သီရိဂေဟာကို ၀င်မိတယ်။
.
မြဂနိုင်တောအခြေမှာ
ခဏထိုင်ပြီး အမောဖြေခဲ့ရ
ဒေါတွေ လောတွေ မောတွေ သတ်
လောကေအရပ်မှာ စိမ်းလန်းလှလှ
ငြိမ်းချမ်းမြမြ စေတနာပွားချင်ရဲ့
တရားရှိတဲ့ လူတို့ပြည်ကို
ငါတို့တည်ပြီး စိတ်ကြံသလောက်
အဓိဌာန်မြောက်အောင်
ဗိမာန် ဆောက်ကြပါစို့ကွယ်။
.
တင်မိုး (၁-၅-၂၀၀၅)
(တနင်္ဂနွေညနေခင်း)
.
(ချို၊ ကျော်ဝဏ္ဏနဲ့အတူ အဇူဇာကျောင်း နိဗ္ဗာန်ဈေးက အပြန်)
.

လောစ့်အိန်ဂျလိစ်မြို့ရှိ.စိုးမြတ်သူဇာ ဖွင့်ထားသော ပီနန်မလေးရှားထမင်းဆိုင်တွင် သံဃာတော်များကို ဆွမ်း ဆက်ကပ်လှူဒါန်းနေသော ဒေါက်တာရန်နိုင်လွင်၊ ဆရာတင်မိုးတို့ အမှတ်တရ (၂၀၀၇)။
.
.

Read more...

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP