Friday, January 11, 2008

မသေမီမှာ လုပ်ဆောင်ဖို့ “ သင် သေသွားသော် ”

.

.

သြော် . . . လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
.
သို့တပြီကား၊ သင် သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
.
သင်၏မျိုးသား၊ စာ စကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
.
သင် ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း။
.
ဆရာဇော်ဂျီ
.
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၃၅-ခုနှစ်၊ ဒီဇင်ဘာလတွင် အိုးဝေးမဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၁ မှာ ဒီကဗျာလေးကို ဖော်ပြခဲ့ပါတယ်။ အဓိပ္ပါယ်အလွန်ပြည့်ဝတဲ့ ကဗျာတပုဒ်ဖြစ်သလို ဘ၀အတွက် လေးနက်တဲ့အတွေးအမြင်တွေရအောင် ဒီကဗျာက လမ်းပြထားပါတယ်။
.
သံသရာစက်ဝန်းထဲက ဘ၀ဆိုတာ အိုနာသေ တရားတွေနဲ့ လူတိုင်း သတ္တ၀ါတိုင်း ရင်ဆိုင်နေရတာ ဖြစ်လို့ အထူးအဆန်း မဟုတ်တဲ့ သဘာဝသစ္စာတရား တခုပါတဲ့။ ဒီအဖြစ်သနစ်တွေ ဖြစ်တည်နေ တဲ့သဘာဝကပင် လောကတခုရဲ့ နိယာမ သဘောတရားပါပဲ . . . ။
.
သို့မို့ကြောင့်ပဲ လူသားတဦးကွယ်လွန်သွားပြီးတဲ့နောက်မှာ လူ့ဘ၀တန်ဖိုးများအဖြစ် တကယ်ပဲကျန် ကောင်းသင့်တဲ့အရာတွေ များစွာရှိနေတယ်။ ကျန်ကောင်းသင့်တဲ့ အရာတွေထဲမှာ ကိုယ့်ကိုမွေးဖွား ပေးရာ တိုင်းပြည်ဟာ အခြေမဲ့အနေမဲ့ မဖြစ်စေဘဲ တိုးတက်အောင်မြင်တဲ့ အနေအထားတွေနဲ့သာ ကျန်ကောင်းသင့်ကြောင်း ဆရာဇော်ဂျီက ကဗျာဒုတိယစာပိုဒ်နဲ့ ဖွင့်ဆိုထားတယ်။
.
ဒါ့အပြင် အမျိုးသားရေး၊ စာပေနဲ့ ယဉ်ကျေးမှုအမွေတွေလဲ ကြီးပွားတက်မြင့်ဖို့ လိုတဲ့အကြောင်းကို မီးမောင်းထိုးပြထားတယ်။ တိုင်းရေးပြည်ရေး၊ အမျိုးသားရေးစိတ်ဓာတ်ဟာ အဲဒီတိုင်းပြည်မှာ မွေး ဖွားခဲ့သူအားလုံးမှာ ရှိသင့်တဲ့အရာပါ။ ထို့အတူ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာလည်း တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေတဲ့ မရှိမဖြစ်လိုအပ်တဲ့ အမွေအနှစ်တွေဖြစ်လို့ အဆင့်အ တန်းမြင့်မြင့် ကြီးပွားတက်မြင့်၍ ကျန်ကောင်းသင့်တဲ့ အရာပါ။
.
လူမှုရေး၊ တိုင်းရေးပြည်ရေးတွေအပြင် ဘ၀မှ ထွက်မြောက်ဖို့ လွတ်ငြိမ်းစေဖို့ရာ ဘာသာသာသနာ ဆိုတဲ့ကွန်းခိုရာ . . . ဒါလည်းရှိသင့်တယ်တဲ့။ အမြဲရှိခိုး ဦးချရာ စေတီသာ၊ ကုသိုလ်အမျှ ပေးဝေငှ တဲ့နေရာနဲ့ ဘာသာရောင် သာသနာရောင် ထွန်းလင်းပြောင်လို့ ဘာဝနာသဘောကို ကျင့်ဆောင် ရင်း သစ္စာအရောင် ဥာဏ်တန်ဆောင်အလင်းတွေ ပြောင်ဝင်းနိုင်ဖို့လိုကြောင်းလည်း ဆိုထားတယ်။
.
တန်ဖိုးရှိတဲ့လူသားတဦး သေသွားသော် သင့်ရဲ့စွမ်းအားတွေနဲ့ ကိုယ့်အမျိုးဘာသာ၊ သာသနာ၊ စာ ပေ၊ ယဉ်ကျေးမှုနဲ့ မိခင်တိုင်းပြည် စသည်တွေ တိုးတက်အောင်မြင်၍ အခိုင်အမာ တည်ရစ်နေစေ သင့်ကြောင်း ရင်ထဲက စေတနာနဲ့ မျိုးဆက်သစ်တွေကို တိုက်တွန်းထားတာဖြစ်ပါကြောင်း . . .

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP