Friday, April 3, 2009

သပြေညို ရွှေဘိုပန်းရယ်နဲ့

.

..
.
သပြေညို
.
.
သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။
.
တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။
.
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။
.
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။
..
.
မင်းသုဝဏ်
အင်္ဂလန် (၁၉၃၈)
.
.
ဒီအချိန်ရောက်ပြီဆို နွေဦးအကြို သပြေညိုတို့ လန်းနေပြီ။ ရာသီမရွေး မနားတမ်း၊ မရပ်တမ်း အမြဲ လန်းဆန်းနေတဲ့ပန်းပါ။ နွေမိုးဆောင်း ရာသီစက်ဝန်း ပြောင်းသော်လည်း အိုမင်းဟောင်းနွမ်းသွား သည်မရှိ ထာဝရလိုပဲ လန်းဆန်းနေတတ်တဲ့ပန်းပါ။ ရာသီလောကဓံတွေနဲ့ ဆုံသော်လည်း သူမမှု၊ ရွက်သစ်ညိုနုနုတွေက အပြောင်းအလဲမရှိ အားသစ်လောင်းနေပြန်တယ်။
.
ဆရာမင်းသုဝဏ် ဒီကဗျာကို ရေးတဲ့အချိန်က ၁၉၃၈ ခုနှစ်၊ အင်္ဂလန်ပြည်မှာဖြစ်ပါတယ်။ ဒီက ဗျာရေးပြီး ၁၀ နှစ်ပြည့်တဲ့အခါ မြန်မာပြည်လွတ်လပ်ရေးရခဲ့တယ်။ ဒီအကြောင်းကို ပြန်ပြောမိတိုင်း အတိတ်ရဲ့တစိတ်တပိုင်းက အရိပ်သမိုင်းလိုလိုနဲ့ လွမ်းဆွတ်ဖို့ကောင်းတယ်။ အဲဒီခေတ်က လူငယ် တိုင်းရဲ့ ရင်ထဲမှာ နယ်ချဲ့ကို တိုက်ထုတ်ဖို့ဆိုတာ အမြဲရှိနေတယ်။ မြန်မာပြည်အ၀ှမ်းမှာ လူငယ်တွေ နည်းမျိုးစုံနဲ့ တိုင်းပြည်ရှေ့ရေးအတွက် တာစူနေကြတဲ့ကာလပါ။
.
ဒီအချိန်မှာပဲ ဒီကဗျာလေးက အချိန်ကိုက်ဖြစ်သွားတယ်။ တတိုင်းပြည်လုံး လွမ်းမိုးသွားခဲ့တယ်။ ဘာမလျှော့လေနဲ့ လာတော့မကွဲ့ ရွှေပဟိုရ် လေချိုက အသွေးတဲ့။ ဘယ်သောအခါမှ ဒူးမထောက် ဘူး၊ လက်မမြှောက်ဘူး၊ ဘယ်သောခါမှ မရပ်နားဘူး၊ ရန်သူကို မနားတမ်း၊ မရပ်တမ်း၊ တွန်းလှန် သွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ရာသီမရွေး ထာဝရလန်းနေတတ်တဲ့ သပြေညိုပန်းနဲ့ ဆရာက တိုင်းပြ ည်ကို၊ ရဟန်းရှင်လူ ပြည်သူအပေါင်းကို တပ်လှန့်လိုက်တာ၊ နှိုးဆော်လိုက်တာပါ။
.
ဒီကဗျာလေးကို စာဖတ်သူတို့ အားလုံးဖတ်ဖူးသလို အလွတ်ရနေမှာပါ။ ဘာကြောင့်လဲ။ ခင်ဗျားတို့ အသွေးထဲမှာ ဗိုလ်ချုပ်တို့ လူငယ်ဘ၀က အင်္ဂလိပ်နဲ့ ဂျပန်ကို တွန်းလှန်တုန်းကလို မတရားမှုကို လက်ပိုက်ကြည့်မနေဘူးဆိုတဲ့ စိတ်ဓာတ်၊ အမှန်တရားအတွက် တိုက်ပွဲဝင်မယ်ဆိုတဲ့ စိတ်ဓာတ်က ဓာတ်ချင်းဆက်နေတယ်။ တူနေတယ်လို့ ကျနော် ပြောချင်ပါတယ်။ ဒါကြောင့် အလွတ်ရနေတာ ဖြစ်ဖို့များပါတယ်။ ခံစားပြီး စဉ်းစားကြည့်တာပါ။
.
ကဗျာကိုချစ်လို့ ရသမြောက်မှုကို ခံစားတတ်တာလဲရှိပါတယ်။ အတွေးအမြင်လှလို့ ကြိုက်ကြတာ လဲရှိမှာပေါ့။ ရည်ရွယ်ချက်ကောင်းလို့ နှစ်ထောင်းအားရ ကျေနပ်ပီတိ ဖြစ်မိတာတွေလဲရှိမှာပါ။ ကျနော့်အတွက်တော့ အားလုံးပါတယ်။ ဒီကဗျာကို ဖတ်ပြီး ကြက်သီးမွေးညင်း ထမိအောင် ဖြစ်ရ တယ်ဗျာ။ သူတို့ခေတ် သူတို့ကာလက ပုံရိပ်တွေလဲ ထင်နေဆဲပဲလေ။
.
ကျနော် ခံစားရသလို ဒီကဗျာအကြောင်းကို အသေးစိတ် ပြောပြသွားသူ ဆရာတင်မိုးလည်းပဲ ခံ စားရကြောင်း ပြောဖူးတယ်။ ကြက်သီးမွေးညင်းထအောင်၊ စိတ်ဓာတ်တက်ကြွအောင် ပေးစွမ်း နိုင်တဲ့ကဗျာဖြစ်ကြောင်း ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောင်းအောက်မေ့ဖွယ် လွမ်းဆွတ် သတိရစွာနဲ့ ပြောသွားတယ်။
.
နှစ်သစ်အကြို အောင်သပြေအကြောင်းကို ကဗျာသုံးပုဒ်နဲ့ စာရေးဖော်ပြဖို့က မူလရည်ရွယ်ချက်ပါ။ အခုတော့ ဒါလေးတွေ ရေးမိပြီ။ ဒီဘလောက်စတုန်းကလည်း ဒီကဗျာ အကြောင်းလေးကို နဲနဲရေး ထားပါသေးတယ်။ လောလောဆယ် ရေးမိတာပဲ တင်လိုက်တော့မယ်။ ကဗျာသုံးပုဒ်က သပြေညို (မင်းသုဝဏ်)၊ သမီးလက်သို့ သပြေခက် (ဆရာတင်မိုး)၊ သပြေညိုစွမ်းအား (ကိုသက်) တို့ဖြစ်ပါ တယ်။ နောက်မှရေး ကြသေးတာပေါ့ဗျာ။
.
သင်္ကြန်ကူးတဲ့ နှစ်သစ်ဦးမှာ လူသစ် စိတ်သစ် အမြင်သစ်တွေနဲ့ အားသစ်လောင်းနိုင်ပါစေဗျား
.
ကိုသက်
.
.

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP