Monday, March 16, 2009

တပေါင်းပွဲတော်

.
.

ပြည်တွင်းက သဲပုံစေတီပွဲနဲ့ တပေါင်းပွဲပုံရိပ်

.

.
.
ပြည်ပက တပေါင်းပွဲပုံရိပ်များ


သာသည်ညင်းညင်း
မြောက်လေကြွင်းနှင့်
ဆီးနှင်းမကုန်
ပူဟုန်မသည်း
ပျံ့ပျံ့ဖြည်းသား . . .

ရှင်အုန်းညို (အင်းဝစာဆိုကျော်)

အယ်လ်အေ မြန်မာကျောင်းမှာ ကျင်းပခဲ့တဲ့ တပေါင်းပွဲတော်သို့ ရောက်ဖြစ်ခဲ့ပါတယ်။ “တပေါင်း”အသံကို ကြားတော့ အင်းဝခေတ်စာဆိုကျော် ရှင်အုံးညိုကို သတိရမိတယ်။ တပေါင်းရဲ့ သဘာဝရာသီကို လှပစွာဖွဲ့သီခဲ့တဲ့ ရှင်အုန်းညိုရဲ့ကဗျာစာသားများက ယနေ့တိုင် ခေတ်မကုန်နိုင်ဘဲ၊ ရှင်သန်နေဆဲပါ။

ရာသီနှစ်ခုပေါင်းဆုံပြီး ဖြစ်တည်ထားတဲ့ တပေါင်းလရဲ့ ပထမပိုင်း (၁၅) ရက်မှာ ဆောင်းရဲ့နောက်ဆုံးနေ့ရက် များဖြစ်ပြီး ဒုတိယပိုင်း (၁၅) ရက်ဟာ နွေကြိုရက်များပင်ဖြစ်ပါတယ်။ ဆောင်းအကုန် နွေအကူး ထူးခြားတဲ့ရာသီ သဘာဝတခုပင်ဖြစ်ပါတယ်။ တပေါင်းရဲ့ နေ့ခင်းပိုင်းရာသီဟာ အတန်အသင့် ပူသော်လည်း ညပိုင်းမှာ မြောက်ပြန် လေညင်းလို့ ဆောင်းကြွင်းလက်ကျန် ငွေနှင်းတို့ကျနေတတ်ပြန်တယ်။ မပူလွန်း မအေးလွန်းသည်မို့ သာယာလှပ မျှတပြီး အလွန်နေထိုင်၍ ကောင်းတဲ့ ရာသီပင်ဖြစ်ပါတယ်။

ပူပန်ခြင်းကောင်းသောလ၊ ပူသောနွေရာသီသို့ ကျရောက်သောလ၊ ထန်းချက်လ၊ ထန်းရည်ကို ကျို၍ ထန်းလျ က်ချက်သောလ စတဲ့ အဓိပ္ပါယ်ဆိုလိုချက်များမှ တပေါင်းဆိုတဲ့ ဝေါဟာရထွက်ပေါ်လာခဲ့ကြောင်း ပညာရှင်များက ဆိုထားပါတယ်။ တ=ထန်း+ပေါင်း=ချက်သောလ၊ တပေါင်း=ထန်းချက်လဟု ဆိုလိုကြပါတယ်။

တပေါင်းလရဲ့ ထင်းရှားသောပွဲတော်များမှာ သဲပုံစေတီပွဲနဲ့ တပေါင်းပွဲပင်ဖြစ်ပါတယ်။ သဲပုံစေတီပွဲတော်သည် ဗုဒ္ဓသာသနာနဲ့အတူ ပေါ်ထွန်းခဲ့သောပွဲတော်ဟု ယူဆနိုင်ပါတယ်။ ပုဂံခေတ်တွင် အနော်ရထာမင်းကြီးဟာ ဧရာဝ တီမြစ်ကမ်း သဲသောင်ခုံပေါ်တွင် သဲပုံစေတီပွဲကို ပူဇော်ကျင်းပလေ့ရှိပါတယ်။ ရွှေစည်းခုံစေတီမှာ ထင်ရှားသော သာဓက တရပ်ပင်ဖြစ်တယ်။ စည်းခုံ=စဲခုံ=သဲခုံ ဟု သနဲ့စ အက္ခရာများကို အပြောင်းအလဲလုပ်လိုက်လျှင် ရွှေ စည်းခုံစေတီတော်ရဲ့ မူရင်းသမိုင်းအစနဲ့ ပုဂံခေတ်သဲပုံစေတီပွဲအကြောင်းကို မြင်နေရပါတယ်။

တပေါင်းလတွင် မြစ်၊ ချောင်းများ၌် ရေကျသွားသဖြင့် သဲသောင်ခုံများ ပေါ်လာလေ့ရှိပါတယ်။ သဲပေါများ သော ထိုလတွင် ကောင်ပဲသီးနှံ၊ စပါးဆန်သိမ်း၍ ငွေစရွှင်နေတဲ့ တိုင်းသူပြည်သားများဟာ စုပေါင်း၍ သဲပုံစေတီပွဲ တော်ကို ကျင်းပကြပါတယ်။ အလှူဒါနနဲ့ ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်ပြုလုပ်ကြပါတယ်။

ဝါးဖြင့်ပြုလုပ်ထားသော ရိုင်ပတ်အ၀န်းအ၀ိုင်းအတွင်းသို့ သဲများကိုသွန်းလောင်းကာ သဲပုံစေတီကို တည်ထား ကိုးကွယ်ကြပါတယ်။ ပထမအဆင့် (အရစ်) ပြီးတဲ့အခါ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်နဲ့ ပဉ္စမအ ဆင့်များကို ဆက်လက်တည်ဆောက်ကြပါတယ်။ မြင်းမိုရ်တောင်ရှိ အာလိန်ငါးဆင့်ပုံကို ရည်ညွန်း၍ သဲပုံစေတီ များကို ငါးဆင့်ပြုလုပ်တည်ဆောက်ခြင်းဖြစ်ပါတယ်။

နှစ်ကာလ ကြာမြင့်လာတဲ့အခါ သဲပုံစေတီတော်များကို အုတ်များဖြင့်ငုံ၍ စေတီတော်ကြီးများအဖြစ်တည်ထား ကိုးကွယ်ကြပါတယ်။ စေတီလေးမျိုးကိုးကွယ်မှုသည် ဗုဒ္ဓဘာသာဝင်များအတွက် ကုသိုလ်ရွှေအိုးမြုတ်နှံရာတခု ဖြစ်ကြောင်း ခုဒ္ဒကပါဌပါဠိ၊ နိဓိကဏ္ဍသုတ်မှာ မြတ်ဗုဒ္ဓမိန့်မှာခဲ့ဖူးတယ်။
နောက်ပွဲတော်တခုမှာ တပေါင်းပွဲပင်ဖြစ်ပါတယ်။ သဲပုံစေတီပွဲတော်များ တဖြည်းဖြည်းနဲ့ တိမ်ကောစပြုချိန်မှာ တပေါင်းပွဲတော်အဖြစ် ဘုရားပွဲတော်များကို ကျင်းပလာကြပါတယ်။ မြန်မာနိုင်ငံအရပ်ရပ်တွင် ယနေ့တိုင်ကျင်းပ ပြုလုပ်လျက်ရှိတဲ့ တပေါင်းပွဲတော်များကို စည်ကားစွာ မြင်တွေ့နိုင်ပါတယ်။

တပေါင်းပွဲတော်များထဲတွင် ရွှေတိဂုံစေတီတော် တပေါင်းပွဲတော်ဟာ အစည်ကားဆုံးဟု ဆိုလို့ရပါတယ်။ စာ ရေးသူတို့ ရန်ကုန်ရောက်စမှာ (၅)ရက်တိုင်တိုင် ကျင်းပလေ့ရှိတဲ့ ရွှေတိဂုံစေတီတော် တပေါင်းပွဲတော်ကို နေ့စဉ် လိုလို ရောက်ပါတယ်။ စေတီတော်ကို ပုဆိန်ပေါက် ဦးချပြီး ပျော်ပွဲရွှင်ပွဲတွေဆီ သွားနေတာများပါတယ်။

အစားအစာမျိုးစုံ၊ ပျော်ပွဲမျိုးစုံ၊ ပစ္စည်းမျိုးစုံတို့ ဆုံတဲ့နေရာပါ။ မြန်မာပြည်နယ်အနှံ့က ဘုရားဖူးများနဲ့ အစဉ်အ မြဲ ပြည့်နက်နေတတ်ပါတယ်။ ရင်ပြင်တော်ပေါ်မှာ ဆွမ်းတော်ကြီးတင်၊ ရေသပ္ပါယ်၊ သံဃာတော်များ ပဌာန်းနဲ့ပူ ဇော်၊ ဆွမ်းဆန်စိမ်းလောင်းလှူတာတွေနဲ့ လူက ကြက်ပျံမကျ စည်ကားလှပါတယ်။ ဟိုတုန်းက ရွှေတိဂုံစေတီ တော် တပေါင်းပွဲတော်ရောက်ပြီဆိုရင် မြန်မာနိုင်ငံသားများသာမက ထိုင်း၊ ကမ္ဘောဒီယား၊ လားအို၊ ဂျပန်၊ ကိုရီး ယားစတဲ့ တိုင်းပြည်တွေကပါ ဘုရားလာဖူးတတ်ကြောင်း သိရပါတယ်။ ယနေ့ ရွှေတိဂုံစေတီတော် တပေါင်းပွဲ တော်ကတော့ အရင်နဲ့မတူတော့ပါ။ မြန်မာတွေ ဘ၀အခြေမကောင်းလို့ တပေါင်းပွဲတော်တွေလဲ တိမ်ကောစပြု လာပြီ။ “တပေါင်းသော်ကား၊ ဆံတော်ဒဂုံ၊ တက်ကြတုံ၏၊ ပည်းပုံများဖြင်၊ သဘင်နှစ်ကြောင်း၊ လှေပေါင်းလှည်း က၊ တုပဆင်ယင်၊ မမြင်စဖူး၊ တင့်လွန်ကျူးမျှ၊ စုံပူးမကွာ၊ သို့သောခါသည် ...”လို့ တပေါင်းနဲ့ ရွှေတိဂုံစေတီပွဲ တော်အကြောင်း ဖွဲ့သီခဲ့တဲ့ စာဆိုန၀ဒေးလည်း ထိုင်ငိုလောက်တဲ့အဖြစ်ပေါ့ဗျာ။

တပေါင်းမှာ ကျင်းပတဲ့ ပွဲတော်နှစ်ခုအနက် တခုဖြစ်တဲ့ တပေါင်းပွဲတော်ကို နိုင်ငံတကာရောက် မြန်မာတွေက ဆက်လက်ကျင်းပနေဆဲဖြစ်ပါတယ်။ နိုင်ငံခြားမှာဆိုတော့ ကြီးကျယ်ခမ်းနားစွာ စည်ကားသိုက်မြိုက်စွာ ပျော်ပွဲရွှင် ပွဲမြောက်များစွာတွေနဲ့တော့ မလုပ်နိုင်တော့ဘူးပေါ့လေ။ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက်အောင်သာ ကျင်းပ ပြုလုပ်ကြတဲ့သဘောပါ။ ဘာပဲဖြစ်ဖြစ် လုပ်နိုင်တာကို လေးစားစရာ ကျေးဇူးတင်စရာကောင်းပါတယ်။

စာရေးသူရောက်ခဲ့တဲ့ အယ်လ်အေမြန်မာကျောင်းမှာ ကျင်းပတဲ့ တပေါင်းပွဲကတော့ ဧည့်သည်တော်တွေကို မုန့်ဟင်းခါးနဲ့ တည်ခင်းဧည့်ခံတယ်။ ဧည့်သည်တော်က ငါးရာလောက် လာမယ်ထင်တယ်။ ကြွရောက်လာကြတဲ့ ဧည့်သည်တော်တွေကလည်း ပွဲတော်အတွက်၊ ကျောင်းအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းသွားကြပါတယ်။
တပေါင်းပွဲတော်ကို စေတနာရှင်များ မတည်၍ ပြုလုပ်ကြကြောင်း သိရပါတယ်။

ဘုရားရှင်အား ဆွမ်းဆက်ကပ်လှူဒါန်းတေယ်။ ဆရာတော်သံဃာတော်များကိုလည်း ဆွမ်းဆက်ကပ်လှူဒါန်း တယ်။ သီလခံယူဆောက်တည်ကြတယ်။ တပေါင်းပွဲတော်မှာ ပြုလုပ်လှူဒါန်းခဲ့သမျှကိုလည်း အမျှပေးဝေ၍ နတ် လူ သာဓုခေါ်စေတယ်။ ပြုလုပ်သင့်သော အားကျစရာကောင်းသော တပေါင်းပွဲပင်ဖြစ်ပါတယ်။

ကိုသက်

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP