Friday, May 8, 2009

ဓာတ်ပုံများနဲ့ စကားပြောခြင်း

.
တကယ်တော့ သက်မဲ့ဖြစ်တဲ့ ဓာတ်ပုံတွေနဲ့ စကားပြောလို့ မရပါဘူး။ အလင်္ကာသဘောအရ တင်စားပြီး သုံးဖြစ် လိုက်တဲ့ စကားပါ။ ဆယ်တန်းမြန်မာစာမှာ အားလုံးမှတ်သားဖူးကြတဲ့ သက်မဲ့ကို သက်ရှိများကဲ့သို့ တင်စားသုံး တဲ့ အပါဏေ ပါဏိဓမ္မ သမာဓိဂုဏ်ပဲဖြစ်ပါတယ်။ သက်ရှိတွေ လှုပ်ရှားမှုတခုဖြစ်တဲ့ ရယ်ခြင်း၊ ငိုခြင်း၊ ပြုံခြင်း၊ စ ကားပြောခြင်း စတာတွေကို သက်မဲ့မှာ တင်စားကြည့်တာပါ။ ကဗျာသဘော၊ အလင်္ကာသဘောအရ ရသမြော က်စေပါတယ်။ ကဲ ကဲ ဓာတ်ပုံများနဲ့ စကားပြောရအောင်။
.

.
ဒီဓာတ်ပုံက အောင်သပြေပါ။ အားလုံးပဲ မြင်တာနဲ့ သိတဲ့ပန်းပါ။ သပြေကိုမြင်ရင် မြန်မာတွေက ဘုရားတင်ဖို့ သ တိရကြတယ်။ တချို့လည်း အောင်ရာအောင်ကြောင်း ယတြာလေးဘာလေးတွေမှာ သုံးဖို့ပေါ့။ ဘာပဲဖြစ်ဖြစ် သ ပြေဟာ မြန်မာတွေနဲ့ အရင်းနှီးဆုံးပန်းပါ။ ကျနော်လည်း သပြေမြင်ရင် မနေနိုင်လို့ ဓာတ်ပုံရိုက်မိပြန်တယ်။
.
ဒီဓာတ်ပုံကို ရိုက်ဖို့ ကျနော်စိတ်ကူးတဲ့အခါ ကိုယ်ရိုက်မဲ့အရာ၊ နောက်ခံ၊ အလင်းရောင်၊ ပတ်ဝန်းကျင်ကို ပထမ ဆုံး စဉ်းစားပါတယ်။ ညနေပိုင်းနေကျချိန်မှာ သပြေခက်ပေါ်ကို နေရောင်များက ခပ်စူးစူးကျနေတယ်။ အလင်းတွေ သိပ်များနေလို့ ကင်မရာ မီးမဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အကယ်၍ အလင်းရောင်သိပ်များနေချိန် နေ့လည်ပိုင်းမှာ မီးဖွင့်ရိုက်ရင် ပုံကိုဖျက်ဆီးလိုက်တာနဲ့တူပါတယ်။ အလင်းတွေများလို့ ပုံက မလှတော့ပါ။ အချိန်အတိအကျ ကိုတော့ ဓာတ်ပုံကို ထောက်ကြည့်လိုက်တာနဲ့ အလွယ်တကူ သိရမှာဖြစ်ပါတယ်။
.
နေရောင်က အနောက်က ပန်းကို ထိုးထားလို့ နေရောင်ထိုးတဲ့ဘက်က ဓာတ်ပုံကို ရိုက်ဖို့ ရွေးလိုက်တယ်။ အက ယ်၍ ဒီပုံမျိုးမှာ နေရောင်ကို မျက်နှာချင်းဆိုင် ရိုက်ရင် ဓာတ်ပုံမှာ အရိပ်တွေများလာနိုင်တယ်။ ဖြူသွားနိုင်ပါတ ယ်။ သို့အတွက် နေရောင်ကျတဲ့ ဖက်ကနေရိုက်ပါတယ်။ လင်းလင်းထင်းထင်းဖြစ်လို့ အရွက်ပေါ်က အကြော လေးတွေက အစမြင်သာ ထင်သာအောင် ပေါ်လာပါတယ်။ သဘာဝအရောင်ကို ပိုမိုပေါ်လွင်စေပါတယ်။
.
ပြီးတော့ ကောင်းကင်ပြာပြာ နောက်ခံကို ရွေးပါတယ်။ သဘာဝဖြစ်တဲ့ ကောင်းကင်ပြာပြာကြီးက ဓာတ်ပုံကို ကြ ည်လင်ပြတ်သား လှပစေတယ်။ အရွက်တွေ အခက်တွေကြားက အညွန့်ကို သီးခြားထုတ်ရွေးချယ်ပြီး မှန်ပြောင်း ကို ချိန်ပါတယ်။ လေတိုက်နေတုန်းမို့ လေငြိမ်တဲ့အချိန်ကို နဲနဲစောင့်ပြီး ရိုက်ရပါတယ်။ ကိုယ်လိုချင်သော အနေအထားဖြစ်အောင် မှန်ပြောင်းကို ကစားရပါတယ်။
.
ပတ်ဝန်းကျင်ဆိုတာက အညွန့်များစွာရှိနေတဲ့ ပတ်ဝန်းကျင်၊ အခြားသစ်ပင်သစ်ရွက်နေတဲ့ ရောနှောနေတဲ့ပတ် ၀န်းကျင်မှာ ပုံလေးတပုံအဆင်ပြေပြေ ထွက်လာဖို့ ကိုယ်တိုင်ရွေးချယ်ရပါတယ်။ သူ့ပတ်ဝန်းကျင်က အရာတွေ နဲ့ရော ရိုက်ရင် (သို့မဟုတ်) ခွဲရိုက်ရင် ဘယ်လိုအဆင်ပြေမလဲဆိုတာပါ။ ကျနော်ကတော့ ဒီလိုပန်းမျိုးဆို ပေါ်လွ င်အောင်လို့ သီးခြားပဲ ခွဲရိုက်ပါတယ်။ ဒါက ပိုပြီး အဆင်ပြေလို့ပါ။
.
.
ဒီဓာတ်ပုံက ဘုရားစင်ရှေ့က သစ်ခွပန်းဖြစ်ပါတယ်။ ပန်းအိုးတွေကြားက သစ်ခွပန်းတွေထဲက တပွင့်ကို ခွဲချိန် လိုက်ပါတယ်။ ကျန်တဲ့ပန်းတွေကို နောက်ခံလုပ်လိုက်တယ်။ မီးမဖွင့်ဘဲ ISO ကို အဆင်အပြေဆုံးဖြစ်အောင်လို့ ချိန်လိုက်တယ်။ အနီးကပ်ရိုက်တဲ့ မှန်ပြောင်းမရှိလို့ zoom ကို နဲနဲဆွဲလိုက်တယ်။ ပြီးတော့ မှန်ပြောင်းကို ပန်းရဲ့ အနီးဆုံးနေရာအထိ ကပ်လိုက်တယ်။ ဘက်ထရီကို အကြည်လင်ဆုံးဖြစ်အောင် စောင့်လိုက်တယ်။ ကြည်လင် ပြတ်သားပြီး ပန်းကြောမျှင်လေးတွေ ပေါ်လာသည်အထိ ရအောင်ချိန်တယ်။ ပြီးတော့ ပန်းပွင့်ကို ဘယ်ညာနဲ့ အထက်အောင် တည့်အောင် ချိန်တယ်။ လက်ဖြောင့်သေနတ်သမားလို အသက်အောင့်ပြီး နှိပ်ချလိုက်တယ်။
ဒီပုံလေး ထွက်လာပါတယ်။ ကင်မရာ မကောင်းတော့လည်း ဒီလိုပဲပေါ့။
.
.
.
ဒီပန်းက သစ်ခွတမျိုးပါ။ ကံ့ကော်နဲ့သိပ်တူတယ်။ ကံ့ကော်ကို လွမ်းတလို့ ဒီပန်းလှလှကို ရိုက်ဖို့ ဆုံးဖြတ်လိုက် တာဖြစ်ပါတယ်။ အခိုင်များစွာတွေထဲက တခိုင်ကို ရွေးလိုက်တယ်။ နောက်ခံအဖြစ် ကဒ်ပြားအစိမ်းရောင်ကို ကျ နော် ရွေးလိုက်တယ်။ အစိမ်းရောင် နောက်ခံနဲ့ အဖြူအ၀ါရောတဲ့ ပန်းပွင့်လေးတွေ ပေါ်လာတယ်။
.
အိမ်တွင်းမှာ ထားတဲ့ပန်းဖြစ်ပါတယ်။ မီးမဖွင့်ဘဲ ISO နဲ့ပဲ ရိုက်တာပါ။ အဖြူအစိမ်းနဲ့ မြန်မာပြည်က ကျောင်းသူ ကျောင်းသားတွေ၊ ဆရာဆရာမတွေရဲ့ ၀တ်စုံနဲ့ သိပ်တူလို့ ကျနော်တို့တွေ မျက်စိနဲ့ သိပ်ယဉ်ပါးနေတဲ့ စုံတွဲအ ရောင်ပဲဖြစ်ပါတယ်။ အခုနက အတိုင်းပဲ အနီးကပ်ရိုက်တဲ့ မှန်ပြောင်းမရှိလို့မို့ အနီးဆုံးအထိ ကင်မရာမှန်ပြောင်း ကို ကပ်လိုက်တယ်။ သဘာဝအလင်းရောင်ကြောင့် နောက်ခံအရောင်တွေ အနုအရင့် ညီအောင် စောင့်လိုက်ပါ တယ်။ သိပ်မဟုတ်ရင် နေရာကွက်ကြား အစိမ်းရောင် အနုအရင့်တွေ အကွက်လိုက်ပေါ်လာတတ်လို့ပါ။ အပွင့် သက်သက် မဟုတ်ဘဲ ပိုပြီးလိုက်ဖက်ညီ၍ ပေါ်လွင်အောင် အရွက်လေးတွေကို ပါအောင်ထည့်ရိုက်ပါတယ်။
.
.
လူကို ရိုက်တော့ ကိုယ်လိုချင်သလောက်ကို ဖြတ်ရိုက်ပါတယ်။ သူထိုင်နေတဲ့အနေအထားမှာ တည့်အောင်ယူပါ တယ်။ သူ့မျက်မှာက အလင်းရောင်ကို သဘာဝအလင်းရောင်နဲ့ အပေါ်လွင်ဆုံးဖြစ်အောင် ကင်မရာကို ရွှေ့ယူ ပါတယ်။ မီးလုံးဝ မဖွင့်ပါဘူး။ ကင်မရာကို အော်တိုမှာ မထားပဲ ISO (400) မှာပဲ ထားပြီး ချိန်ပါတယ်။ မြင်ရတဲ့ အတိုင်းပဲ နေရောင်က ထိုးနေပါတယ်။ အဲဒီနေရောင်က ၀င်မနှောက်ရှက်အောင် သူ့ကို နောင်ခံဖြစ်အောင်လို့ လုပ်လိုက်ပါတယ်။ အဲဒါက ကင်မရာ မှန်ပြောင်းကို အဝေးအနီးချိန်ဆပြီး ကိုယ်အကြိုက်ဆုံးအနေအထားကိုပဲ ရွေးယူပါတယ်။ အပြင်ကနေရောင် ထိုးနေမှုကို အတွင်းက အရောင်နဲ့ ခုခံနိုင်တဲ့အခါ ဓာတ်ပုံက ပေါ်လွင်လာပါ တယ်။ သိတဲ့အတိုင်းပဲ ကျနော်က ပေါ့ထရိတ်ရိုက်တာ သဘောကျလို့မို့ ထောင်လိုက်ပဲ ရွေးရိုက်ပါတယ်။ ဒါက လည်း သူ့နေရာနဲ့သူဖြစ်ပါတယ်။ နေရာတိုင်းတော့ မဟုတ်ဘူးပေါ့ဗျာ။
.

.
ဒီပန်းလေးက လှတယ်။ သူတို့က ဂျင်ဂျာလို့ ခေါ်တယ်။ သူ့အရွက်တွေက ဂျင်းပင်က အရွက်တွေနဲ့တူလို့တဲ့။ တ ကယ်တော့ စားပင်မဟုတ်တဲ့ ပန်းတမျိုးပါ။ အပွင့်တခိုင်နဲ့ အဖူးတခုကို မြေမှာပေါက်နေတဲ့ အပင်အုံထဲက ဖြတ် ယူလိုက်တယ်။ နှစ်ခုကို အခြေက ကြိုးနဲ့တွဲချည်နှောင်ပြီး ပန်းပင်ထိပ်မှာ ငြိမ်အောင် တင်ထားလိုက်တယ်။ ကျ န်တဲ့ နည်းစနစ်တွေကတော့ သပြေပန်းရိုက်တုန်းက အတိုင်းပဲ။
.
ဓာတ်ပုံလာကြည့်သူတွေက လှလိုက်တာ လှလိုက်တာနဲ့ ပြောနေကြတယ်။ ကိုယ်ရိုက်တဲ့ ပန်းပွင့်လေးတွေကို လှလိုက်တာလို့ ချီးမွန်းခန်းဖွင့်နေတဲ့ သူတွေတွေကို ကျေးဇူးတင်ပါတယ်ပဲ ပြောရတယ်။ အများအားဖြင့် ပန်း ကြိုက်တဲ့သူဆိုတာ မိန်းကလေးတွေပါ။ ပွဲကြိုက်ခင် မဟုတ်တဲ့ ပန်းကြိုက်ခင်တွေပါ။ ပန်းကြိုက်ခင်များအတွက် ပန်းတွေ ရိုက်ပြီးရင် အီးမေးလ်နဲ့ ပို့ပေးရတာ ကိုယ့်တာဝန်ပါ။
.

.
ဘုရားစင်ရှေ့က မီးတိုင်လေးပါ။ ကင်မရာနဲ့ပဲ နောက်ခံတွေကို ၀ါးအောင် ချိန်လိုက်တယ်။ အဲဒါက လွယ်ပါတယ် အဓိက ပေါ်လွင်စေချင်တာကို ချိန်လိုက်တယ်။ မှန်ပြောင်းကို အနီးကပ်ဆုံးဆွဲတယ်။ အနီးဆုံးအရာက ပြတ်သား လာတော့ နောက်ခံဘက်ဂရောင်းတွေက ၀ါးလာတယ်။ အထူးသဖြင့် အလင်းမရှိတဲ့နေရာတွေကို နောက်ခံဖြစ် အောင် ရွှေ့ယူရတယ်။ ဒီတော့ နောက်ခံဟာ မပြတ်မသားနဲ့ ၀ါးသွားတယ်။ ကိုယ်လိုချင်လို့ ချိန်ထားတဲ့ အရာ က ပီပြင်လာတယ်။ တည့်မတည့် ချိန်တယ်။ ရိုက်တယ်။ မီးမဖွင့်ပါဘူး။ မလိုအပ်လို့ပါ။
.
ကျနော်က ဓာတ်ပုံဝါသနာရှင်ပါ။ စာအုပ်တွေဖတ်တယ်။ ဓာတ်ပုံဆရာတွေနဲ့ စကားပြောတယ်။ ရိုက်ထားသမျှ လေးတွေကို ၀ါရင့်ဓာတ်ပုံဆရာကြီးများဖြစ်တဲ့ ဦးတင်မောင်အေး၊ ဆန်နီ စသူတွေကို ပြကြည့်တယ်။ သူတို့ရဲ့ထ င်မြင်ချက်တွေကို ယူတယ်။ ဆက်လက်ပြီး ကြိုးစားတယ်။ ပြီးတော့ အမေရိကန် ဓာတ်ပုံဆရာတွေနဲ့ စကားပြော တယ်။ ဒါနဲ့ပဲ အသက်မွေးဝမ်းကြောင်းလုပ်နေတဲ့ သောင်းကျော်တန် သူတို့ကင်မရာကြီးတွေကို ကြည့်ပြီး ကိုယ့် ကင်မရာအိုလေးကို သနားမိတယ်။ ဘာပဲဖြစ်ဖြစ် သူတို့နဲ့စကားပြောပြီး ပညာယူဖြစ်တယ်။ သူတို့ကင်မရာကြီး တွေ ရိုက်ကြည့်စမ်းပါလို့ ပေးကိုင်လာရင် အရာဝတ္ထုအသစ်အစမ်းတွေကို ရလိုက်တဲ့ကလေးဘ၀တုန်းကလိုပဲ စိတ်ဝင်တစား ကြည့်တယ်၊ ရိုက်တယ်။
.
အားတဲ့အခါ ကိုယ့်ကို Yes or No ပြောတတ်သူတွေနဲ့ စကားပြောဖြစ်သလို ကိုယ့်ကို ဘယ်တုန်းကမှ No လို့မ ပြောတတ်သူတွေဖြစ်တဲ့ ပန်းကလေးတွေ၊ သဘာဝပတ်ဝန်းကျင်တွေ၊ ပြီးတော့ သူတို့ရဲ့အရိပ်ဖြစ်တဲ့ ဓာတ်ပုံ လေးတွေနဲ့ ကျနော် စကားပြောဖြစ်တယ်။ စိတ်တည်ကြည်မှုတမျိုးကို ဖြစ်စေလို့ ဓာတ်ပုံများနဲ့စကားပြောခြင်း ဟာ ကိုယ့်အတွက်တော့ အဓိပ္ပါယ်လေးနက်မှု ရှိနေပါတယ်။ ပြီးတော့ ဓာတ်ပုံချစ်သူတွေ လိုလို့သုံးချင်သူတွေ လည်း သုံးလို့ရတာပေါ့ဗျာ။ ဒီဓာတ်ပုံတွေဟာ ကျနော်ဒီနေ့ရိုက်ထားတဲ့ ပုံတွေထဲက တချို့ဖြစ်ပါတယ်။
.
အားလုံးငြိမ်းချမ်းပါစေလို့ ဆန္ဒပြုရင်း ...
.
.
ကိုသက်
.

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP