Saturday, June 27, 2009

ပန်းခင်းသောလမ်း မဟုတ်ပါ

.
.

Homedepot သို့ အိမ်သုံးပစ္စည်းအတိုအစ ၀ယ်ဖို့ ရောက်ခဲ့တယ်။ အ၀င်လမ်းမှာပဲ တဖက်နိုင်ငံ မက္ကဆီကိုမှလာ တဲ့ လူငယ်လူကြီးတွေ အစုလိုက်ပဲ လက်ထောင်ပြနေတယ်။ သင်္ကေတသဘောက အလုပ်လိုချင်လို့ သူတို့ကို အ လုပ်ငှါးမလားလို့ အလုအယက် ခေါ်နေတာပါ။ အိမ်မှာ သန့်ရှင်းရေးနဲ့ အနုအကြမ်းအလုပ် အားလုံးကို သူတို့တွေ လုပ်နိုင်တယ်။ လိုအပ်ရင် အဲဒီနေရာမှာပဲ ဈေးပြော၊ အချိန်ပြော၊ နေရာပြောပြီး ကြိုက်ရင် ကိုယ့်ကားပေါ်မှာ တ ခါတည်း ခေါ်တင်လိုက်ရုံပဲ။ ညနေ အလုပ်ပြီးရင် လုပ်အားခပေး၊ သူတို့နေတဲ့နေရာ ပြန်ပို့ပေးရုံပဲ။
.
နေက အတော်လေး မြင့်နေပြီ။ သူတို့လူစုက လက်ပြ အလုပ်တောင်းနေဆဲပဲဆိုတော့ ဒီနေ့အဖို့ ဒီလူငယ်တွေ ကံကောင်းပုံမပေါ်ဘူးပေါ့။ သူတို့ကို ငှါးမည့်သူမရှိတော့ တနေ့တာ လုပ်အားခ ရဖို့ လမ်းမမြင်တော့ဘူး။ ဒီလိုနဲ့ နေကုန်အောင် နေပူရှိန်အောက်မှာ သူတို့တွေ ဘယ်လောက်များ စောင့်နေကြဦးမှာလဲ စဉ်းစားဖြစ်တယ်။ တ ပြည်တရွာမှာ ဖွေရှာရတဲ့အလုပ်က ပန်းခင်းသောလမ်းတော့ မဟုတ်ပါ။ အကယ်၍ အကြောင်းတခုခုနဲ့ ရဲက လာ ဖမ်းရင် သူတို့တွေ အဖမ်းခံရဦးမှာ။
.
သူတို့တွေကို မြင်တော့ ထိုင်းနိုင်ငံမှာ တ၀မ်းတခါးအတွက် လုပ်စားနေရတဲ့ ကိုယ့်လူမျိုးတွေဘ၀ကို မြင်ယောင် မိတယ်။ စာနာမိတယ်။ ကိုယ့်ပြေကို ချစ်သော်လဲ အသက်ရှည်နေထိုင်စားသောက်ရုံမျှ အလုပ်လေးတခုကိုရဖို့ ကိုယ့်ပြေမှာ မဖြစ်နိုင်တော့လဲ သူများတိုင်းပြည်ထဲကို နည်းမျိုးစုံနဲ့ဝင်ခဲ့ရရှာတယ်။ တဖက်နိုင်ငံ ထိုင်းမှာ အ လုပ်ရှင်က ညစ်ချင်ညစ်မယ်။ ငွေလိုချင်လို့ ရဲက ဖမ်းချင်ဖမ်းမယ်။ ကျီးလန့်စာစား၊ မြွေပူရာ ကင်းမှောက်ဘ၀မျိုး နဲ့ ကိုယ့်လူမျိုးတွေ မျက်နှာသိပ်ငယ်ရရှာတာတွေ အားလုံးအသိပါပဲ။
.
မလေးရှားရောက် ကျနော်တို့လူမျိုးတွေ ထိုနည်းလည်းကောင်းပါ။ ကြားရတာ မလေးရှားမှာ အတော်ဆိုးတယ်။ အသက်ရှူပေါက်လေးအဖြစ် သူများနိုင်ငံမှာ အခြေချချင်သော်လဲ ငွေရရင်ပြီးရော ဘာမဆိုလုပ်မယ်ဆိုတဲ့ မ လေးရဲရဲ့ ဘေးကလည်း မသေးဘူးမဟုတ်လား။ ပြေးစရာမြေကလဲ မရှိလေတော့ မှိတ်ကြိတ်ပြီး လုပ်နေရရှာပါ တယ်။ ရဲဖမ်းတော့လဲ ကျစ်ကျစ်ပါအောင် စုထားသမျှလေးတွေနဲ့ ပြန်ရွေးရရုံပဲလေ။ ကိုယ့်ပြေမှာ ကိုယ့်လူမျိုးအ ချင်းချင်းဖြစ်တဲ့ စစ်ခေါင်းဆောင်တွေကတောင် နှိပ်စက်ကလူပြုမူ ရက်စက်နေမှတော့ သူများတိုင်းပြည်ရှိရဲက ကိုယ့်လူမျိုးတွေကို နှိပ်စက်တာ၊ ငွေညှစ်တာ၊ ရက်စက်တာ မဆန်းသလိုပဲ။ ရွှေပြည်တော် မျှော်တိုင်းဝေးတဲ့ ဘ ၀အခြေအနေမျိုးမှာ ပြည်တွင်းနဲ့စာရင် ပြည်ပက တော်လိမ့်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်လေးတွေနဲ့ အားတင်း ပြီးတော့ ဆက်လက်ရှင်သန် ရပ်တည်နေရတာပဲလေ။
.
ဒီနိုင်ငံတွေထက် ပိုတိုးတက်ပါတယ်ဆိုတဲ့ ကိုရီးယားမှာလဲ အခြေအနေက သိပ်မကောင်းလှဘူး။ အလုပ်သမား ဗီဇာနဲ့လာတဲ့ မြန်မာတွေ တဖွဲဖွဲတော့ ရောက်လာနေတာပဲ။ ကိုရီးယားအစိုးရက တရားဝင်ခွင့်ပြုတဲ့ ဗီဇာနဲ့ ရောက်လာကြတာပါ။ အလုပ်က စိုက်ပျိုးရေး၊ ပင်လယ်ငါးဖမ်းလုပ်ငန်းနဲ့ စက်ရုံတွေမှာ လုပ်ဖို့အတွက် ရောက် လာကြတာပါ။ လခက ကိုရီးယားငွေ ကိုးသိန်းကျော်ရတယ်လို့ သိရပါတယ်။
.
မြန်မာအသင်း ကိုရီးယားက ကိုဝင်းမြင့်ဦးနဲ့ စကားစပ်မိလို့ ဒီအကြောင်းတွေ ဆွေးနွေးဖြစ်တယ်။ သတင်းတွေ က ကိုယ့်လူငယ်တွေ အခြေအနေကောင်းဖို့အတွက် အလားအလာက သိပ်မဟန်ချင်ဘူး။ ငါးဖမ်းအလုပ်နဲ့ ရောက်လာတဲ့ လူငယ်တဦး ပင်လယ်ထဲ ကန်ချခံရတာ အမြင်မတော်သူတွေ ကယ်ဆယ်လို့ အသက်ဘေးက ချမ်းသာရာရခဲ့တဲ့အကြောင်း၊ ဒီမတရားမှုအတွက် တာဝန်ယူအာမခံပေးမည့်သူ မရှိလို့ ခေါင်းငုံ့ခံခဲ့ရတဲ့အ ကြောင်းတွေက စိတ်မကောင်းစရာ အဖြစ်တွေပါ။
.
နိုင်ငံခြားမှာ ငါးဖမ်းတဲ့အလုပ် လုပ်ဖို့ထွက်လာသူအများစုက ရန်ကုန်သားတွေမို့ ပင်လယ်၊ မြစ်ချောင်းအတွေ့အ ကြုံမရှိသူတွေပါ။ တချို့ဆို ရေတောင် မကူးတတ်ရှာဘူးလေ။ ၀မ်းစာရေးပေမို့ တပြေတရွာသို့ မနေသာလို့ ထွက်ခဲ့ရသော်လည်း ငါးဖမ်းတဲ့အတွေ့အကြုံက ဘာတခုမျှ မရှိရှာပေဘူး။ ငါးဖမ်းတဲ့လူဆိုတဲ့ ကိုရီးယားတွေက လည်း မိုက်ရိုင်းတာတွေ ပါတာမို့ ကိုယ့်လူငယ်တွေနဲ့ အထာမကျဘူး၊ အဆင်မပြေကြပါဘူး။ ဒီအလုပ်အဆင်မ ပြေလို့ နောက်အလုပ်တခုကို ပြောင်းဖို့ဆိုတာကလည်း ငါးဖမ်းတဲ့အလုပ်နဲ့လာသူဟာ ငါးဖမ်းတဲ့အလုပ်ကိုသာပဲ လုပ်ခွင့်ရှိတယ်ဆိုတဲ့ လက်ရှိကိုရီးယားအစိုးရဥပဒေကြောင့် အခက်ပေါ့။ တခုပဲရှိတာက တရားမ၀င်နေပြီး ရတဲ့ အလုပ်ကို စရိတ်ကြေအောင် လုပ်ရုံပဲရှိတော့တယ်။
.
စိုက်ပျိုးရေးနဲ့လာသူတွေမှာလဲ အခက်အခဲပေါင်းက သောင်းခြောက်ထောင်ပါ။ နိုင်ငံတကာက ကုမ္ပဏီတိုင်းမှာ အလုပ်သမားတွေအတွက် နားချိန်ဆိုတာ သတ်မှတ်ပေးထားတယ်။ ကိုရီးယားက မြန်မာစိုက်ပျိုးရေးအလုပ်သ မားလေးတွေရဲ့ ဘ၀မှာတော့ နားချိန်မရှိဘဲ နံနက် (၅)နာရီကနေ ည(ဂ)နာရီဆိုတော့ မလွယ်ကြောပါလားဗျာ။ အလုပ်ရှင်တွေက သူတို့ကိုယ်တိုင်တော့ နားတယ်။ အလုပ်သမားတွေကိုတော့ နိုင်ငံခြားက ငှါးတာဆိုပြီးတော့ နားချိန်မရှိအောင်ကို ခိုင်းတာ။ စက်ရုပ်မှ မဟုတ်တာဘဲ ကြာတော့ ထွက်ပြေးရတာပေါ့။
.
အမှန်က တလုပ်သမားတဦးအနေနဲ့ နားချိန်အပါအ၀င် တနေ့တာ အလုပ်ချိန်က (၈)နာရီဖြစ်ပါတယ်။ အခုဟာ က လွန်လွန်းတယ်ဗျာ။ ပိုခိုင်းတဲ့အချိန်တွေအတွက် အချိန်ပိုကြေးဆိုတာ ဝေလာဝေးပေါ့။ ပြီးတော့ အစားအ သောက်က ပြဿနာတက်သေးတယ်။ နေ့စဉ် ထမင်းနဲ့ ကင်ချိဆိုတော့ အလုပ်ကြမ်းသမားက ဘယ်စားနိုင်မှာ လဲ။ ကျားကြောက်လို့ ရှင်ကြီးကိုးကွယ်ကာမှ ကျားထက်ဆိုးတဲ့ အဖြစ်မျိုးပါလားဗျာ။
.
ကိုရီးယားသို့ စက်ရုံအလုပ်နဲ့ ရောက်လာသူတွေ အခြေအနေက ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေထက်စာ ရင် တော်ပါသေးတယ်။ ဒီအလုပ်ရှင်မကောင်းရင် ဟိုဘက်အလုပ်ရှင်ထံ ပြောင်းခွင့်ရှိတယ်။ ဒီစက်ရုံအလုပ်ကို မကြိုက်ရင် အခြားစက်ရုံအလုပ်တွေကို ပြန်ပြောင်းရှာခွင့်၊ လုပ်ခွင့်ရှိပါတယ်။
.
ပြည်ပနိုင်ငံတချို့ကို ရောက်နေတဲ့ ကျနော်တို့လူငယ်တွေရဲ့ဘ၀ အခြေအနေက စာဖတ်သူတို့ ကြားသိရတဲ့အတို င်းပါဘဲ။ တောင်မင်းကို မြောက်မင်း မကယ်ယူပေးနိုင်တဲ့ဘ၀ပါ။ အရမ်းအဆင်ပြေနေလို့ ပန်းခင်းသောလမ်းကို မမှန်းပါဘူး။ အတော်အသင့်လောက် အဆင်ပြေရင်ကို ကျေနပ်နှစ်သက်နိုင်ပါပြီ။ အခုအချိန်အထိတော့ သူတို့ လေးတွေဘ၀က ခရောင်းလမ်းမှာ စမ်းတ၀ါးဝါးနဲ့ လျှောက်နေဆဲပါပဲ။
.
ကိုသက်

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP