Friday, May 22, 2009

သူခိုးဘေးက ဝေးပါစေ

.
.

မရောက်တာကြာပြီဖြစ်တဲ့ မိတ်ဆွေအိမ်ရောက်သွားတယ်။ မြန်မာပြည်ပြန်မဲ့ သူတို့မိခင်ကြီးထံ လူကြုံပါးချင် လို့ အချိန်မီ သွားလိုက်တယ်။ သူတို့ပြောနေတဲ့ စကားဝိုင်းမှာ ကိုယ်လည်းအဆင်သင့် ၀င်ပြောဖြစ်တယ်။ သူတို့ ပြောနေတဲ့အကြောင်းက သူတို့အိမ်ကို သူခိုးလို့ထင်ရသူ ကပ်တဲ့အကြောင်းပါ။
.
အိမ်တံခါးလာခေါက်လို့ သွားဖွင့်လိုက်တာ လူစိမ်းတဦးဖြစ်နေတယ်လေ။ အိမ်ရှင်တွေနဲ့တွေ့တော့ အိမ်ရှေ့မှာ တပင်လုံးနီးပါး သီးနေတဲ့ စောင်းလျားသီးတွေကို ဒေါ်လာငါးရာဖိုးလောက် ၀ယ်ချင်လို့တဲ့ ပြောလာတယ်။ ရောင်း ဖို့မဟုတ်ပါဘူးရှင်ဆိုတော့ ပြန်ထွက်သွားတယ်။ အမှန်ဆို ကားကို အိမ်ရှေ့မှာ ရပ်ထားခဲ့ရမှာ။ အိမ်ရှင်က ၀ယ်ချင် ကြောင်းလာပြောသူ နောက်ကျောကို ကြည့်ရင်း ကားကိုရှာတာ မတွေ့ဘူး။ ဒါနဲ့ မသင်္ကာလို့ နောက်က လိုက်ပြီး ကြည့်တာ ကားကို နှစ်အိမ်သုံးအိမ်ကျော် အဝေးမှာ ရပ်ထားတယ်ဆိုပဲ။
.
အကယ်၍ လူမရှိလို့ ခိုးဖြစ်ခဲ့ရင် ဒီအိမ်မှာ ခိုးနေတယ်ဆိုတာ ပတ်ဝန်းကျင်က မရိပ်မိအောင် ကားကို ခပ်လှမ်း လှမ်းမှာ သွားရပ်ထားတာလေ။ ပြီးတော့လဲ တန်ဖိုးမရှိတဲ့ စောင်းလျားသီးတွေကို ဒေါ်လာ ငါးရာဖိုး ၀ယ်ချင်တယ် ဆိုတော့ ဘယ်ဟုတ်တော့မလဲ။ လူမရှိဘူးထင်လို့ လာခေါက်တာ အထဲကလူက တံခါးဖွင့် ထွက်လာတော့လဲ အ ခက်ပေါ့။ ဘာလုပ်ရမယ်မှန်း မသိဘူးလေ။ အနားမှာရှိတဲ့ စောင်းလျားပင်ကို အကြောင်းပြရတော့တာပေါ့။
.
အင်း ... တော်တော် အတင့်ရဲတဲ့ သူခိုးပဲ။
.
နောက်တခါ အဒေါ်ကြီးနေတဲ့အိမ်မှာ ဖြစ်ခဲ့သေးတယ်။ သူနေတဲ့ ရပ်ကွက်ကသိပ်ကောင်းတယ်။ ခိုးမှုလိုကိစ္စ မျိုး မကြားဖူး မဖြစ်ဖူးတဲ့ မြို့လေးပါ။ ဟောဗျာ ... အခုတော့ အဲဒီမြို့မှာပဲ ခိုးမှုတွေ အတော်များနေတယ်။ ညမှာ ဖြစ်တဲ့ ခိုးမှု၊ အိမ်ထဲဝင်တာတော့ မဟုတ်ဘူး။ အိမ်ရှေ့မှာ ရပ်ထားတဲ့ကားကို လာခိုးတာ။ ကားတံခါကို ဖွင့်နေစဉ် မှာပဲ ကားမှာ တပ်ဆင်ထားတဲ့ alarm က မြည်တော့တာပါပဲ။ alarm မြည်သံက ကြားတော့ အိမ်ရှင်က ပြူတင်း တံခါးကနေ အပြင်ကို ကြည့်လိုက်တယ်။ သူခိုးကို မြင်နေရတယ်။ ဒါလည်း သူခိုးက ဂရုမစိုက်ဘူး။ ဆက်ခိုးနေဆဲ ပင်ဖြစ်ပါတယ်။ ရဲဌာနကို ခေါ်ထားပေမဲ့ ရဲအရာရှိတွေ ရောက်မလာသေးဘူး။ alarm က ဆူဆူညံညံမြည်နေဆဲ သူခိုးကလဲ ဆက်ခိုးဆဲ၊ အိမ်ရှင်ကလဲ အထဲက အပြင်မထွက်ရဲဆိုတော့ ငြိမ်သက်နေတဲ့ ရပ်ကွက်လေး ဆူညံသွား တယ်။ အဆက်မပြတ်မြည်နေသံကြားတော့ ဘေးအိမ်တွေက မနေနိုင်ဘူးလေ။ လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။
.
ဘေးအိမ်တွေကလည်း သူခိုး ကားကို ခိုးဖို့ကြိုးစားနေတယ်ဆိုတာ သိတော့ အဝေးကနေ အားကောင်းတဲ့ ဓာတ်မီးတွေနဲ့ သူခိုးကို ၀ိုင်းထိုးထားကြတယ်။ ဒါလဲ သူခိုးက ဆက်ခိုးဖို့ ကြိုးစားနေဆဲပဲ။ နောက်ဆုံးတော့ သူခိုး လဲ မတတ်သာတော့ဘူးထင်တယ်။ လက်လျှော့ ထွက်ပြေးသွားလေရဲ့။ ရဲရောက်လာတော့ သူခိုးက မရှိတော့ဘူး။ အတင့်ရဲလိုက်တာနော်။ သူ့မှာ ခုခံဖို့ သေနတ်တွေ ဘာတွေ ပါလို့ဖြစ်မှာပေါ့။ တချို့မြန်မာအိမ်များဆို နှစ်ကြော့ ပြန် အခိုးခံရတယ်။ ပွဲကြမ်းလိုက်တာ၊ သူခိုးတွေ ပူလိုက်တာ၊ အိမ်မှာ တန်ဖိုးရှိတဲ့ပစ္စည်းကို မထားရဲလောက် အောင်ပဲ စိတ်မချရတော့ဘူး။ အမေရိကန်တွေလဲ လူထဲက လူဆိုတော့ ငတ်လာပြီဆိုရင် လုပ်ကြတာပါပဲ။ အထင် အမြင်ကို ပြောဆိုသူတွေကတော့ မက္ကဆီကန်တွေ ဖြစ်ဖို့များတယ်တဲ့။
.
စီးပွားကပ်ဆိုက်နေတဲ့ ဒီကာလမှာ လူတွေ အလုပ်မဲ့ကုန်ပြီ။ ဒီတော့ အလွယ်ကူဆုံးအလုပ်ကို လုပ်တော့တာ ပါပဲ။ ဒါက အရင်းမဆိုက်ရဘူး မဟုတ်လား။ ခိုးမှုတွေများလာတော့ alarm ကုမ္ပဏီတွေ အလုပ်ဖြစ်လာတယ်။ ဟုတ်တာ မဟုတ်တာထား လုံခြုံမှုအတွက်တော့ ဒီကုမ္ပဏီတွေထံက ၀ယ်ရတာပဲ။ ဒီအပြင် အိမ်ရှင်တွေ အပြင် ထွက်ဖြစ်တဲ့အခါ အိမ်တွင်းမှာ လူရှိသယောင်နဲ့ တယ်လီဘေးရှင်းနဲ့ ရေဒီယိုကို ဖွင့်ထားခဲ့ကြတယ်။ အကယ်၍ သူ ခိုးလာကပ်တယ်ပဲ ထားဦးတော့ အသံကြားရင် ရှောင်သွားကြတယ်။ မရှောင်သာလို့ ပက်ပင်းတိုးရင် နှစ်ဦးနှစ်ဖက် အန္တရယ်များတယ်။
.
တလောကဆို လူသတ်မှုတခုတောင်ဖြစ်တယ်။ သူကတော့ သူခိုးမဟုတ်ဘူး။ ဒါးနဲ့ထောက်ပြီး ပိုက်ဆံတောင်း တာမို့ ဒါးပြလို့ ခေါ်ရမှာပေါ့လေ။ မြန်မာပြည်ကနေ အမေရိကမှာ ကျောင်းလာတက်တဲ့ လူငယ်လေးနှစ်ဦး ညဖက် အတန်းပြီးလို့ အိမ်ပြန်ဖို့အတွက် ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေတုန်းဖြစ်တာပါ။ ထွားကြိုင်းတဲ့ လူကြီးတ ယောက်က သူ့လည်ပင်းကို ဒါးထောက်ပြီး ပိုက်ဆံအိတ်တောင်းတယ်။ အန္တရာယ်ကင်း ပြီးတာပဲ သဘောနဲ့ ပိုက် ဆံအိတ် ထုတ်ပေးလိုက်တယ်။ ပိုက်ဆံအိတ် လက်ထဲ ရောက်တော့ မသွားဘဲနဲ့ လူငယ်လေးကို လည်ပင်လှီး သတ်တယ်လေ။ အနားက သူငယ်ချင်းက ဒါကို မြင်တော့ အသက်လွတ်အောင် မနည်းကို ထွက်ပြေးလိုက်ရ တယ်လို့ သတင်းစာမှာ ပါလာတယ်။ တော်တော်ဆိုးတာပဲနော်။ အဲဒါ Cal State University, Northridge မှာဖြစ် ခဲ့တာပါ။ ဒီကာလမျိုးမှာ ကျောင်းလာတက်တဲ့ လူငယ်တွေလည်း ဘတ်စ်ကား မစီးသင့်ဘူး။ အသင့်အတင့်ကား လေးကို ဈေးချိုချိုနဲ့ဝယ်ပြီး မောင်းသင့်ပါတယ်။
.
ရက်ပိုင်းအတွင်းကမှ ဖြစ်သွားတဲ့ Riverside က မြန်မာအိမ် အခိုးခံရတာ ဒေါ်လာ သောင်းကျော်ဖိုး ပစ္စည်း တွေနဲ့ လက်ဝတ်ရတနာတွေ ပါသွားတယ်။ အထူးသဖြင့် အိမ်က ကလေးတွေ သုံးတဲ့ပစ္စည်းတွေကို အဓိကထား ပြီး ခိုးသွားတာ။ ခိုးသူကို ပစ္စည်းရောင်းတဲ့နေရာမှာ စောင့်နေတဲ့ရဲက မိသွားတယ်။ ခိုးသူဟာ ကလေးတွေဖြစ်နေ တယ်။ လူကြီး အကူအညီနဲ့ ကလေးက ၀င်ခိုးတာဆိုပဲ။
.
စီးပွားပျက်တဲ့ ဒီကာလာမှာ တန်ဖိုးကြီးတဲ့ပစ္စည်းတွေ အားလုံးကို ဘဏ်က box တွေထဲမှာ သွားထားသင့်ပါတယ်။ အန္တရာယ်ကင်း ဘေးရှင်းပေါ့လေ။ အပြင်ထွက်ရင်လဲ အိမ်ထဲမှာ ရေဒီယိုနဲ့ တယ်လီဗီးရှင်း တခုခုကို ဖွင့်ထားခဲ့ဖို့ မမေ့သင့်ဘူး။ နောက်ပိုင်း လုံအောင်လို့ပါ။ alarm မရှိသေးရင်လဲ ၀ယ်ထားသင့်တယ်။ alarm ရှိကြောင်း တံခါးက တံဆိပ်ကို မြင်ရင် သူခိုးက မ၀င်ချင် မခိုးချင်တော့ဘူး။
.
ကြားသိနေရတာလေးတွေကို ပြန်လည်မျှဝေတာပါ။
အားလုံး သူခိုးဘေးက ကင်းဝေးပါစေ။
.

ကိုသက်

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP