နှင်းရည်ပေါက်သို့ ငြိမ်းချမ်းပါစေ
“ဒီတပတ်ဟာ နောက်ဆုံးပဲ၊ နောင်ကို ဒီဆိုင်မှာ လာမစားနိုင်တော့ဘူး”
ဆိုင်ထဲမှာ စားနေကျ ဖောက်သည် လူဖြူ အမေရိကန်တဦးက ဆိုင်ရှင်လူငယ်ကို ပြောပြနေတယ်။
“ဘာဖြစ်လို့လဲဗျာ။ ကျနော် ဘာများ ကူညီရမလဲ”
ဆိုင်ရှင်မြန်မာလူငယ်က ပြာပြာသလဲ မေးရှာတယ်။
“ဒီနှစ်ပိုင်း ကျနော့်အလုပ်တွေ ပါးတယ်ဗျာ။ မလုပ်ရသလောက်ပါဘဲ။ တပတ်ကို နှစ်ကြိမ်အနည်းဆုံး ဒီဆိုင်မှာ အားပေး နေကြဖြစ်ပေမဲ့ ၀င်ငွေမရှိတော့ ကျနော် စားနိုင်တော့မယ် မထင်ဘူးဗျာ”
“ခင်ဗျား ဆိုင်က ဂျပန်အစားအစာတွေ ကျနော် နှစ်သက်ပါတယ်။ နှစ်သက်ပေမဲ့ ၀မ်းရေးထက် နေရေးက ခက်သမို့ ကျ နော် လာစားနိုင်ဖို့ အခြေအနေ မပေးတော့ဘူးဗျာ”
ပြောသူနားထိုင်သူ နှစ်ဦးစလုံး ခေတ္တမျှ စကားသံ တိတ်သွားတယ်။ အမူအရာတွေက စိတ်မကောင်းခြင်း၊ ၀မ်းနည်းခြင်း အဖြစ်ကို ဖော်ပြနေတယ်။ သူတို့တွေ ကြည့်ရတာ အတော်လေး ရင်းနှီးပုံရတယ်။ နောက်ထပ် ဘာများတုန့်ပြန်ကြဦးမ လဲလို့ စိတ်ဝင်စားမိတယ်။ စကားသံက ဆိတ်သုဉ်းနေဆဲပါ။ ခဏမှာ ...
“ကျနော်နဲ့ ခင်ဗျားကြားမှာ အစားအသောက်ကိစ္စနဲ့ စကားပြောစရာ မရှိပါဘူး။ ခင်ဗျားဟာ ကျနော့်ရဲ့ မိတ်ဆွေပါ။ ဒီဆိုင် မှာ စားနေကြအတိုင်း အပတ်စဉ် အလကား လာစားပါဗျာ။ ကျနော် ဖိတ်ခေါ်ပါတယ်။”
မြန်မာလူငယ်က ယဉ်ကျေးသိမ်မွေ့စွာ ဖိတ်ခေါ်လိုက်တယ်။ နိမ့်ပါးနေတဲ့ မိတ်ဆွေကို အားပေးတဲ့အနေလည်းရောက်၊ မိတ်ဆွေဝတ္တရား သိတဲ့အနေလည်းရောက်တဲ့ ဖိတ်ခေါ်မှုက သူတို့နှစ်ဦးသားရင်ကို ကြည်နူးစေတယ်။ ကြားရတဲ့ ကျ နော့်ရင်သို့တိုင် ကူးစက်ခဲ့ပါတယ်။
“အလကားတော့လဲ ကျနော် မစားပါရစေနဲ့ဗျာ။ ခင်ဗျားဆိုင်မှာ လိုအပ်တာလေးတွေ တခုခုကို လုပ်အားခအနေနဲ့ ကျ နော် လုပ်ပေးပါရစေလားဗျာ” လို့ အမေရိကန်လူငယ်က ဆိုလာတော့ “မလိုပါဘူးဗျာ။ ရပါတယ်” လို့ မြန်မာလူငယ်က ပြောနေတယ်။ သို့ပေမဲ့ အမေရိကန်လူငယ်က ခေါင်းယမ်းနေတယ်။
နောက်ဆုံးတော့လည်း လာစားဖြစ်တဲ့အကြိမ်တိုင်း ဆိုင်မှာ လိုအပ်တာလေးတွေကို ကူညီဆောင်ရွက်ပေးပါရစေဆိုတဲ့ ညှိနှိုင်းမှုက သူတို့နှစ်ဦးကို အဆင်ပြေသွားစေတယ်။ ဥပမာ မီးလုံးလေးတွေ ပျက်နေတာ၊ ဓာတ်ကြိုးလေးတွေ လွတ် နေတာ၊ ဘုံဘိုင် ရေခေါင်းလေးတွေ ပျက်နေတာ စတဲ့ တိုလီမိုလီလေးတွေကို ပြင်ပေးရင်း သူလာစားတဲ့ အစားအစာဖိုး အတွက် တန်ရာတန်ကြေးကို ပေးဖို့ အစီအစဉ်ဖြစ်ပါတယ်။
လာစားတဲ့ အမေရိကန် လူငယ်ကို မြန်မာလို ရာဖြတ်လို့ ခေါ်ရမယ်ထင်တယ်။ သူ့အလုပ်က ဟောလိဝုဒ်အပါအ၀င် အ နုပညာနဲ့ သက်ဆိုင်တဲ့နေရာတွေက ရှေးဟောင်းအနုပညာပစ္စည်းတွေကို တန်ဖိုးဖြတ်ပေးရတဲ့သူပါ။ ဒီပစ္စည်းဟာ ဘယ် လောက်တန်တယ်ဆိုတာ သူဆုံးဖြတ်ရင် ပြီးပါတယ်။ သူကိုယ်တိုင်လည်းပဲ ဒီပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပွဲစားတဦးလို လုပ်ပါသေးတယ်။ ပျက်နေတာ ပြုပြင်တာတွေလည်း လုပ်ပေးပါတယ်။
အမေရိကနဲ့ တကမ္ဘာလုံး စီးပွားပျက်ကိန်းကြုံချိန်မှာ ဘ၀တွေက ကစဥ့်ကလျားပဲလေ။ အားလုံးလိုလို စားဝတ်နေရေး အတွက် စိတ်ပူနေရတဲ့ အချိန်ပါ။ တချို့ဆို အလုပ်က ခပ်လှုပ်လှုပ်၊ တချို့ခမျာတွေမှာ အလုပ်ပြုတ်သွားရရှာတယ်။ စီပွားရေးခေတ်ပျက်လို့ ပြောလို့ရတဲ့ သည်ကာလမှာ အောက်ခြေလူတန်းစားနဲ့ လူလတ်တန်းစားများ အခြေအနေတွေ ဟာ တောင်မင်းကို မြောက်မင်း မကယ်နိုင်တဲ့ ဘ၀တူတွေပါ။
ဆိုင်ရှင်လူငယ်က ကျနော် စားနေတဲ့ စားပွဲဖက် လျှောက်လာတယ်။ ပျူဌါစွာ နှုတ်ဆက်ရင်း ခုံလွတ်တခုမှာ ထိုင်လာပါ တယ်။ ဘာလိုသေးလဲ အကြည့်နဲ့ စားပွဲပေါ်ကို ခြုံကြည့်နေတယ်။

.
“အခုန ... ခင်ဗျား လုပ်လိုက်တဲ့ မြင်ကွင်းက သိပ်လှတယ်ဗျာ”
ကျနော်က လေးစားတဲ့အကြည့်နဲ့ သူ့ကို ကြည့်ရင်း စကား စလိုက်ပါတယ်။
“ဒီလိုပါပဲဗျာ။ ကိုယ့်မိတ်ဆွေရင်းတွေ အခက်အခဲဖြစ်နေချိန်မှာ တတ်နိုင်တဲ့ဖက်က ကူညီတာပါ။ ဒီလူက ဒီဆိုင်စတင်ပြီး ဖွင့်ကတည်းက အပတ်စဉ် လာစားနေကြပါ။ စီးပွားရေးက မကောင်း၊ အလုပ်က အဆင်မပြေချိန်မှာ မစားနိုင်တော့တဲ့ အကြောင်း ရင်ဖွင့်တော့ ကျနော်အနေနဲ့ မိတ်ဆွေကောင်း ပီသသင့်တယ်။ သူ့ကို ကိုယ်နိုင်တဲ့ဖက်က ကူညီသင့်တယ်။ ဒါကြောင့်မို့ ပိုက်ဆံမပေးနဲ့၊ ပုံမှန်စားနေကြအတိုင်း အလကားလာစားပါလို့ ဖိတ်ခေါ်ရတာပါဗျာ”
ဆိုင်ရှင်မြန်မာလူငယ်ဟာ စီးပွားရေးသမားတဦးဖြစ်သော်လည်း ငွေတခုတည်းကိုသာ ကြည့်နေသူ မဟုတ်ပါ။ အခုလို လုပ်လိုက်ခြင်းဖြင့် သူ့ရင်ထဲမှာ လူသားဆန်သော၊ လူပီသသော စာနာမှု၊ ကြင်နာမှုတွေ အခိုင်အမာရှိနေကြောင်း အ လုပ်နဲ့ သက်သေပြုလိုက်တာဖြစ်ပါတယ်။
“ခင်ဗျားကို ကျုပ်လေးစားတယ်ဗျာ” လို့ စကားဖြင့် ကျနော် ဂုဏ်ပြုလိုက်ပါတယ်။
ဒီဆိုင်လေးနာမည်က Yamakawa တဲ့။ လော့စ်အိန်ဂျလိစ် ဧရိယာမှာ လူချမ်းသာတွေနေတဲ့ရပ်ကွက်လို့ လူပြောများတဲ့ Arcadia မြို့ကမှာ ဖွင့်ထားတာဖြစ်ပါတယ်။ ဆိုင်မှာ စားပွဲထိုးတွေက ကျောင်းလာတက်နေတဲ့ ဂျပန်လူငယ်တွေပါ။ ဆိုင် ရှင်များကိုယ်တိုင်လည်း ဂျပန်စကားကို ကျွမ်းကျင်လှပစွာ ပြောဆိုတတ်သူတွေပါ။
လူသားချင်း စာနာတတ်သူ၊ စိတ်စေတနာကောင်းသူတွေဟာ တနေ့သောအခါမှာ အောင်မြင်မှုကို ဧကန်မုချ ရမှာဖြစ် ကြောင်း ယုံကြည်ပါတယ်။ စီးပွားရေးတွေ တိုးတက်ပါစေ။ လူသားအားလုံးလည်း ဒီအခက်အခဲတောင်ကို အမြန်ကျော် လွှားနိုင်ပါစေလို့ ကျနော် ဆန္ဒပြုလိုက်ပါတယ်။
လူသားအာလုံး သောက ကင်းပျောက်၍ နှင်းရည်ပေါက်သို့ ငြိမ်းချမ်းပါစေ
ကိုသက်

1 comments:
ဆရာကိုသက်လည်း စားနေကျ ဆိုင်တွေမှာ ပုံမှန် စားနေနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ပုံမှန်လည်း စာတွေ ရေးနိုင်ပါစေ။ ဟဲဟဲ အဆင်ပြေရင် စားရုံမက ကျွေးလည်းကျွေးနိုင်ပါစေ...။
Post a Comment