Thursday, August 7, 2008

မရှောင်သာတဲ့ ဇရာနဲ့အတူ

.
ပြီးခဲ့တဲ့အင်္ဂါနေ့ (၂၀၀၈၊ သြဂုတ်လ - ၅) က မတွေ့တာကြာပြီဖြစ်တဲ့ ဦးလေးကြီး ဦးတင်မောင်မြင့်ထံ ကျနော် ဖုံး ဆက်ဖြစ်တယ်။ တခါတရံ တွေ့ဖြစ်တာကလွဲလို့ ဦးလေးကြီးကို မတွေ့တာ ကြာခဲ့ပြီမဟုတ်လား။ အခါတိုင်းဆိုရင် ဆရာတင်မိုးနဲ့ ဦးလေးကြီးတို့က တတွဲ တွဲဆိုတော့ ဘာပဲဖြစ်ဖြစ် အပတ်စဉ်တိုင်း တွေ့ဖြစ်ကြတယ်။ နောက်ပိုင်း မှာ ကိုယ်ကလည်း အလုပ်များ၊ ဦးလေးကြီးကလည်း နွေရဲ့နေပူပူအောက်မှာ အပူကိုရှောင်ရင်း အိမ်တွင်းမှာ နေ တာများတော့ မဆုံဖြစ်ကြဘူး။
.
ဖုံးဆက်ရင်း “ဦးလေးကြီး အားလား”လို့ မေးတော့ “အားပါတယ်”တဲ့။ “ခဏနေ လာခေါ်မယ်”ပြောပြီး ဖုံးချလိုက် တယ်။ အတော်ပဲ ကျောင်းကအပြန်မှာ ဦးလေးကြီးကို ကျနော် ၀င်ခေါ်ခဲ့တယ်။ ကိုယ့်ဆီရောက်တော့ မတောက် တခေါက်နဲ့ ကြာဇံသုတ်လေး ထလုပ်ပေးလိုက်တယ်။ ပဲမှုန့်၊ ဆီချက်၊ ပုဇွန်ခြောက်မှုန့်၊ သံပုရာသီး စတာတွေက အဆင်သင့်ပဲဆိုတော့ ပြုတ်ပြီးသားပဲကြာဇံနဲ့ သုတ်ကျွေးဖို့ အဆင်ပြေသွားတယ်။ ဒါ့အပြင် လဖက်ရည်တခွက် ဖျော်ပေးလိုက်သေးတယ်။ ဒီနောက်မှာ အဖန်အကြမ်း တခွက်လည်း ပါတာပေါ့လေ။
.
စားရင်းနဲ့ စကားပြောဖြစ်တယ်။ ကျနော့်ကို ကြည့်ရင်း “ဆရာကြီး ဆုံးသွားတာ စောတယ်ဗျာ”တဲ့ ဆရာတင်မိုး အကြောင်းကို ပြောသေးတယ်။ သွားလေသူက ဘယ်ဘ၀ရောက်မယ်ဆိုတာ မသိနိုင်ပေမဲ့လည်း ကျန်ရစ်သူတို့ ကတော့ လွမ်းနေဆဲပါလားဗျာ။ အကြောင်းအမျိုးမျိုးနဲ့ ထွက်သွားသူက သွားခဲ့ပြီဖြစ်ပေမဲ့ ကျန်ရစ်သူများအနေနဲ့ အထီးကျန်တဲ့ဝေဒနာကို ခံစားနေဆဲဆိုတာမျိုးဖြစ်မှာပါ။ ဒါကို ဦးလေးကြီးက ထုတ်ပြောဖြစ်တယ်။ ကျနော်က သူ့ လို ထုတ်မပြောဖြစ်ဘူး။ လောစ့်အိန်ဂျလိစ် ၀န်းကျင်မှာ အကြောင်းကိစ္စရှိလို့ သွားရတိုင်း ဆရာတင်မိုးကို သတိ ရဖြစ်ပါတယ်။ ကျနော်သွားတဲ့နေရာ အများစုမှာ ဆရာလည်း ပါတတ်စမြဲဖြစ်လို့ပါ။ တလောဆီက ၂၂ ဖရီးဝေး က အပြန်မှာ ဆရာနဲ့အတူ သွားတတ်တဲ့ Long Beach ကမ်းခြေကို သတိရနေသေးတယ်။
.
ကျနော်ကလည်း ကျနော်ပါပဲ။ Orange County ဆိုတာ ပထမဦးဆုံးနေခဲ့တဲ့ ကျနော့်ရဲ့ နေရာဟောင်းပါ။ အမေ ရိက ရောက်စက အဲဒီမှာ သုံးနှစ်တောင် နေခဲ့တာ မဟုတ်လား။ အဲဒီကို ရောက်တိုင်း ပထမဦးဆုံး ကျနော်နေခဲ့ တဲ့ အိမ်ကလေးကို ကျနော် ရောက်အောင်သွားတယ်။ အိမ်လေးကို ကြည့်တယ်။ အတိတ်ကို ပြန်ကြည့်တယ်။ ပစ္စုပ္ပန်နဲ့ နှိုင်းယှဉ်မိတယ်။ ဟိုစဉ်က ဘ၀ကို ခဏပြန်ခေါ်တယ်။ စဉ်းစားတယ်။ အားလုံးက ပြောင်းလဲကုန်ကြပါ ပြီ။ မပြောင်းလဲသေးတာက ဒီအိမ်လေးပဲ။ ဒီအိမ်လေးမှာ လူတွေ၊ မိသားစုတွေ အဆက်မပြတ် နေခဲ့ကြတယ်။ လူတွေ ဘ၀တွေသာ ပြောင်းသွားတယ်။ အိမ်လေးကတော့ ဒီအတိုင်းပဲလေ။ အဲဒီနေရာဟောင်းကို ရောက်ဖြစ် တဲ့အခါ လွမ်းသလိုလို တခုခုကို ခံစားမိတယ်။ ကျေးဇူးတင်တဲ့ မျက်လုံးနဲ့ ကြည့်ရင်း နှုတ်ဆက်ပြီး ပြန်ထွက်ခဲ့ပါ တယ်။ ကြာကြာနေခဲ့တဲ့ နေရာဟောင်းတိုင်းဟာ ကျနော့်အတွက် ဒီလိုမျိုးဖြစ်တတ်ပါတယ်။
.
ပါမောက္ခတဦးက Cal Tech ကို လိုက်ပြစဉ် အသက် နှစ်ဆယ်နဲ့ သုံးဆယ်ဝန်းကျင်က ပါမောက္ခပေါက်စ သူ့ဘ၀ကို ကျနော့်ကို အမှတ်တရ ပြောပြတယ်။ တကယ်ပဲ လွမ်းစရာလေးပါ။ နောက်တဦး၊ သူက သူဒေါက်တာဘွဲ့ရခဲ့ တဲ့ယူအက်စီကို လိုက်ပြတယ်။ အနှစ်သုံးဆယ်ကြာပြီးနောက်မှာ ဒါပထမဦးဆုံး ဒီမြေပေါ်ကို ခြေပြန်ချမိတာပဲတဲ့ ပြောလာသေးတယ်။ ငယ်ဘ၀က အဆောက်အဦတွေ ယူအက်စီထဲမှာ ပြောင်းလဲကုန်ပြီ။ ငယ်ငယ်တုန်းက ယူ အက်စီနဲ့ ယူစီအယ်လ်အေ ဘောပွဲပြိုင်ကြတဲ့အခါ တဖက်အသင်းက သူတို့ကျောင်းအတွင်းက အရုပ်ကြီးကို လာ ပြီး ဆေးသုတ်ဖျက်ဆီးမှာ စိုးရိမ်လို့ ညဖက်မှာ ကျောင်းသူ၊ ကျောင်းသားတွေ အရုပ်ကြီး ပတ်ပတ်လည်မျက်ခင်း ပေါ်မှာ အိပ်ကြရကြောင်း ပြောပြသေးတယ်။ သူတို့လည်း ဒါတွေကို အမှတ်ရနေဆဲပါလား။
.
ခံစားချက်ရှိတဲ့ လူသားတိုင်း ခံစားမှုကို ပြန်လည်ခံစားတတ်တာ အောက်မေ့သတိရနေသေးတာ အဆန်းတော့ မဟုတ်ဘူး။ ဦးလေးကြီးနဲ့ ကျနော်တို့တွေလည်း ဆရာတင်မိုးကို သတိရနေတာ မဆန်းပါဘူးဗျာ။ ကျနော်တို့နဲ့ အတူတူ ရှိခဲ့တဲ့အချိန်တွေက အလွန်များတယ်ဗျ။ ဆရာက အိမ်မှာနေတဲ့အချိန် နည်းတယ်။ အသက်ကြီးသူတို့ အမေရိကရောက်တဲ့အခါ တယောက်တည်းအိမ်မှာနေရင် အထီးကျန်တဲ့ဝေဒနာကို ခံစားရတတ်ပါတယ်။ ဆရာ့ အနေနဲ့က မိတ်ဆွေသင်္ဂဟ အလွန်များတာဆိုတော့ ဒီဝေဒနာက သူများထက်ပိုတာပေါ့။ ဒါကြောင့်ပဲ နားလည် သိတတ်တဲ့ တပည့်တွေက အားရင်အားသလို ဆရာ့ကို ခေါ်ပြီး လဖက်ရည်ဆိုင် သွားကြတာပါ။
.
စကားပြန်ဆက်ရရင် ကျနော်လည်း အရင်နဲ့မတူဘူးဗျာ။ လေးလာတယ်တဲ့ - ဦးလေးကြီး ပြောလာတယ်။ သနား ပါတယ်။ သူမပြောမီကတည်းက ဦးလေးကြီး အရင်တုန်းကနဲ့ မတူတော့မှန်း ရိပ်မိပြီးသားပါ။ ပျဉ်းမနားဦးသန်း မောင် (ဗေဒင်ဆရာ) က ဟောထားတယ်၊ လူတွေဟာ စနေဂြိုဟ် သုံးခါ မကျော်ကြဘူး။ သေတာပဲလို့ ဗေဒင် ဟောထားတယ်ဗျာ။ အဲဒါ မမှန်ဘူးဗျ။ မဟာစည်ဆရာတော်လည်း သုံးခါကျော်တယ်၊ ကျနော်လည်းပဲ သုံးခါကို ကျော်သွားပါပြီ။ ခုထိ ဘာမျှမဖြစ်သေးဘူးဆိုတော့ ဦးသန်းမောင် အယူအဆ ဟောကိန်း မှားသွားပြီတဲ့။ အခု အ သက် (၈၀)ရောက်ပြီဆိုတော့ ဗေဒင်အရ နောက်ထပ်လေးနှစ်တော့ နေနိုင်ပါသေးတယ်လို့ ကြေကွဲစွာ ဦးလေး ကြီးပြောလာတယ်။ ကျနော်လည်း စိတ်မကောင်းလို့ ဘာမျှမပြောဖြစ်တော့ဘူး။
.
မရှောင်သာတဲ့ ဇရာကြားမှာ လူသား၊ သက်ရှိအားလုံးဟာ သွားကြရမယ့်သတ္တ၀ါများသာ ဖြစ်ပါတယ်။ စိတ်ပြေ လက်ပျောက်ဖြစ်အောင် “ကဲ ဦးလေးကြီး၊ ချဉ်ပေါင်ရွက်တွေ သွားခူးရအောင်”လို့ ခေါ်ပြီး အာရုံလွဲလိုက်ဖြစ်ပါတ ယ်။ “အလွမ်း”။ ကမ္ဘာဤမြေ မဆုံးလေသရွေ့တော့ ဇရာဓလေ့ကို ဆုံတွေ့နေရဦးမှာပဲလေ။ နိဗ္ဗာန်ဆိုတာလည်း မသေချာ၊ နတ်ပြေဆိုတာလည်း မရေရာ။ ဝေဒနာတွေပြည့်နေတဲ့ ဒီလောကထဲမှာ ယောင်ချာချာ မလွယ်ပါလား နော်။
.
“သည်တကွေ့ ရေစုန်မျောပါရ၊ အတောဘယ်မသတ်နိုင်တဲ့ ရဟတ်ဗွေ”တဲ့
.
လူဖြစ်လာတုန်း သာသနာနဲ့ကြုံတုန်းမှာလဲ နိဗ္ဗာန်နဲ့ လွဲပြန်ပြီမို့ သည်တကွေ့မှာလည်း ရေစုန်မျောရပါပကော။ ဒီ လိုနဲ့ မွေးလိုက် သေလိုက် ဘ၀ကွန်ချာဟာ သံသရာမှာ အတောမသတ်နိုင်တဲ့ ရဟတ်ဗွေပမာ ချာချာလည်နေ ပါပေါ့လားဗျာ။ လယ်တီဆရာတော်ရဲ့ အထက်က အဆုံးအမလေးကို ရပါလျက် ကျနော်တို့တွေ မိုက်တွင်းနက် နေတုန်းပါ။ ခွင့်သာဆဲမှာ မခဲချင်တော့လည်း မရှောင်သာတဲ့ ဇရာက အမြဲထာဝရ အနိုင်ယူနေမှာပါပဲလားဗျာ။
.

1 comments:

Moe Cho Thinn August 8, 2008 at 2:15 PM  

ဘုန်းဘုန်းစာ ဖတ်ပြီး အဖေကြီးကို သတိရမိပါတယ်။ အနိစ္စ သဘောက အသက်ကြီးတယ်၊ ငယ်တယ် မရွေးတာ ဘုန်းဘုန်း ပိုသိမှာပါပဲ။ ဒါပေမဲ့ အဖေတို့ ဦးလေးကြီးတို့လို လူတွေအတွက်တော့ တတ်နိုင်သမျှ နောက်ဆုတ်ထားချင်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP