Wednesday, January 23, 2008

ကရောင်တော့ ကရောင်ပဲ



ထူးခြားတဲ့ပုဂ္ဂိုလ်တိုင်းမှာ ထူးခြားချက်လေးတွေ ရှိနေတတ်တယ်။ ခင်မင်ရင်းနှီးပြီး နေ့စဉ်နဲ့အမျှ အတူသွား အတူလာ နေထိုင်ခဲ့တဲ့ ဆရာတင်မိုးမှာလဲ ထူးခြားမှုတွေ များစွာပါပဲ။ မမေ့နိုင်တဲ့ အ မှတ်တရတွေ ကိုလည်း ယနေ့တိုင် သတိရနေဆဲပါ။

ဆရာက သူများအပြစ်ကို မမြင်တတ်ပါ။ ဆရာနဲ့ အတူရှိနေစဉ်ကာလတွေမှာ တဖက်သားကို နစ်နစ်နာနာ အပြစ်အနာအဆာ ပြောတာ မကြားခဲ့ဘူးပါ။ လူသားတွေကို အပြုသဘောဘက်က မြင်ပေးတတ်လို့ လဲ ဆရာ့မျက်နှာဟာ အမြဲပြုံးနေတတ်တယ်။ သောကအရိပ် မောဟအရိပ်တွေ မမြင်ရပါ။

ဒါကို သက်သေပြုသွားတာက ဆရာရေးတဲ့ ကဗျာတွေပါ။ နှလုံးသားလှတော့လဲ ဆရာ့စာတွေက လှနေ တယ်။ ထင်ရှားတဲ့ ကဗျာလေးတပုဒ်ဖြစ်တဲ့ “အလှကိုယ်စီ”ကို ဖတ်ကြည့်ပါ။ လူသား ကမ္ဘာရဲ့အလှတရားကို လောကသစ္စာမျာွးနဲ့ ပုံပမာပြုကာ ရိုးရိုးရှင်းရှင်းလေး ဖော်ပြထားတယ်။

မန္တလေးတက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသားအဖြစ် ကျောင်းတက်စဉ် “နေပြည်တော်” အ မည်ရှိ
တဲ့ အပြင်ကျောင်းမှာ ကျောင်းဆရာလေးအဖြစ် ဆရာတင်မိုး ဆောင်ရွက်ပေးတယ်။ တရက်မှာ ဆေးတက္ကသိုလ် တက်နေတဲ့ ဆရာ့တပည့် အခြားဘာသာဝင်တဦးက လက်ဆောင်ပစ္စည်းတွေနဲ့ ဆရာထံ အလည်လာတယ်။ ဆရာ့ကို ကန်တော့တယ်။ ဆရာက ဆုတွေပေးလို့ပေါ့။

နောက်ပိုင်းမှာ ဆရာဝန်ဖြစ်သွားတဲ့ ဒီလူငယ်က ဆရာ့ကို ပြောလာတယ်။

“ ကျနော် (၁၀)တန်းတုန်းက ဆရာသင်တဲ့ မြန်မာစာအတန်းကို တက်ခဲ့ပါတယ်ဆရာ။ စာသင် ပေးနေ တဲ့ ဆရာ့မျက်နှာကို ကျနော် အကဲခတ်မိတယ်။ ဆရာ့မျက်နှာဟာ အမြဲတမ်း ကြည်လင် အေးချမ်းနေပါ တယ်။ ဒါဟာ ဆရာကိုးကွယ်တဲ့ ဗုဒ္ဓဘာသာရဲ့ အစွမ်းကြောင့်လို့ ကျနော် ယုံကြည် ခဲ့တယ်။”

“ဆရာ့လို ငြိမ်းချမ်းလိုတဲ့ ကျနော်ဟာ အဲသည်ကစလို့ ဗုဒ္ဓဘာသာကို လေ့လာခဲ့တယ်။ ၀ိပဿနာ တရားတော်တွေကို ကိုယ်တွေ့ ကျနော် ပွားများတယ်။ အခုတော့ ကျနော်ဟာ ဗုဒ္ဓဘာသာဝင် တဦး ဖြစ်ခဲ့ပါ ပြီဆရာ။ ဒီအကြောင်းလေး ပြောပြချင်လို့ ပြီးတော့ ဆရာ့ကို ကျနော် ကျေးဇူးဆပ်ချင်လို့ လာကန်တော့ တာပါ ဆရာ” တဲ့။ ၀မ်းသာလွန်းလို့ လူငယ်က မျက်ရည်တွေ စို့လို့တဲ့။

အပြစ်မမြင်တော့လဲ မေတ္တာအမျှင်တန်းတွေနဲ့ ဆရာဟာ ထာဝရငြိမ်းချမ်းနေသူတဦးပါ။

ဆရာ့ရဲ့ ထူးခြားမှုနောက်တခုက စာပေနယ်၊ နိုင်ငံရေးနယ်၊ ပညာရေးနယ်မှာ ခေတ်အဆက်ဆက် တွေ ကို ကျော်ဖြတ်ပြီး ခေတ်တိုင်းမှာ နာမည်တလုံးနဲ့ ထင်ရှားသူတဦးအဖြစ် တသက်လုံးရပ်တည် ခဲ့တဲ့ဆရာ တင်မိုးဟာ ကိန်းကြီးခန်းကြီး မနိုင်တတ်ပါ။

မြန်မာနိုင်ငံမှာ နေတုန်းကလည်း ဆရာ့ကို ဘယ်ကပဲ စာပေဟောပြောပွဲ ဖိတ် ဖိတ်ပါ။ ဆရာက လက်ခံပြီးပြီဆိုရင် အဲဒီနေရာကို အရောက်သွားတတ်တယ်။ လှေ၊ လှည်း၊ သင်္ဘော၊ ကား စတဲ့ လမ်းကြောင်း သင့်သလို သွားပါတယ်။ ယုတ်စွအဆုံး ကုန်းကြောင်းလျှောက်ရတဲ့အခါတွေမှာလည်း မငြီးမငြူတတ်ဘဲ အဆင်အပြေဆုံးဖြစ်အောင် လူတဖက်သားအပေါ်မှာ အားနာစွာနဲ့ ဆောင်ရွက် ပေးတတ်ပါတယ်။ အခုနိုင်ငံခြားမှာ ဆရာ့ဘ၀ ကျဉ်လည်ရတော့လည်း ဆရာဟာ အဆင်ပြေ အောင် နေတတ်ပါတယ်။ ဆရာ့ကို စာပေဟောပြောပွဲ ဖိတ်ကြတဲ့လူငယ်တွေဟာ စိတ်ဓာတ်နဲ့တိုင်း ပြည်အတွက် ဆောင်ရွက်နေကြသူ လေးတွေဖြစ်လို့ ပြည့်စုံကြတယ်ကို မရှိလှပါဘူး။

သူတို့လေးတွေက ဖိတ်တဲ့အခါ ဆရာက ၀မ်းမြောက်ဝမ်းသာ သွားပါတယ်။ ရောက်တဲ့ဒေသမှာ ဆုံ တွေ့ သူတွေဘ၀နဲ့ တသားတည်းဖြစ်အောင် နေတတ်ပါတယ်။ ကိန်းကြီးခန်းကြီးနိုင်ပြီး ဘယ်အ စားအစာမျိုး တွေကို စားရမှ၊ ဘယ်လိုမျိုး ဟိုတယ်မှာ တည်းခိုရမှ၊ ပိုက်ဆံအသပြာ ဘယ်လောက် ရမှဆိုတဲ့ လောဘ အစွန်းထွက်တဲ့ လေသံမျိုးကို ဆရာ့နှုတ်က တခါဖူးမျှ မထွက်ခဲ့ဘူးပါ။

လောစ့်အိန်ဂျလိစ်မှာဆို ဆရာက ဘုန်းကြီးကျောင်းမှာ အများအားဖြင့် ရှိနေတတ်တယ်။ ကျောင်း မှာလဲ ဦးဇင်း ကျွေးသမျှနဲ့ ဆရာက ရောင့်ရဲတင်းတိမ် တတ်ပါတယ်။ လဘက်ရည် အကြမ်းအချို နှစ်မျိုးစလုံးပဲ ဆရာ နှစ်သက်တယ်။ ကိုယ်တိုင်လဲ မလုပ်တတ်သူဆိုတော့ ဦးဇင်းလက်ရာဖြစ်တဲ့ လ ဘက်ရည်ကို “ဆ ရာရေ ... ဒါက ကျောက်ပတောင်းဗျ”လို့ အမွန်းတင်ပြီးတိုက်လည်း သောက် လိုက်တာပဲ။ တခါတရံမှာ လက်ရာမကောင်းလည်း ဆရာက ဂျီးမများပါဘူး၊ နှစ်နှစ်ခြိုက်ခြိုက် သောက်တတ်တယ်။

အနားယူတဲ့အခါမှာလဲ ဆရာက အဆင်ပြေသလို အိပ်တတ်လေတော့ တာဝန်မကြီးဘူး။ ဦးဇင်း နေ တဲ့ ကျောင်းမှာဆို ဆရာ့အတွက် အိပ်ဖို့အခန်း သီးသန့်သတ်မှတ်မထားဘူး။ ကုတင်ကြီးတွေ သား သားနားနား ခင်းထားစရာမလိုပါဘူး။ ဆရာက ကြိုက်တဲ့အခန်းမှာ ၀င်နားတာပဲ။ ဆရာ့ရဲ့ ကိန်းကြီး ခန်းကြီး မနိုင်မှုဟာ တဖက်သားကို ကူညီရာရောက်တယ်။ လေးစားစရာ ကောင်းပါတယ်။

ပညတ်နဲ့ ပရမတ်ကို ခွဲတဲ့ ဆရာ့ရဲ့ ထူးခြားမှုလေးတွေ ရှိသေးတယ်။

ဦးဇင်းက ကွန်ပျုတာနဲ့ စာရိုက်နေရင် ဆရာက အနားမှာ ရှိနေတတ်တယ်။ စာဖတ်တဲ့အခါ ဖတ်ပြီး ဂီတ နက်သံ ကိုစောညိမ်းရဲ့ သစ္စာသီချင်းကို ဆိုချင်တဲ့အခါလည်း ဆိုနေတတ်တယ်။ အသံ မကြား တော့လို့ ဆရာ့ကို လှည့်ကြည့်လိုက်ရင် ဆရာက အနားက ကုတင်ပေါ်မှာ အိပ်မောကျနေပြီ။

ဆရာ တရေးနိုးလို့ စချင်တာနဲ့ ဆရာ့ကို လှမ်းစလိုက်တယ်။ “ဆရာ ... အဲဒီကုတင်က ဆရာတော် ကြီး ဦးသီလာနန္ဒာဘိဝံသနဲ့ ချမ်းမြေ့ဆရာတော် ကျိန်းစက်တဲ့ ကုတင်ဗျ”လို့ နောက်ရင် ဆရာက ဘာမျှကို မတုန့်ပြန်ဘူး။ ခဏအကြာမှာ အဲသည်အခန်းထဲက ကုဋီမှာပဲ ဆရာအပေါ့အလေး သွား တတ်ပါတယ်။ အသက်ကြီးလာတဲ့ လူကြီးတွေဆိုတော့ ဒီလိုပဲ နီးရာမှာ လွယ်လွယ်ကူကူ သွား တတ်ကြပါတယ်။

ဆရာကြီး အဲသည် ကုဋီကလည်း ဆရာတော်ကြီးတွေအတွက်နော်လို့ ဦးဇင်းက ဆရာ့ကို နောက် တော့ “ဒီဦးဇင်းနယ်ဗျာ . . . ပညတ်နဲ့ ပရမတ်ကို မကွဲဘူး။ အဲဒါ ပညတ်တွေ”လို့ ပြောပြီး ဦးဇင်းကို စိတ်တိုပါလေရော။ ဆရာတင်မိုးဟာ အလွန်ပဲ ခင်မင်လေးစားစရာကောင်းတဲ့ ပညာရှင်ကြီးတဦးပါ။

ဆရာနဲ့ ခင်သူတိုင်းက ဆရာ့ကို လေးစားကြည်ညိုကြတယ်။ မိဖလို ဆရာလို တရိုတသေ အလေး ပေး၍ ဆက်ဆံကြတယ်။ ဆရာ့မှာလဲ လေးစားထိုက်တဲ့ဂုဏ်တွေက အပြည့်ပါ။

ဆရာရဲ့ ထူးခြားမှုဂုဏ်တွေ မျာစွာရှိသလို ဆရာနဲ့ပတ်သက်တဲ့ အမှတ်တရတွေလည်း များစွာပါ။ တနေ့ မှာ ဆရာနဲ့အတူ ဘုန်းကြီးကျောင်းအနောက်က စားပွဲဘေးက ကုလားထိုင်မှာ ထိုင်၍ စာ ဖတ်နေကြရင်း နိုင်ငံခြားက ထုတ်တဲ့စာစောင်ထဲမှာ ဆရာ့အကြောင်းကို ရေးထားတာ ပါလာလို့ ပြ မိတယ်။

ရေးသူက ဆရာ့မိတ်ဆွေတွေနဲ့ ဆရာ့ တပည့်လေးတွေပါ။ သူတို့တွေက ဆရာ ဆေးလိပ်ကြိုက်ပုံ၊ ဂီတကို နှစ်သက်ပုံ၊ အိပ်ငိုက်တတ်ပုံလေးတွေကို ဖော်ပြရင်းနဲ့ ဆရာ့ရဲ့ စရိုက်လေးတွေကို ဝေဖန်ပြ ထားပါတ ယ်။ သူတို့တွေ ဝေဖန်တာ သိပ်မမှန်တဲ့အကြောင်း ဆရာက အဖြေထုတ်လာပါတယ်။

“ ဦးဇင်းကကော ဘယ်လိုဝေဖန်ချင်သေးလဲ”တဲ့ ဆရာတင်မိုးက မေးလာတယ်။

“ကိုနေ၀င်းအောင် ဆရာ့ကို ဝေဖန်သလိုဘဲပေါ့ ဆရာကြီးရာ”လို့ ပြောပြလိုက်တယ်။

“လုပ်ပါဦး၊ နေ၀င်းအောင်က တပည့်တော်ကို ဘယ်လိုဝေဖန်လို့လဲ”တဲ့ ဆရာက စကားစပေးတယ်။

“ဆရာက ကရောင်(ကြောင်)တော့ ကရောင်ပဲ၊ ဘာကရောင်လဲတာ မသိတာ”ဆိုတဲ့ ရခိုင်ပုံပြင်လို ပဲတဲ့။

ရခိုင်ညီနောင်နှစ်ဦး တောစပ်က ချောင်းထဲမှာ ပိုက်ထောင်ထားတယ်။ ပိုက်ကို ဖော်တဲ့အခါ အထဲ မှာ ငါးတွေအပြင် ကြောင်သေတကောင်ကိုပါ မိလေတော့ ညီလုပ်သူက အစ်ကို့ထံ လှမ်းပြော တယ်။

“အစ်ကိုရေ ... ကရောင် တကောင် ပိုက်ထဲမှာ မိထားတယ်ဗျ။ ကုန်းကရောင်လို့ ပြောရအောင်က လဲ ရေထဲမှာ မိတာဖြစ်လို့ မဖြစ်နိုင်ဘူး၊ ရေ ကရောင်လို့ပြောရအောင်ကလဲ အမြီးနဲ့ အမွှေးတွေ နဲ့ဖြစ်လို့ မှန် မှာမဟုတ်ဘူး။ ကရောင်တော့ ကရောင်ပဲဗျ၊ ဘာ ကရောင်လဲတာ မသိတာ”တဲ့။

“သံတချောင်း မရိုက်တတ်၊ နှီးတပင် ဖြောင့်အောင် မချည်တတ်လို့ ဆရာကြီးကို တောသားလို့ ခေါ် ရအောင်ကလဲအခက်၊ မြို့သားလို့ပြောရအောင်ကလဲ ဆရာက မြို့သားတွေလို လည်လည်ဝယ်ဝယ် မရှိဘူးဆရာ၊ ဒါကြောင့် ဆရာ့ကို ဝေဖန်ဖို့က ခက်တယ်၊ ကရောင်တော့ ကရောင်ပဲ ဘာကရောင် လဲသာ မသိတာဆိုတဲ့ ဆရာ့သားတပည့် ကိုနေ၀င်းအောင် ပြောတဲ့ ရခိုင်ပုံပြင်လိုပါပဲ”လို့ ရှင်းပြ လိုက်တယ်။

“နေ၀င်းအောင် ဝေဖန်တာ တပည့်တော်နဲ့အနီးစပ်ဆုံးပဲ”တဲ့ ဆရာတင်မိုးက ပြောလာပါတယ်။

တရက်မှာ မိုးမခ ကိုမောင်ရစ်က ဆရာသောက်တဲ့ ဖက်ကြမ်းဆေးလိပ်တွေ ယူသွားတယ်။ ယူရင်း နဲ့ပဲ ချိုသင်းကို ပြောလိုက်သေးတယ်။

“ဆရာ ဆေးလိပ်တကယ်ပြတ်ရင် အမှတ်တရအဖြစ် ဒီဆေးလိပ်တွေကို ကျနော် သိမ်းထားမယ်။ အကယ်၍ မပြတ်ဘူးဆိုရင် ကျနော် သောက်ပြစ်လိုက်မယ်”တဲ့။
ကကက

ဆရာတင်မိုးကို တကယ်ဆေးလိပ်ပြတ်စေချင်တဲ့ ကိုမောင်ရစ်၊ အခုတော့ သူတကယ် ဆေးလိပ် ပြတ်ခဲ့ ပါပြီ။ သွားလေသူကြီး ဆရာကသာ ဆေးလိပ်မပြတ်တာ။ ဆေးလိပ်က သူရဲ့ငယ်ကျွမ်းဆွေ ဖြစ်ကြောင်း၊ ဆေးလိပ်ရှိနေလို့ ဘ၀ဟာ အထီးမကျန်တာဖြစ်ကြောင်း ဆရာက တခါတခါ ရှင်းပြ တတ်သေးတယ်။

ဆရာလည်း ကြိုးစားပြီး ဆေးလိပ်ဖြတ်ရှာပါတယ်။ အကြိမ်ကြိမ်ဖြတ်သော်လဲ မပြတ်ဘူး။ ဆရာနဲ့ ဆုံလို့ ဆရာဦးဝင်းဖေ (ဒါရိုက်တာ)ကလည်း ဒီအကြောင်း ဆွေးနွေးဖူးသေးတယ်။ “ကျနော်လဲ ဆေးလိပ်ကို တော်တော်ဖြတ်ယူရတယ် ကိုဘဂျမ်း၊ နို့မဟုတ်ရင် ခရီးသွားလို့ လေယာဉ်ပေါ်က ဆင်းတာနဲ့ ဆေးလိပ် သောက်ခွင့်ပေးထားတဲ့နေရာကို အပြေးအလွှား ရှာရတာကလားဗျာ”တဲ့။

“အဖေ ... ဆေးလိပ်သောက်တာနဲ့ Double Doses ဖြစ်ပြီ”လို့ ပြောရင်း ဆရာတင်မိုး ဆေးလိပ် ဖြတ်လို့ လွယ်ကူအဆင်ပြေအောင် သမီးဖြစ်သူ ချိုသင်းက ဖခင်ရဲ့လက်မောင်းမှာ ဆရာဝန်ပေး လိုက်တဲ့ အ၀တ်စလေးကို ကြင်ကြင်နာနာ ပတ်ပေးနေတယ်။

ဦးဇင်းက နားမလည်လို့ မေးကြည့်ရာ ဒီအ၀တ်စလေးပတ်လိုက်ရင် ဆေးလိပ်သောက်ချင်စိတ်ပြေ တဲ့အကြောင်းနဲ့ ဆေးလိပ်အစားထိုး ဆေးပညာက ထွင်ထားတဲ့ ဆေးလိပ်ဖြတ်သူများအတွက် ကု သနည်း တမျိုးဖြစ်ကြောင်းကို ချိုသင်းက ရှင်းပြပါတယ်။

ခေါင်းဖြီးခြင်း၊ အ၀တ်လဲခြင်း၊ ဆေးတိုက်ခြင်းစတဲ့ ဖခင်အတွက် နေ့တဓူဝ ၀တ္တရားလေးတွေကို ချို သင်းက လုပ်ပေးလိုက်လို့ သားသားနားနား ဖြစ်သွားတဲ့အခါ ဆရာက စဲုဖုန်း၊ ပိုက်ဆံအိတ်၊ ကဗျာ ရေးရန် စာ အုပ်၊ ဖတ်စရာမဂ္ဂဇင်း စတာတွေထည့်ကာ သူ့လွယ်အိတ်ကြီးကို လွယ်လိုက်ပြီး ဦးဇင်းနဲ့ အတူ ဘုန်းကြီး ကျောင်းလိုက်ဖို့ ကားပေါ်တက်တယ်။

ဘုန်းကြီးကျောင်းကို ရောက်တော့ ၀ှက်ထားတဲ့ဆေးလိပ်ဘူးကို သွားယူကာ ဆေးလိပ် ဖြတ်နေတဲ့ ဆရ မာဘိုရိုဆေးလိပ်ကို စတင်သောက်ပါတော့တယ်။ အံ့သြလို့ ဆရာ့ကို မေးမိတယ်။

“ဆရာကြီ ... အခုန ချိုသင်း ပြောလိုက်တယ်၊ နီိကိုတင်းပါတဲ့ အဲဒီအ၀တ်စ ပတ်ထားပြီး ဆေးလိပ် ကို ထပ်သောက်ရင် Double Doses ဖြစ်တယ်ဆို၊ ဆရာအန္တရာယ်ဖြစ်နေလိမ့်မယ်လေ”ဆိုတော့ . . .

“အလကားပြောတာ၊ ကနေဒါရောက်တုန်းက ဒေါက်တာခင်စောဝင်းက တပည့်တော်ကို ဒီလိုပဲပတ် ပေးတယ်၊ အနားမှာ သူတို့မရှိတဲ့အချိန်မှာ ဆေးလိပ်သောက်တာပဲ၊ ဘာမှမဖြစ်ဘူး”တဲ့။

သြော် . . . ဟုတ်မှာပါ။ သက်ကြီးစကား သက်ငယ်ကြားမို့ ဆရာက လက်တွေ့သောက်ခဲ့တာဖြစ်လို့ မ ဟုတ်ဘဲတော့ ပြောမယ် မထင်မိဘူးလေ။ အပြင်ထွက်တဲ့အခါ၊ ဘုန်းကျောင်းရောက်တဲ့အခါ ဆ ရာက ဆေးလိပ်သောက်တယ်။ အိမ်မှာတော့ မသောက်တော့ဘူး။ သမီးလေး စိတ်ချမ်းသာအောင် လို့ ထင်ပါ တယ်။ ဒီလိုနဲ့ပဲ တပိုင်းချောင် ဆရာ့ဆေးလိပ်ဖြတ်နည်းက အဆင်ပြေနေတယ်။

ဒီနည်းနဲ့ ဆရာဆေးလိပ်သောက်တာ မိုးချိုသင်း မသိဘူးလို့ ဆရာက ယူဆထားတယ်။ ဦးဇင်းကို လည်း ပိတ်ထားတယ်။ စကားစပ်မိတဲ့တနေ့မှာ မိုးချိုသင်းက ဆရာဆေးလိပ်သောက်နေတာ သိတဲ့ အကြောင်းနဲ့ ဖခင်ကို သနားလွန်းလို့ မပြောရက်တော့တာဖြစ်ကြောင်း ဆိုလာတယ်။ အဖေကို ချစ် တဲ့ သမီးနဲ့သား မက်ရဲ့မေတ္တာကို မျက်စိအောက်မှာ လေးစားစရာ မြင်တွေ့ရပါတယ်။ ဆေးလိပ်ကို နောက်ဆုံးအချိန်ထိ စွဲစွဲလန်းလန်း သောက်သွားတဲ့ဖခင်ရဲ့ အခေါင်းထဲကို ထည့်ပေးလိုက်ဖို့ ချိုသင်း က စီစဉ်တော့ ဆရာတင် မိုးရဲ့ သားတပည့် နောက်တဦးဖြစ်သူ ကိုမိုးက ၀င်တားရှာတယ်။

“ဆရာ့ကို ဒုက္ခပေးတဲ့ ဒီဆေးလိပ်ကို နောင်ဘ၀တွေအထိ ထည့်မပေးလိုက်ပါနဲ့တော့ဗျာ” တဲ့။

ဦးဇင်းအမြင်မှာတော့ ဆုံးသွားခဲ့ပြီမို့ ဆရာကြီးရဲ့ နောက်ဆုံးခရီးမှာ ဆရာချစ်တဲ့ ဒီဆေးလိပ်ကို ထည့် ဖြစ်အောင်ကို ထည့်ပေးလိုက်ချင်တာပါ။ အရက်ကြိုက်တဲ့ ဆရာသော်တာဆွေကို ကျွတ် ကျွတ်အိတ်နဲ့ အရက်ဝယ်ခဲ့ပြီး နောက်ဆုံးလက်ဆောင်အဖြစ် အခေါင်းထဲ ထည့်ပေးလိုက်တဲ့ သော် တာဆွေ့တပည့်တဦးလို အမှတ်တရလေး လုပ်လိုက်ချင်တာပါပဲ။

ဦးဇင်းအနေနဲ့လဲ ဆရာ ဆေးလိပ်ဖြတ်ချိန်မှာ တိုးတိုးတိတ်တိတ် ဆေးလိပ်ဝယ်ပေးရ တဲ့အ ကြိမ်ပေါင်း မနည်းတော့ပါ။ မတားရက်တော့ဘူးလေ။ ဆရာကြိုက်တာလေး သောက်ပါစေတော့ လို့ . . .

ဆရာကြီးရေ ... ဆရာကြီးဆုံးတာ ဒီဇန်န၀ါရီဆို တနှစ်ပြည့်မြောက်ခဲ့ပါပြီ။ ဆရာ့ကို အားလုံးက မ မေ့ နိုင်သေးဘူး။ “ဆရာကြီး ရှင်သန်နေတုန်း”ဆိုတဲ့ အသိက အားလုံးရင်ထဲမှာ ရှိနေတယ်။

ဆရာမြတ်နိုးတဲ့ စန္ဒယား၊ မယ်ဒိုလင်နဲ့ တယောအိုလေးဟာ ပိုင်ရှင်မဲ့မဲ့နဲ့ ငိုမဲ့မဲ့ဖြစ်နေတယ်ဆရာ . . .

ဆရာနှစ်သက်တဲ့ ဂီတနက်သန် ကိုစောညိမ်းရဲ့ “ ရေမြေဆုံးစေတော့ကွယ် ... ခင်ဖုန်းကိုတော့ တွေ့ အောင်ရှာမယ် . . . ရှာတော့မယ်” ဆိုတဲ့ သစ္စာသီချင်းလေးကို ကားပေါ်မှာဖွင့်ရင်း ဆရာနဲ့အတူ ထိုင်နေကြ Atlantic Blvd. လမ်းဘေးက စာမူရိုင်း လဘက်ရည်ဆိုင် သွားဖို့ ကားမောင်းနေတယ် ဆရာ။

အကယ်၍ ဆရာ လာနိုင်မယ်ဆိုရင် စားပွဲထိုးလေးတွေထံက ဆရာကြိုက်တဲ့ ဟောင်ကောင်တီးကို ကြိုတင်မှာထားရင်း ဆေးလိပ်ခွက်လေးတခွက်ကိုလည်း တောင်းထားလိုက်ပါ့မယ် ဆရာရယ်. . .









0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP