Wednesday, January 9, 2008

အညာလမ်းက ဆရာဂျမ်း

ဆရာဂျမ်း (ဆရာတင်မိုး) တနှစ်ပတ်လည်အမှတ်တရ

.
တန်ခူးလေ တမာရနံ့နဲ့
သင်းပျံ့နေတဲ့ အညာမြေ
တမာတွေနဲ့ ဝေနေတယ်။
.
ဖုံလုံးတွေ တဖွေးဖွေး
လှည်းလေးပေါ်မှာ တေးဆို
နေညိုညို ညနေချမ်း
လွမ်းစရာ့ အညာလမ်း။
.
လက်ယက်တွင်းမှာ ရေခပ်
အညာရပ်ရဲ့ မြန်မာ့ဓလေ့
တသက်မမေ့တဲ့ အလှတရား
ကျေးလက် ပန်းချီကား။
.
အဝေးမှာ ပဲ့တင်ထပ်
ဆန်ဖွပ်တဲ့ မောင်းနင်းသံ
စည်းဝါးမှန်မှန် ဆိုတီးက
မရိုးနိုင်တဲ့ တေးဂီတ။
.
ထန်းရွက်အိမ် ထန်းပင်တော
လွမ်းမောဖွယ် သည်မြိုင်ဦးက
ရသာထူးတဲ့ ပင်ကျရည်
ဘကြီးဖြိုးရဲ့ အကြိုက်ပေ။
.
လင်းကြက်ငယ် တွန်ကျူး
ရွာဦးက ကုလားတက်
ဆွမ်းခံထွက်ဖို့ အချက်ပေး
ဆွမ်းတော်ဗျို့ ဆွမ်းတော်ဗျို့လေး။
.
သာအေးတို့ ကလေးတသိုက်
ဆွမ်းခံလိုက်ရင်း ချော်လဲ
သပိတ်တိုကွဲ ဒူးလဲပြဲ
လွင့်စင်သွားတဲ့ ဆွမ်းတော်ပွဲ။
.
ဦးရွှေရိုးနဲ့ ဒိုးပတ်ဝိုင်း
လူတိုင်းက နှစ်ခြိုက်
ခုန်လိုက် ကလိုက် အမူပိုချွဲ
ဝါကျွတ် ကထိန်ပွဲ။
.
အညာလမ်းက တမာတန်း
ဆရာဂျမ်း အမှတ်တရများစွာ
လရာသီတွေ ပြောင်းလို့ရွှေ့
ဆရာဂျမ်းကို တို့မမေ့
တမာတန်းနဲ့ အညာဓလေ့။
.
ကိုသက်
.
မှတ်ချက်။ ။ ဖော်ပြပါ ဓာတ်ပုံကို သုံးစွဲလိုသူများသည် မူရင်း ဓာတ်ပုံပိုင်ရှင်ဖြစ်တဲ့ ဆရာ ကိုထင်လင်း (Golden Arrow) ထံတွင် ခွင့်ပြုချက်ယူပြီးမှ သုံးစွဲသင့်ပါကြောင်း အသိပေးဖော် ပြအပ်ပါသည်။ Copy Right ကို အလေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား။

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP