Sunday, April 12, 2009

စေတနာကောင်းတော့ အလုပ်ကောင်း ကံကောင်းပေါ့

.
.

.

“စေတနာကောင်းရင် ကံကောင်းတယ်၊ စေတနာဆိုတာ ကံ” “ကံဆိုတာ အလုပ်” ဒီစကားတွေ ငယ်စဉ်က တည်းက ကိုယ့်ဝန်းကျင်မှာ ကြားနေရတတ်တယ်။ အဓိပ္ပါယ် နက်ရှိုင်းတဲ့ စကားများသာဖြစ်ပါတယ်။ ကျနော် နား လည်လိုက်တာ အလုပ်ကောင်းရင် ကံကောင်းတယ်။ အလုပ်ကောင်းဖို့ရာလဲ စေတနာကောင်းဖို့ လိုသေးတယ်။

ကံဆိုတာလဲ အချောင်မကောင်းတတ်ပေဘူး။ ကိုယ့်လုပ်ခဲ့သမျှ စည်းစနစ်ကျကျ ပြန်အကျိုးပေးတဲ့ သဘော သာဖြစ်တယ်။ ကံနဲ့ အလုပ်၊ ပြီးတော့ စေတနာ၊ အဆင့်ဆင့်ဖြစ်လာတဲ့ အပေါ်မှာ စေတနာက အရေးအကြီးဆုံးနဲ့ မူရင်းပဓာနဖြစ်နေတယ်ဆိုတာ ထင်ရှားလာတယ်။ ကိုယ့်ရင်ထဲမှာ စေတနာကောင်း ဖြစ်ပွားစေဖို့ လိုလာတာပေါ့။

စေတနာရဲ့ သဘောက စေ့ဆော်တိုက်တွန်းမှုပါ။ ကောင်းတာ လုပ်ဖို့၊ မကောင်းတာ လုပ်ဖို့ နှစ်မျိုးစလုံးကို သူ ကပဲ တိုက်တွန်းတာပါ။ စေတနာကောင်း၊ အလုပ်ကောင်းတော့ ကံကောင်းကြီးပွားလာကြတာပဲ။ စေတနာက မ ကောင်းဘူးဆိုရင်တော့ ကံအကျိုးလည်း မကောင်းနိုင်ဘူးလေ။ စေတနာကောင်းက လူတယောက်ကြီးပွားစေဖို့ နုသစ်တဲ့ အညွန့်အဖူးလေးတွေနဲ့ တူတယ်။ သို့အတွက် နုသစ်တဲ့ အညွန့်အဖူးလေးတွေနဲ့ သဘာဝကျကျလှပနေ တဲ့ ဓာတ်ပုံလေးကို စေတနာရောင်ပြန်အဖြစ် ဖော်ပြလိုက်တယ်။

စေတနာရောင်ပြန်ပဲ ပြောပြော၊ စေတနာကောင်းတော့ ကံအကျိုးပေးကောင်းတယ်ပဲ ဆိုဆို၊ အကျိုးပေး ကောင်းသူတဦးအကြောင်းကို ပြောပြချင်ပါသေးတယ်။ မိန်းကလေးနာမည်က Tracy Tan ပဲဆိုပါတော့။ ဒီမိန်းက လေးက စားသောက်ဆိုင်မှာ အလုပ် လုပ်တယ်။ အလုပ်ကြိုးစားတယ်။ သူ့အလုပ်အပေါ်မှာ စည်းကမ်းရှိတယ်။ တာဝန်ယူချင်စိတ် အပြည့်ရှိတယ်။ ပျူငှါသူ ဖော်ရွေသူ စေတနာကောင်းသူအဖြစ် စားသုံးသူတွေက သူ့ကိုခင်မင် လေးစားကြတယ်။ သူအလုပ် လုပ်တဲ့ဆိုင်မှာ လာစားနေကြသူတွေက သူ့ကို မတွေ့ရင် မေးတတ်တယ်။

နေ့စဉ်လိုလို လာရောက် စားသုံးသူတွေထဲမှာ အမေရိကန် လူဖြူ အဖိုးကြီး တဦးလည်းပါတယ်။ ကျောင်းတ ဖက်နဲ့ အလုပ် လုပ်နေသူ ထရေစီက အိုကြီးအိုမနဲ့ လာစားနေကြဖိုးဖိုးကြီးကို သူ့အဖိုးလိုပဲ ကူညီဆောင်ရွက်ပြုစု ပေးပါတယ်။ အသက်ကြီးသူတို့ထုံးစံ အလိုမကျနိုင်တိုင်း တမျိုးပြီးတမျိုး ထပ်တလဲလဲ တောင်းဆိုနေတတ်တဲ့ အ ရာတွေကို အတတ်နိုင်ဆုံးနဲ့ စိတ်ရှည်ရှည် ကူညီပံ့ပိုးပေးတယ်။ ပတ်ဝန်းကျင်က မြင်ကြည့်ရင်တောင် စေတနာ ကောင်းသူ၊ သဘောကောင်းသူပေမို့ အားမနာတမ်းခိုင်းနေတာလို့ ထင်တဲ့လူတောင် ရှိသေးတယ်။

ဒါပေမဲ့ ထရေစီတို့က အပြုံးမပျက် တာဝန်ကျေမြဲကျေလျှက်ပါပဲ။ အလုပ်နဲ့ အိမ်၊ အိမ်နဲ့ စာသင်ကျောင်း မရပ်မ နား ချားရဟတ်လို လည်ပတ်နေရတဲ့ အမေရိကား ရောက်စလူတွေရဲ့ ဘ၀ကွန်ချာထဲမှာ ပုံမှန်လည်ပတ်နေရတဲ့ စက်ရုပ်လူသားလိုအဖြစ်မျိုးပါ။ American Dream က လူစိမ်းဆိုရင် လောကဓံရိုက်ချက် ပိုပြင်းသလိုပဲ။

တရက်မှာ ဒီစားသောက်ဆိုင်သို့ မျက်နှာစိမ်း ရှေ့နေတဦး ရောက်လာတယ်။ သူလာရခြင်းအကြောင်းက ဒီ ဆိုင်မှာ အလုပ် လုပ်နေတဲ့ ထရေစီကို လာရှာတာ။ စာပွဲတွေကို တိုက်ချွတ်ဆေးကြောနေတဲ့ ထရေစီကို တွေ့ပါပြီ။ အင်္ကျီအပေါ်နားမှာ ထရေစီတန်ဆိုတဲ့ စာလေးကြောင့် ထရေစီလားလို့ တိုက်ရိုက်လာမေးခြင်းဖြစ်ပါတယ်။ ပိုသေချာ အောင် အိုင်ဒီကို တောင်းကြည့်တယ်။ ဟုတ်ပါပြီ။ ထရေစီမှ ထရေစီအစစ်ဖြစ်ပါတယ်။

ဒီတော့မှ သူဟာ ရှေ့နေတဦးဖြစ်ကြောင်း၊ ဒီဆိုင်မှာ အမြဲလိုလို ထမင်းလာစားနေတဲ့ အဖိုးတဦးက သူ့သေ တမ်းစာမှာ စားပွဲထိုးအဖြစ် အလုပ် လုပ်နေတဲ့ ထရေစီတန်ကို သူ့ပိုင်ဆိုင်မှုတွေထဲက အိမ်တလုံးပေးခဲ့ကြောင်း၊ စာရွက်စာတန်းကိစ္စတွေ လုပ်ဖို့ သူထိုင်တဲ့ရှေ့နေရုံးသို့ လာဖို့အကြောင်း အကြောင်းကြားလာခြင်းဖြစ်ပါတယ်။

နောက်ဆုံးရလာဘ်ကိုပဲ တိုတိုရှင်းရှင်းဖြတ်ပြောလိုက်မယ်ဗျာ - မြန်မာပြည်က ရောက်လာတဲ့ ထရေစီဟာ မ ထင်မှတ်ပဲ အိမ်တလုံး ရလိုက်တယ်။ အလုပ်တဖက် ကျောင်းတဖက်နဲ့ စားပွဲထိုးမလေးအဖြစ် ရုန်းကန်နေရရှာသူ အဖို့ အိမ်ဆိုတာ လောလောဆယ်အခြေအနေအရ အိပ်မက် မမက်ရဲသေးဘူးလေ။ တိုးတက်နေတဲ့ အမေရိကန် ရေစီးကြောင်းထဲမှာ အလူးအလဲ စုန်ဆန်ကူးနေရသေးတဲ့ ဘ၀မဟုတ်လား။

လူကြီးမိဘတွေ အပေါ်ရိုသေတတ်ခြင်း၊ ကိုယ့်အဖိုးအရွယ်ကို ကိုယ့်ဖိုးဖိုးလို သဘောထားနိုင်ခြင်း၊ မျှော်လင့် ချက် ကင်းကင်းနဲ့ ကူညီဆောင်ရွက်ပေးခြင်း၊ စေတနာ၊ မေတ္တာ၊ ကရုဏာတရားတွေနဲ့ အလုပ် လုပ်ခြင်း စတဲ့အ ကျိုးတွေက ပေးပြီမို့ အိမ်တလုံး ရလိုက်တယ်။ စေတနာကောင်းတော့ ကံအကျိုးပေးကောင်းတာ လက်တွေ့ဖြစ်ပါ တယ်။ အလားတူ အိမ်ရလိုက်တဲ့ဖြစ်ရပ်တွေ ကျနော်တို့ လော့စ်အိန်ဂျလိစ်မှာ တယောက်ရှိပါသေးတယ်။ မင်္ဂလာ ရှိလိုက်တာများဗျာ။ အားကျစရာ မုဒိတာပွားစရာဖြစ်တဲ့ မင်္ဂလာရှိသော သတင်းလေးတွေပါ။

“စေတနာကောင်းရင် ကံကောင်းတယ်၊ စေတနာဆိုတာ ကံ” “ကံဆိုတာ အလုပ်” တဲ့။

အားလုံးပဲ စေတနာကောင်း၊ အလုပ်ကောင်းပြီး၊ ကံကောင်းနိုင်ကြပါစေလို့ ဆန္ဒြ့ပုရင်း ...


ကိုသက်

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP